စားပွဲတွေကို ကန့်လန့် စီချထားတဲ့ အတွက် အလယ်အထိ ဘယ်သူမှ လက်လှမ်းမမှိကြပါဘူး ။ အလယ်တည့်တည့်က ဟင်းပုဂံကို နှိုက်စားချင်ရင် မတ်တပ်ရပ်ပြီး လှန်းကုန်းနှိုက်မှ မှီမှာပါ ။
ထမင်းစားဝိုင်းထိပ်က လူကြီး ရှိနေတော့ ဘယ်သူမှ အိန္ဒြေပျက်အောင် ထမယူစားရဲပါဖူး ။ ဒီတော့ ကျနော်တို့ စားချင်တဲ့ ဟင်းအကောင်းတွေကို လက်လှမ်းမမှီအောင် အလယ်တဲ့တဲ့ ချထားပါတယ် ။
အချိုပွဲလည်း ထိုနည်းလည်းကောင်းပါပဲ ဗျာ ။ အားလုံး စားသောက်ပြီးရင် လက်ကျန်ထဲက ကိုယ့်အဖွဲ့ စားကြဖို့ စိတ်တိုင်းကျ ဖယ်ထားပြီး မှ ကျန်တာကို သမဝါယမ အဖွဲ့ကို ပြန်ပေးလိုက်ပါတယ် ။
တနိုင်ငံလုံး ဖျံကြနေတဲ့ သမဝါယမ အဖွဲ့လည်း ကျနော်တို့ နဲ့ တွေ့တော့ အဲသလို ခေါင်းပုံ ဖြတ်ခံရတာပါ ပဲ ။
ကျနော်တို့ဟာ တောင်သူလယ်သမားနေ့ အတွက် သာမန်နဲ့ မတူတဲ့ အလှပြကွက်တွေ သီချင်းသစ်တွေ နဲ့ အားကြိုးမာန်တက် လေ့ကျင့်ကြပါတယ် ။
ပူးတွဲ ဖျော်ဖြေဖို့ ပန်းပွားအက အဖွဲ့လည်း ပါလာပါတယ် ။ ပန်းပွားအဖွဲ့ထဲက ခေါင်းဆောင်လုပ်ရတဲ့ ကောင်မလေးကလည်း အတော်လှတယ် ဗျ ။ နာမည်ကြီး ဦးချန်ထွန်း ဝပ်ရှော့က သူ့သမီး မေဦးခိုင် တဲ့ ။ တဖွဲ့လုံး အဲဒီကောင်မလေးကို ငမ်းကြတာပါ ပဲ ။
ကျနော်တို့ ဘင်ခရာဖွဲ့စည်းပုံကလည်း တိုးချဲ့ထားရပါတယ် ။ နှစ်ဖွဲ့စာ ဖြစ်သွားပါပြီ ဘင် နှစ်လုံး ၊ လင်ကွင်း နှစ်ချပ် ၊ ဆိုက်ဒရမ် ၈ လုံး ၊ ကျိုင်းက မယုနိုင်အပါအဝင် လေးဦး ဖြစ်သွားပါပြီ ။ ကျိုင်းကိုင်လေးဦးလုံး အချောတွေ ချည်းပါပဲ ။
ထူးထူးခြားခြား ကျိုင်းကိုင် လေးဦးမှာ သုံးဦးက အမှတ် (၁၄) သပြေပင်သူတွေ ချည်းပဲဗျ ။ မေသန်းဦး ၊ မဥမ္မာ တဲ့ နောက်တယောက်က အမှတ် (၉) ကန်ဦးသူ တင်မိုးမိုးခိုင် တဲ့ ။ ယောကျာ်းလေးတွေတော့ မမှတ်မိတော့ဘူး ဗျ မှတ်ဥာဏ်တွေ မကောင်းတော့ဖူးလေ ခွင့်လွှတ်ကြပါကွာ 😁😁😁😁။
အလှပြလေ့ကျင့်တော့ ခရုပတ်သဏ္ဍန် ကျင့်ရတာ လွယ်တယ် ။ နောက် တဖွဲ့ကနေ နှစ်ဖွဲ့ ခွဲထွက်ရတယ် ၊ ပြီးမှ တဖွဲ့တည်းဖြစ်အောင် ပြန်ပေါင်းကြရတယ် ။
တယောက်ခြားဆီ ခွဲထွက် ပြန်စုနဲ့ မလွယ်ဖူး ဗျ ။ အဲဒီမှာ မှတ်သားစရာ တွေ့ရတယ် ဗျ ။ နှစ်ဖွဲ့ ခွဲထွက်ပြီး ပြန်စုတဲ့ အချိန် မှာ ဘင်သမား နှစ်ယောက် စည်းချက် မတူတော့တာပါပဲ ။ ကျွမ်းကြင်ပြီးသားတွေပဲ ဘယ်လို မှားတယ် မသိကြပါဘူး ။
ပြန်ကျင့်တယ် ဘင်ကို ကျနော်ပြောင်းတီးတယ် မရဖူး မှားတာပဲ ။ ခြောက်ခါလောက် မှားပြီးတော့ ဥာဏ်ကောင်းတဲ့ ဆရာ ကိုအောင်ဝင်းက သိသွားပါတယ် ။ ဘင်သမား နှစ်ယောက် နားထဲကို ဂွမ်းစို့ပြီး တီးခိုင်းလိုက်တယ် ။
အဆင်ပြေတယ်ဗျာ ကွက်တိပဲ ။ ဖြစ်ပုံက နှစ်ဖွဲ့ကွဲသွားတော့ တဖွဲ့က ကျောင်းဆောင်နား အရောက် တဖက်က ဘင်သံက မူလသံထက် ပဲ့တင်သံကိုပဲ ကြားရတယ် ။ လူတွေက အကျင့်ပါနေတော့ ပဲ့တင်သံနဲ့ စည်းချက်ကိုက်အောင်း အနှေး အမြန် ချိန်တီးရင်း မှားကုန်ကြတာပဲ ။ နားဂွမ်းစို့တီးမှ ပဲ့တင်သံ မကြားရပဲ မှန်သွားတာပါ ။
ပုံမှန်ဆိုရင် ကျနော်တို့ မြို့နယ် လမ်းစဥ်လူငယ် ဘင်ခရာအဖွဲ့ဟာ လေမှုတ်တူရိယာ မပါကြဖူးဗျ ။ ဒါပေမယ့် ပွဲကြီးဖြစ်လို့ မြင်းခြံ မြို့မနဲ့ ဧရာလှိုင်းက လေမှုတ်တူရိယာသမားတွေကိုပါ ယူနီဖောင်း ဆင်ပေးပြီး အကူညီတောင်းရပါတယ် ။ သူတို့ကို ဘယ်ညာညီအောင် မနည်းသင်ပေးရပါတယ် ။
ကျနော်တို့လို လူငံတွေလည်း လေမှုတ်တူရိယာတွေ တဂီဂီ ကော်ကော် လျှေက်မှုတ်ကြည့်ကြတာပေါ့ ။ သိပ်တော့ မခက်လှပါဘူး ဗျာ ဒို ရေ မီ ဖာ က အတူတူကိုး ဗျ ။
ကျနော်က ဘင်ခရာ ပစ္စည်း အားလုံး ကျွမ်းကျွမ်းကျင်ကျင် တီးတတ် မှုတ်တတ်ပေမယ့် တမျိုးကတော့ လုံးဝ လှည့်မကြည့်ဖူး ။ ဘာလဲ ဆိုတော့ ဗျူကယ် လို့ခေါ်တဲ့ စစ်ခရာ မသင်ဘူး ။ ဘာလို့လဲ သိလား ။
ဗျူကယ်က အသံ ၃ မျိုးပဲ ပါတယ် ။ ဒို မီ ဆို ဆိုတဲ့ အသံသုံးမျိုးကို ခလုတ်မပါပဲ လေအားသက်သက် နဲ့ ကစားပြီး အားထည့် မှုတ်ရတယ် ။ လိပ်ခေါင်းထွက် ဘောကျ (ကန်တော့ပါရဲ့) နိုင်တဲ့ တူရိယာ ဗျ ။ ကျနော် အဲဒါကြောင့် မသင်ဖူး ။ အပျင်းကြီး ရေသာခိုတာ အဲဒါသာ ကြည့်ဗျာ ။
ကျနော်တို့ လေ့ကျင့်ရတာ အလွန်ပင်ပန်းပါတယ် ။ လူငယ်တွေမို့ ပင်ပန်းမှန်မသိ ဇွဲသန်သန် နဲ့ လေ့ကျင့်ရင် ညီညာလှပ လာကြပါပြီ ။ ယူနီဖောင်းတွေ တမျိုးပြီး တမျိုး ရောက်လာပါပြီ ။ အသစ်လေးတွေ ကိုင်ကြည့်ကြ ပျော်ရွှင်ကြနဲ့ လူတွေဟာ လေထဲ မြောက်နေတဲ့ အတိုင်း ရွှင်မြူးနေကြပါတယ် ။
သင်တန်းဆင်းတာ နဲ့ ကျနော်လည်း ပုံမှန် ရုံးကို ပြန်သွားပြီး အဲဒီမှာ ကိုမြင့်ဟန် တို့နဲ့ အတူအိပ်ကြပါတယ် ။ ဂျူတီရယ်လို့ မဟုတ်ပဲ လူပျိုတွေ ဖြစ်တဲ့ ကိုဖိုးချို ၊ ကိုဌေးဝင်း ကိုမြင့်ဟန်တို့ ပုံမှန်အိပ်ကြပြီး ပါတီလူကြီးရဲ့ တူ အမွှာညီအကို ကိုမျိုးရွှေ နဲ့ ကိုမျိုးဝေ တို့ လည်း လာတတ်ပါတယ် ။
ကိုမျိုးဝေက အေးတယ် ဗျ ။ ကိုမျိုးရွှေကတော့ လူရှုပ်ဗျာ ။ အင်မတန်ရီရပါတယ် အပြောလည်း ကောင်းတယ် ဗျ ။ သူတို့အဖေက တပ်ရင်းမှူးတဲ့ မနိုင်လို့ သူ့အကို ပါတီလူကြီးဆီ ပို့ထားတာတဲ့ ။ တပ်ရင်းမှူးတောင် လက်လန်တဲ့ အဆင့်ဆိုတော့ သူတို့ရဲ့ အဆိုးဒီဂရီကို မှန်းကြည့်တော့ ဗျာ ။
အဲဒီလူတွေ နဲ့ ပျော်နေရင်း ပျနော်လည်း ငယ်သူချင်း မောင်ကျော်ကို သတိရလာလို့ အိမ်ပြန်ဖြစ်ပါတယ် ။ နှစ်ယောက်သား လေကန်ရင်း ကျနော် သတိထားမိတာက မောင်ကျော် နဲ့ ကျနော်ဟာ လူမှုဝန်းကျင် ဆက်ဆံရေးမှာ အတော်လေး ကွာဟ သွားရပါပြီ ။
ဘာလို့ အဲလိုပြောရသလဲ ဆိုရင် အဖေ့ရဲ့ ကျေးဇူးနဲ့ ကျနော်က မြင်းခြံမြို့ရဲ့ ထိပ်ဆုံး အာဏာပိုင်တွေ နဲ့ ဒွေးရောယှက်တင် မကြောက်မရွံ့ နောက်ပြောက် ကျီဆယ်နေချိန်မှာ မောင်ကျော်ကတော့ တောကြက် တောငှက် အဆင့် နဲ့ ရပ်ကွက်ထဲက နယ်မြေမှူး (ရာအိမ်ခေါင်း) အဆင့်ကိုပဲ ကြောက်နေရသေးတဲ့ အနေအထားကြောင့်ပါပဲ ။
အာဏာဆိုတာ ဘာလဲလို့ ကျနော် အဲဒီနေ့က ကောင်းကောင်း သိလိုက်ရပါတယ် ။ မောင်ကျော်က မျက်နှာမကောင်းလို့ မေးကြည့်တော့ သူ့ကို ကောင်စီရုံးက ခေါ်ထားတယ်တဲ့ ရန်ဖြစ်လို့တဲ့ဗျ ။
ဖြစ်စဥ်မေးကြည့်တော့ သူက ရန်စခံရပြီး လက်မြန်တဲ့ကောင်ဆိုတော့ သူက အရင်ဆော်ပစ်ရော ။ အဲဒါ ဟိုဖက်က သွားတိုင်တော့ သူ့ကို နယ်မြေမှူးက ဟိန်းဟောက်ပြီး ခေါ်ထားလိုတဲ့ ။ သူနဲ့ ဖြစ်တဲ့ အိမ်က မှောင်ခိုကူးနေတဲ့ အိမ်ဆိုတော့ ငွေကြေးပြည့်စုံတယ်ပေါ့ ။
သူပြောတာ ကြားပြီး ကျနော် စိတ်မကောင်းဖူး ။ ဒီကောင် ရပ်ကွက်ကောင်စီရုံးကို ကြောက်နေတာလည်း မကြိုက်ဖူး ။ ဒါနဲ့..
"ဟေ့ကောင် ကြောက်မနေနဲ့ ငါလိုက် ရှင်းပေးမယ် ငါရှိတယ် သူငယ်ချင်း ''
"ဟာ..မင်းကလည်း ဘာတတ်နိုင်မှာ မို့လို့လဲ မင်းအဖေက ဆော်နေအုံးမယ် နေပါကွာ ''
သူထင်နေတာ ကျနော့်အဖေ လူကြီး အရှိန်နဲ့ လိုက်ပြောလို့ အဖေသိသွားရင် ကျနော် အရိုက်ခံရမှာကို စိုးရိမ်တာပါ ။
"နေစမ်းပါ ကွာ အဖေနဲ့ မဆိုင်ပါဘူး ငါလိုက်ခဲ့မယ် မင်း ဘာမှ ပူမနေ နဲ့ ''
အဲသလို ပြောလိုက်တော် ဒီကောင် အားရှိသွားပါတယ် ။ ငယ်ပေါင်းတွေ ဆိုတော့ ကျနော်မှာ ပိုင်ကွက်ရှိနေလို့ ပြောတယ် ဆိုတာ ဒီကောင်သိတယ် ဗျ ။ သူတွက်ထားသလိုပဲ ကျနော်ကလည်း ကောင်စီဥက္ကဌကို နိုင်ကွက် ကောင်းကောင်းရှိတယ် ဗျ ။
အဲဒါက ကောင်စီဥက္ကဌက သူ့ရဲ့ တူအရင်းကို ပါတီ တင်းပြည့်ဖြစ်အောင် လုပ်ပေးဖို့ ပါတီယူနစ်ရုံးကို ကုတ်ချောင်းချောင်းလေး လာဖူးတယ် ဗျ ။
ပါတီယူနစ် ရုံးကြီးက အဂ်လိပ်တွေ ဆောက်သွားတဲ့ ရှေးအဆောက်အဦးကြီး ဗျ ။ အခန်း ၄၀ ရှိပြီး သိပ်ကြီးကျယ် ခန့်ညားလှပါတယ် ။ မသိရင် လှေခါးကို မရှာတတ်ကြပါဖူး ။ အဟန့်ကောင်းတဲ့ ရုံးဆိုတော့ အဝင်အထွက် မလုပ်ဖူးရင် ကြောက်ကြတယ် ဗျ ။
ဥက္ကဌက ကုတ်ကုတ်လေးဝင်လာပြီး ကိုဖိုးချိုကို သူ့တူကိစ္စ အပူကပ်နေတာ ဗျ ။ ကိုဖိုးချိုက အပြင်လူဆိုရင် မျက်နှာထားအလွန်တည်ပါတယ် ။ ခပ်တည်တည်ကြီး ဟောက်နေတာ ဗျာ ။ ကျနော်လည်း မနေသာလို့ ဝင်သွားပြီး ဟေ့လူ ကိုချိုကြီး အဲဒါ ကျနော်တို့ ဥက္ကဌဗျ လို့ ဝင်ပြောပါတယ် ။
အဲဒီကျမှ ဥက္ကဌလည်း ဟာ ငါ့တူ မင်းက ဒီမှာလား ဘာညာ နဲ့ နှုတ်ဆက်တာပေါ့ ။ အဲဒါနဲ့ ကိုဖိုးချိုက ခပ်တည်တည်နဲ့ ပြောလိုက်တယ်
"ငါ့တူလေး လုပ်မနေနဲ့ အဲဒီကောင်က အခု ဥက္ကဌ ပီအေ နော် သူချွန်လို့ ပြုတ်သွားတဲ့ ဥက္ကဌတွေ အများကြီး ကြည့်ဆက်ဆံဗျ''
"ဟုတ်ကဲ့ ပါဗျာ ဝမ်းသာပါတယ် ''
အဲသလို ဇာတ်လမ်းရှိထားတယ် ဗျ ။ ဒါကြောင့် မောင်ကျော့်ကို စိတ်မပူနဲ့ ငါရှင်းပေးမယ်လို့ ကတိပေးလိုက်တာပါ ။
ညဖက်ရောက်တော့ ကောင်စီသွားကြတာပေါ့ ။ မောင်ကျော့်အဖေက နေခဲ့ပါဆိုတာ မရဖူး သူ့သားကို စိတ်မချလို့ အတင်းလိုက်လာပါတယ် ။ စိတ်မချတာလည်း မပြောနဲ့လေ ကျနော်ကလည်း ၁၇ နှစ်သားလောက် ရှိသေးတာကိုး ။
ရုံးခန်းရောက်တော့ ဥက္ကဌက ကျနော်မြင်သွားပြီး ပြာပြာသလဲ နှုတ်ဆက်ပါတယ် ။ ဘာကိစ္စရှိလို့ လာတာလဲ တဲ့ ။ ကျနော်ကလည်း ခပ်တည်တည်ပဲ ဘာမှ မဟုတ်ဖူး ခင်ဗျား အမှုအခင်း ဘယ်လို စစ်မလဲ ဆိုတာ လာကြည့်တာ ။ ဒါက ကျုပ်သူငယ်ချင်း မောင်ကျော် တဲ့ ကဲ အမှန်တိုင်း စစ်ပေတော့ ''
ဥက္ကဌလည်း မျက်စိမျက်နှာ ပျက်သွားပြီး အဖြစ်အပျက်တွေ မေးမြန်းပြီး နောက်နောင် အဲလို မဖြစ်စေရပါဘူး ဆိုပြီး နှစ်ဖက်လုံးကို လက်မှတ်ထိုးစေပြီး ပြန်လွှတ်လိုက်ပါတယ် ။ မောင်ကျော်တို့ သားအဖလည်း ဝမ်းသာနေလေ ရဲ့ ။
နောက်နေ့ကြတော့ မောင်ကျော့်ကို အဖြစ်စုံ ပြောပြလိုက်ပါတယ် ။ အဲဒါ သူလည်း ပါတီယူနစ်ရုံးထဲ လိုက်လည်ချင်လို့တဲ့ မရောက်ဖူးလို့ပါတဲ့ ။
ဟုတ်ပါတယ် အဆက်အစပ်မရှိရင် တသီးတခြား ဖြစ်နေတဲ့ ရုံးဝန်းကြီးထဲ ရောက်ဖို့ မလွယ်ပါဘူး ။ ဒါနဲ့ နောက်နေ့ ညနေကြမှ မောင်ကျော့်ကို ရုံးဆီသို့ အလည်ခေါ်လာခဲ့ပါတယ် ။
ရုံးထဲ လျှောက်ပြတော့ ဒီကောင် သဘောတွေကျနေလေရဲ့ ။ အထူးသဖြင့် ပေါ်လစ်ရောင် ဖိတ်ဖိတ်တောက်နေတဲ့ ဧည့်ခမ်းမကြီးထဲက ဆက်တီတွေကို အရမ်းသဘောကျနေလေရဲ့ ။
သူ့ကို ကိုမြင့်ဟန်က မုန့်တွေ နဲ့ အအေးတိုက်တော့ ပျော်နေလေရဲ့ ဗျာ ။ အဲဒါ ဝန်းအကျယ်ကြီးထဲ လျှောက်ကြည့်ရင်း စည်းရိုးဘေးက အုံ့မှုင်းနေတဲ့ အပင်ကြီးတွေက ပျားအုံတွေကို တွေ့သွားပြီး ကိုမြင့်ဟန်ဆီက ဒါးတောင်းပြီး ပျားအုံ လေးအုံ တက်ဖွပ်ပေးသွားတယ် ဗျာ ။
ဆေးဖော်ဖို့ ပျားရည်လိုချင်နေတဲ့ ကိုမြင့်ဟန်လည်း မောင်ကျော်ကို သဘောကျသွားပါတယ် ။ ပျားရည် သုံးပုလင်းလောက်ရတာ မောင်ကျော်ကို ပေးတော့ မယူပါဘူး ။ ကိုမြင့်ဟန်က မုန့်ဖိုးပေးတာတောင် မယူဖူး ဗျ ။ ကျနော့်ကိုသာ ဂရုစိုက်ပြီး သင်ကြားပေးပါတဲ့ မှာရှာတယ် ဗျာ ။
မှောင်လာတော့မှ ပြန်ပို့ဖြစ်ပါတယ် ။ ဟေ့ကောင် မူယာ နဲ့ အခြေအနေ ဘယ်လိုလဲ ဆိုတော့ မဟန်ဖူးတဲ့ သူလည်း နောက်ထပ် အတိုင်ခံရမှာ စိုးလို့ လိုက်မပြောရဲတော့ဖူး တဲ့ ။ သူတို့ခြင်းက လမ်းခြားနေတဲ့ အရှေ့ဖက် အနောက်ဖက် ကပ်ရပ်အိမ်နီးခြင်း ဗျ ။ ကျနော်က မောင်ကျော်တို့ အရှေ့ဖက် တအိမ်ကျော်မှာပါ ။
မတ်လ ၂ ရက်နေ့ကလည်း တဖြေးဖြေး နီးလာချေပြီ ။ ပျော်ပွဲ ရွှင်ပွဲ အတွက် ကွင်းပြင်ကြီးကိုလည်း မြင်းခြံအကျဥ်းထောင်ပိုင် လယ်မြေထဲမှာ (ယခု ဘိုးဘွားရိပ်သာ အရှေ့ဖက်) အပြောင်ရှင်းပြီးပါပြီ ။ ခန်းနားလှတဲ့ စတိတ်ခုံကြီး ထိုးပြီးပါပြီ ။
ပျော်ပွဲ ရွှင်ပွဲ အဖြစ် နာမည်ကြီး အဆိုတော်တွေ အများကြီးပါတဲ့ စတိတ်ရှိုးလည်း ပါဝင်ပါတယ် ။ အခမဲ့တော့ မဟုတ်ပါဘူး ၊ ရုံသွင်းပြီး ဖျော်ဖြေမှာပါ လက်မှတ်ခက ရှေ့ဆုံးတန်းက စျေးအမြင့်ဆုံး ၂၅ ကျပ်တန်းဖြစ်ပါတယ် ။
အဲဒီစတိတ်ရှိုး နဲ့ လမ်းစဥ်လူငယ် ရံပုံငွေ အတွက် စက်ဘီးအပ်ခံဖို့ စီစဥ်ကြပါတယ် ။ စတိတ်ရှိုးပွဲ နဲ့ ပတ်သက်ပြီး မျက်နှာရဖို့ အကြောင်းကြုံလာပြီး ငွေကြေးကဏ္ဍလေးပါ အကြံအဖန် ရဖို့ ကံပေးလာပါတယ် ။
အဲဒီစတိတ်ရှိုးကို တာဝန်ယူကြီးကြပ်ရမယ့်သူက........
မျိုးဝင်း
No comments:
Post a Comment