Tuesday, July 6, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (25)


          အရေးကြီးတဲ့ နေရာက အိမ်သာပါပဲ ။ ရုံးထဲမှာ အထူးဧည့်သည်တွေ လာရင် သုံးဖို့ တလုံးသီးသန့် နဲ့  ဥက္ကဌ ၊ အတွင်းရေးမှူး သီးသန့် သုံးရတဲ့ တလုံး ဆိုပြီး ခွဲထားပါတယ် ။

..       ထူးခြားချက်က အဲဒီ သီးသန့် အိမ်သာ ၂ လုံး ထဲမှာ ပျားအုံအကြီးကြီး နှစ်ခုဟာ အိမ်သာရဲ့ အရှေ့မြောက် ထောင့် ခါးလည်က သစ်သားတန်းကြီးမှာ အရွယ်တူ ပုံစံတူ လာစွဲ နေတာပါပဲ ။ ပါတီယူနစ် ရုံးထဲမှာ ပြောနေကြတာက အဲလို ဖြစ်လာရင် နေရာအပြောင်း အလဲ သေချာပေါက် ဖြစ်လာမယ့် နမိတ်တွေလို့ ဆိုကြပါတယ် ။ 

          နောက်ထပ် သောကြာကြယ် နဲ့ လနဲ့ နီးတညတို့ ၊ ဝါးပင်တွေက ဝါးပွင့်တွေ ပွင့်ပြီး သီးတာတို့ ဖြစ်နေပါပြီ ။ ဒါနဲ့ အဲဒီ နမိတ် မကောင်းဘူး ဆိုပြီး အိမ်သာတွေကို ဖျက်သယ်ပြီး မီးရှို့ဖို့ စီစဥ်ပါတယ် ။ 

        ပထမဆုံး မှောင်လာချိန် မှာ ပျားတွေကို မီးခိုး နဲ့ ထွက်ပြေးအောင် လုပ်ပါတယ် ။ ညမို့လို့ ပျားတွေဟာ မှိုင်းဒဏ်ကြောင့် မူးဝေပြီး ပြုတ်သာကျတယ် ပျံထွက် မပြေး​ကြပါဖူး ။ ဒါနဲ့  မနက်လင်းမှ မှိုင်းထပ်တိုက်ရပါတယ် ။ ဒီတော့မှ ပျံပြေးကြပါတယ် ။ 

       နောက်ပြီးမှ အိမ်သာတွေကို ဖျက်ပြီး ထွေလာကြီး နဲ့ ဘက်စုံခြံ အရှေ့ဖက် မှာ မီးရှို့ ပစ်ကြရပါတယ် ။ အဲဒါတွေ လုပ်ပြီးတော့ ကျနော်လည်း ရပ်ကွက်ထဲ ပြန်လာပါတယ် ။ 

      ရက်ကွက်ထဲမှာ ပြောင်းလဲစ ပြုနေတဲ့ သူငယ်ချင်းတွေကို မြင်ရပါတယ် ။ မောင်ကျော်က သောက်စားတတ်နေပါပြီ ။ သန့်ဇင် နဲ့  စန်းလွင်က ကြက်သမားပေါက်စတွေ ဖြစ်နေပါပြီ ။ 

          အိမ်ရောက်ပြီး နောက်နေ့မှာပဲ သန့်ဇင် နဲ့  စန်းလွင်တို့ ရောက်လာပြီး ရောက်တတ်ရာရာ ပြောနေကြပါတယ် ။ ကြက်သမားတွေဆိုတော့ ကြက်အကြောင်းပေါ့ ဗျာ ။ ပြောရင်းနဲ့ အားပါလာပြီး.....

"ဟေ့ ကောင် အခု ငါတို့ ကြက်က တွန်သံကိုက အရမ်းမာန်ပါတာက ပေခုံပေါ် တူနဲ့ ထုတဲ့ အသံ မျိုး ''

"ဟမ်..ဒါဆို မင်းတို့ ကြက်က အောက် အီး  အီး..တိန်  လို့ တွန်တာပေါ့ ''

"ဟာ လုပ်ပြီ အောက်အီးအီးတိန် လို့ တွန်မလားကွ အသံက စူးရှအောင်မြင်တာကို ပြောတာ မနက်ဖြန် ကွမ်းစိုက် မှာ ကြက်သွားတိုက်မယ် မင်းလိုက်ခဲ့ အုံး ''

"ဝါသနာ မပါ ပါဘူး ကွာ မလိုက်ချင်ဖူး ''

"မင်းလိုက်မှ မင်းစက်ဘီး နဲ့ မောင်ကျော် လိုက်လို့ ရမှာ ကွ သူက စက်ဘီး မရှိဖူး ''

"ယူသွားလေ ကွာ ငါဘယ်မှ မသွားဖူး သွားချင်လည်း ဖိုးဌေးနဲ့ သွားမှာ ပေါ့ ''

          မရပါဖူးဗျာ မောင်ကျော်ကပါ ဇွတ်ခေါ်လို့ လိုက်သွားရပါတယ် ။ ကြက်တိုက်တာ တခါမှ မကြည့်ဖူးပါဘူး ။ လောင်းကြေးကလည်း လက်ရင်းတွေကော လက့ဖျားတွေကော ရှုပ်နေတာပဲ ။

       ကြက်ခြင်း ခွပ်ကြတော့လည်း မြေကြီး နဲ့ ပါးနဲ့ ကပ်ပြီး ကြက်ရဲ့ ခြေထောက်အသွားအလာ ကြည့်ရတာကိုးဗျ ။ ဒီအတိုင်းရပ်ကြည့်နေတဲ့ ကျနော်ကတော့ ဗြုန်းဆို ခွပ်လိုက် ဖုန်ထလိုက်ပဲ တွေ့ရပါတယ် ။ 

         အဲဒါ တိုက်လိုက် ကုလိုက် နဲ့ သန့်ဇင်တို့ ကြက်ကြီးက အခြေအနေ မကောင်းတော့ဖူး ။ ခေါင်းကြီးက ယောင်ကိုင်းပြီး မျက်နှာကြီးက အကြီးကြီး ဖြစ်နေပြီ ။ ကျနော်က သနားလို့ ဟေ့ကောင်တွေ တော်ပါတော့ကွာ သနားပါတယ် အရှုံးပေးလိုက်တော့ ဆိုပြီး တားပါတယ် ။ 

       ကြွေ တလှည့် ကြက်တခုန် ကွ ငါ့ကြက်က အသဲကောင်းတယ် ချအုံးမယ် တဲ့ ။ ဟုတ်တော့ ဟုတ်တယ်ဗျို့ သန့်ဇင်ကြက်ကြီးက မျက်နှာဇိုးကြီးနဲ့ ပေကပ် ခွပ်နေတာပဲ ဗျ ။ တဖက်က ကြက်ကလည်း ခွပ်လိုက် နားလိုက် လုပ်နေတယ် ၊ သန့်ဇင်ကြက်ကြီးက ထုံပေနဲ့ ကြည့်နေတာပဲ ။ 

        နိုင်နေတဲ့ကြက်က သန့်ဇင်ကြက်ရဲ့ ဖူးယောင် ဖောင်းကြွနေတဲ့ မျက်နှာကြည့်ပြီး ကြောက်သွားပုံပဲ ဗျာ ကတော့ ဆို တချက် အော်ပြီး ထွက်ပြေးတော့တာပဲ ဗျို့ ။ သန့်ဇင်တို့ဆို အော်လိုက်ကြတာ ဗျာ ကျနော်တောင် လန့်သွားတယ် ။ ဟုတ်တာပေါ့ ရှုံးပြီဆိုပြီး စိတ်လုံးလုံးလျှော့ထားကြတာ မထင်ပဲ နိုင်သွားတာကိုး ဗျ ။

       အင်း စွမ်းရည် မရှိပေမယ့် မကြောက်မရွံ့ ဇွဲရှိသူကို စွမ်းရည် ရှိပေမယ့် သတ္တိနည်းသူက အရှုံးပေးသွားရတာ သံဝေဂ ယူစရာပါပဲဗျာ ။ 

           တိုင်းပြည်ကသာ ဗရုတ်ဗရက် ဖြစ်စပြုနေတာ ဗျ အပျော်အပါး ပွဲတွေကတော့ ရှိနေတုန်းပါပဲ ။ ပြည်ထောင်စုပွဲကြီး ပြီးသွားတော့ တလ အကြာမှာ သကြ်န်အတွက် ပြင်ဆင်ကြတာပါပဲ ။ သကြ်န်က ကျနော်တို့ မြို့မှာ ရပ်ကွက် တခုကို မဏ္ဍပ်တခု ယိမ်းတဖွဲ့ နဲ့ မဖြစ်မနေ ပြိုင်ပွဲ လုပ်ပေးကြရပါတယ် ။ 

         အဲဒီတုန်းက ရပ်ကွက် ၁၉ ခု နဲ့ ဌာနဆိုင်ရာ ယိမ်းအဖွဲ့တွေ နဲ့ ဆိုရင် ၂၅ ဖွဲ့လောက် ရှိပါမယ် ။ မြန်မာ့ဆိုင်းတွေ နဲ့ ပြိုင်ကြရတော့ ကိုယ့်မြို့က ရှိသမျှဆိုင်း အကုန် အငှားလိုက်ရတဲ့ အပြင် ကျောက်ပတောင်း ၊ မန္တလေး အထိ လိုက်ငှားကြရပါတယ် ။ 

        ရပ်ကွက်ကိုယ်စားပြု သီချင်းအသစ် ၊ ကကွက်အသစ်တွေ နဲ့ လေ့ကျင့်ကြရပါတယ် ။ မြို့နယ်အသင်းက မန္တလေးကို တက်ပြိုင်ရပါတယ် ။ လေ့ကျင့်တဲ့ နေရာမှာ မိမိရပ်ကွက်ရဲ့ သီးချင်း ကကွက်တွေကို အပြင်လူ မသိရအောင် လူစိမ်း အလာမခံဘူးဗျ ။ 

        နာမည်ကြီး ဆုရနေကြရပ်ကွက်ကတော့ အမှတ် ၁၄ သပြေပင် ရပ်ကွက် နဲ့  အမှတ် ၁၃ က အပြိုင်အဆိုင်ပဲ ။ အမှတ် ၁၄ ယိမ်းကတော့ ပါလေရာ မယုယုနိုင် ၊ မေသန်းဦး ၊ မဥမ္မာတို့ အဓိကပေါ့ ။ 

       အမှတ် ၁၃ ကတော့ ကိုမြင့်ဟန် ၊ ကိုကျားကြီးတို့ ရပ်ကွက် ပေါ့ ။ အမှတ် ၁၃ အက မဏ္ဍပ်က အခု မြင်းခြံ နာရီစင် အရှေ့ဖက် လမ်းဆုံ မှာပါ ။ ကိုမြင့်ဟန်က သကြ်န်သီးချင်းတွေ အကုန်ရနေတဲ့ ကျနော်နဲ့ ခင်မောင်ဆွေ ဆိုတဲ့ သူငယ်ချင်းကို အမှတ် ၁၃ မဏ္ဍပ်မှာ ခေါ်ထားပါတယ် ။ 

       ကျနော်တို့ ရပ်ကွက်ကတော့ အိမ်ဖြည့် အဆင့်ပါပဲ ။ ဒါလည်း အားပေးနေကြတာပါပဲ ။ ညတိုင်း မဏ္ဍပ်ပေါင်းစုံကို လည်ပတ်ပြီး လျှောက်ပွေရတဲ့ အရသာဟာ မြင်းခြံသကြ်န်သမိုင်းမှာ အလွန်လှပ ခမ်းနားခဲ့ဖူးပါတယ် ။ 

         နာမည်ကြီး အမှတ် ၁၃ ရပ်ကွက် မဏ္ဍပ်ရဲ့ စင်ပေါ်မှာ ကျနော်တို့ ရောက်နေတာ သိသွားတဲ့ မယုယုနိုင်တို့ သုံးယောက်က နှုတ်ခမ်းတလန် ပန်းတလန် နဲ့ ရန်တွေ့ပါတယ် ။ ကိုယ့်ရပ်ကွက် မဟုတ်ပဲ သူတို့ ရန်သူ ရပ်ကွက်ကို အားပေးနေလို့ တဲ့ လေ ။

            ငပွေကြီးတွေ ဖြစ်တဲ့ သောင်းတန်ညွှန့် တို့ လူရှုပ်တွေကို ကယ်ခဲ့ဖူးသေးတယ် ။ ဂျစ်ကားလေးနဲ့ မဏ္ဍပ်တိုင်းသွားပြီး မူးရူးသောင်းကျန်းနေကြတာလေ ။ တိုက်တိုက်ဆိုင်ဆိုင် အမှတ် ၁၃ မဏ္ဍပ်ရှေ့ကြတော့ သူတို့ထက် မူးနေတဲ့ လူတွေ နဲ့ ပြဿနာ ဖြစ်ကြပါတယ် ။ 

        သောင်းတန်ညွှန့်တို့က ဂျစ်ကားနဲ့ ဆိုတော့ လူအုပ်ထဲအတင်းမောင်းမရတော့ လုံခြုံရေးတွေ နဲ့ မိပါရော ။ ကြောက်တော့ မကြောက်ဖူးဗျ ခပ်တင်းတင်းပဲ သူတို့မမှားကြောင်း ပြန်ပြောနေကြတာ ။ 

      နောက်ဆုံး အမှတ် ၁၃ ကောင်စီရုံးထဲ ခေါ်သွားပါတယ် ။ ကျနော်လည်း ကိုမြင့်ဟန်ကို ကျနော့် ကျောင်းနေဖက် တခန်းတည်း ငယ်သူငယ်ချင်းတွေ ဖြစ်ကြောင်း ပြဿနာ မကြီးအောင် ကူညီပေးပါအုံး ပြောရတာပေါ့ ။ 

       ကိုမြင့်ဟန်က ချက်ခြင်း ရပ်ကွက် ကောင်စီရုံးကို ကျနော့်ပါ ခေါ်သွားပြီး အာမခံပေးပါတယ် ။ ဟိုငတိတွေ မျက်လုံးလေးတွေ ကလည် ကလည် နဲ့ လေ ။ အဆင်ပြေပြီ ဆိုမှ ပြန်ထွက်လာတော့ ကိုမြင့်ဟန်ကို...

"ကျနော်တို့ကို ကူညီတာ ကျေးဇူးပါဗျာ ''

"ငါ့ မတင်နဲ့ ကိုကြီးညိုသား ကျေးဇူးတင် သူက ငယ်သူချင်းတွေကို ကူညီပေးပါဆိုလို့ ငါကူညီတာ နောက်တခါ မဖြစ်စေကြနဲ့ ''

"ဟုတ် ပြန်တော့မှာပါ ဗျာ စိတ်ချပါ..... ဟေ့ကောင် ဂျပု မင်းက ဘယ်လို သိတာလဲ ကွ ''

"မင်းတို့ဆရာကြီးက စတိတ်ခုံပေါ်ကနေ တပည့်ကြီးတွေကို ကြည့်နေတာ ဗျာ ''

"ဟာ မဖြီးနဲ့ မမြင်ပါဖူး ကွာ ''

"ဘယ်မြင်မလဲ နှာဗူးတွေကိုး ယိမ်းသမလေးတွေပဲ ဗူးထကြည့်နေတာကိုး ဟ.''

"လုပ်ပြီ ဂျပုကတော့ ကဲ ကျေးဇူးတကယ်တင်ပါတယ် ကွာ မဟုတ်ရင် ရဲစခန်းထိ ရှင်းရတော့မှာ ''

"အေးကွာ ဒီလိုမှန်းသိရင် လိုက်မပြောပေးပါဘူး သကြ်န်တွင်း အချုပ်ထဲရောက်နေရင် သကြ်န်သန့်သွားမှာ ကွ''

"အင်းးးဖောက်လာပြီ ပြန်တော့မယ်ကွာ မင်းလိုက်ခဲ့မလား ''

"မလိုက်သေးပါဖူး ကွာ စက်ဘီးပါ ပါတယ် ပြန်ကြတော့ ''

          အဲသလို ဘော်ဒါတွေပါဆိုဗျာ ။ ဗရုတ်သုတ်ခတွေချည်းပါပဲ ။ သကြ်န်ရက်တွေ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြရလို သကြ်န်ပြီးသွားတော့လည်း လူ့သဘော လူ့အမြင်ကို ထင်ဟပ်စေတဲ့ ကိစ္စလေး တခု ကြုံရပါသေးတယ် ။

          အဲဒါကတော့ ကြက်သမား သန့်ဇင်ရယ် ၊ မောင်ကျော်ရယ် ၊ ကျနော်ရယ် သုံးယောက်သား တောင်သာမြို့ကို ကိစ္စတခုနဲ့ သွားကြပါတယ် ။ ၁၅ မိုင်လောက် ဝေးပါတယ် ။ အပြန်​ကြတော့ မြင်းခြံပြန်ဖို့ ကားဂိတ်ဇရပ်ပေါ်က ကားစောင့်နေရပါတယ် ။ 

       ခဏနေတော့ TE 11 ကားကြီး တစီး ရောက်လာပြီး ဇရပ်နား ရပ်ကာ ကွမ်းဝင်ဝယ်ပါတယ် ။ ကားခေါင်းကပ်ခြံပေါ်မှာ ကြက်ခြင်းကြီး တခြင်းပါလာပြီး တိုက်ကြက်ကြီးလည်း မြင်နေရပါတယ် ။ ကားခေါင်းထဲမှာလည်း သန့်သန့်ပျံ့ပျံ သပ်သပ်ရပ်ရပ် ကောင်မလေး ခပ်ငယ်ငယ် တယောက်ထိုင်နေပါတယ် ။ သန့်ဇင်က....

"ကြည့်စမ်း ကွာ လှလိုက်တဲ့ ကြက် ''

"ဟာ..အဲဒါ ကြက်မဟုတ်လောက် ပါဖူးကွာ ငယ်ငယ်သန့်သန့် လေးပါ ''

  (မောင်ကျော်က ဝင်ငြင်းတာပါ)

      သူတို့ နှစ်ယောက် စကားကြားပြီး ကျနော်က သဘောပေါက်တော့ ရီမိပါတယ် ။ ဘာလို့ ရီတာလည်းတဲ့ ။

'' မင်းတို့ နှစ်ယောက်က ကိုယ် သန်ရာသန်ရာ ကြည့်ပြီး ဝေဖန်နေကြတာလေကွာ ၊ သန့်ဇင်က သူ့ဝါသနာအတိုင်း ကားခေါင်မိုးပေါ်က တိုက်ကြက်ပဲ မြင်နေတယ် မောင်ကျော်က ဖွန်ကြောင်ဆိုတော့ ကားခေါင်းထဲက ကောင်မလေးပဲ မြင်နေတယ် လေ အဲဒါကြောင့် ကြက်မဟုတ်ပါဘူး လို့ ကယောင်ကတမ်း ထငြင်းတာကို ရီတာကွ ''

      အဲလိုပြောမှ နှစ်ယောက်သား အရှက်ပြေ တဟီးဟီး ရီနေကြလေ ရဲ့ ။ 

         ဒီလိုကာလတွေမှာ နိုင်ငံရေး ပွတ်တိုက်မှုတွေ များလာပါပြီ ။ ဖုန်းမော်အရေးအခင်းတွေ ဦးအောင်ကြီးရဲ့ အိတ်ဖွင့်ပေးစာတွေ ဖြစ်လာနေပါပြီ ။ 

       မဆလ ပါတီရဲ့ အရေးပေါ် ညီလာခံကို ခေါ်ယူကျင်းပနေရပါပြီ ။ ရန်ကုန်မှာလည်း ကျောင်းသားတွေ လက်ကိုင်ပုဝါကို မျက်နှာမှာ စီးအုပ်ပြီး အစိုးရ ဆန့်ကျင်ရေး ဟောပြောလာကြပါပြီ ။ အဲဒါတွေကြောင့် ကျောင်းတွေလည်း ပိတ်လိုက်ကြပါပြီ ။ 

       ရန်ကုန်က ပြဿနာဟာ မန္တလေးကို ကူးစက်သွားပါပြီ ။ သပိတ်မှောက်မှုတွေ စတင်လာပါပြီ ။ အဲဒီ အချိန်မှာ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ ဘယ်သူမှ မျက်နှာ ပုဝါမစီးပဲ စင်ပေါ် မတက်ရဲသေးပါဖူး ။ 

       အဲဒီကာလမှာပဲ အံ့သြစရာ ကောင်းတဲ့ ညွှန်ကြားချက်တခု ပါတီဗဟိုကနေ ထုတ်ပြန်လိုက်ပါတယ် ။ ညွှန်ကြားချက်က ဘာလဲဆိုတော့..........?

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...