Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (5)



         ဆရာမ ၄ ယောက်က ကျနော်ကို နားရွက်ဆွဲပြီး ခေါ်သွားပါတယ် ။ ပထမဆုံး A ခန်းထဲ ဝင်ရပါတယ် ။ ဘလက်ဘုတ် ရှေ့မှာ လက်လေးပိုက်ပြီး နေရပါတယ် ။ တစိမ်းခန်းဆိုတော့ ခေါင်းငုံ့နေရပေါ့ လေ ။

        ၈ တန်း တန်းပိုင် ဆရာမက နားထင်က အမွှေးဆွဲမြှောက်တော့ ခြေဖျားထောက်ပြီး ခေါင်းမော့ရတာပေါ့ ဗျာ ။ ဆရာမ ဒေါ်ဘေဘီက ကျနော့် လျှောက်လွှာကို ကျကျနန ဖတ်ပြတယ် ။ နောက်ပြီး သူ့ကို သိလားဆိုပြီး မေးပါတယ် ။ လူဟောင်းတွေကတော့ သိပါတယ် ပေါ့  မျောက်ရှုံးကိုး ဗျ ။

    " အေး ခုနက ဖတ်ပြတာ ဒီကောင်ရေးထားတဲ့ လျှောက်လွှာ တကမ်းတန်းကျတော့ သူက လိမ်ပြီး ရေးထားတာ မင်းတို့လဲ သူ့လို လိမ်ပြီး လျှောက်လွှာမတင်ကြနဲ့ တကယ်မတတ်နိုင်တဲ့ ရပါစေ "

       အဲသလို အခန်းစေ့ လိုက်ပြောတာ ဗျာ ။ ပြီးတော့ ဆရာ နားနေခန်းခေါ်ပြီး ဆုံးမပါတယ် ။ တကယ်မရှိဆင်းရဲတဲ့ ကျောင်းသားတွေ ရှိကြောင်း သူတို့ အခွင့်အရေးကို မတရားရယူချင်တာ မကောင်းကြောင်း ဆုံးမကြပါတယ် ။ 

      ကျနော်လည်း ဆရာမတွေ အဲလို ဆုံးမမှပဲ နားလည်သွားပါတော့တယ် ။ မူလတုန်းက အစိုးရက ပေးတာပဲ ဘယ်သူမှ နစ်နာမယ် မထင်ဘူးလေ ။ ရင်ထဲမှာ တကယ်မကောင်းပဲ နောင်တရမိလို့ ဆရာမတွေကို တောင်းပန်မိပါတယ် ။ ကျနော့်ကို ဆုံးမတာကိုလည်း တကယ် ကျေးဇူးခဲ့မိပါတယ် ။

          ကျနော့်ကိုလည်း အလက ကျောင်းတွေက ပြောင်းလာတဲ့ ကျောင်းသားတွေက အစ အားလုံး သိသွားပါတော့တယ် ။ ဘာတခု ကောင်းလဲဆိုတော့ အတန်းထဲ စာမေးရင် ဒီပြင်လူ မေးချင်မှ မေးမယ် ကိုယ်ကတော့ အမေးခံရတာပဲ ။ လူဆိုးစာရင်းဝင် ဖြစ်သွားပြီလေ ။ 

         ကျနော်ပြောခဲ့တဲ့ နှစ်ကျကျောင်းသားကြီးတွေ ဖြစ်တဲ့ ကိုမော်ကြီး ၊ ကိုသက်တူး နဲ့ သောင်းတန်ညွှန့်တို့က နာမည်ကြီးတွေ ဗျ ။  အားကစားထူးချွန်တာရော ချမ်းသာတာရော ပေါ့လေ ။ မဆလခေတ်က ဂျစ်ကားမောင်းပြီး ကျောင်းတက်တဲ့ အဆင့် ဆိုတော့ စဥ်းစားကြည့်ပေါ့ ။ 

       ကျနော်မှတ်မိတဲ့ ရီစရာတခု ရေးဖူးပါတယ် ။ အခုပြန်ရေးပါမယ် ဗျာ တကယ့်အဖြစ်ဆိုတော့ ဆက်စပ်နေတာကိုး ။ မြင်းခြံမြို့ရဲ့  မြောက်ဖက်မှာ အနီးဆုံး ရွာက ဂေါင်းကွဲ  အနိမ့် ဆိုတဲ့ ရွာ ၂ ရွာ ရှိပါတယ် ။ ဂေါင်းကွဲ နတ်ပွဲက နာမည်ကြီးဗျ ။

       အဲဒီရွာက သူငယ်ချင်း အသစ်တွေက အတင်းလည်ခေါ်တော့ လိုက်သွားကြပါတယ် ။ သူတို့ ဦးကြီးက နတ်ပွဲတီးတဲ့ ဆိုင်းဆရာ ခေါင်းဆောင် ဗျ ။ အဲဒါ ဆိုင်းထဲက ကြေးနောင်ဝိုင်းတီးတဲ့ မောင်းဆရာက ဖျားနေလို့ မတီးနိုင်ဖူးတဲ့ ပွဲက အချိန်နီးနေမှ လာပြောတယ် ။ 

     အဲဒီမှာပဲ အရေးပေါ် မောင်းဆရာ ရှာကြပါ ဟ ဖြစ်နေရော ။ ဂေါင်းကွဲမီးသတ်ခေါင်းဆောင် အသားမဲမဲနဲ့ ကိုမြင့်နိုင်ဆိုတဲ့လူက ချောင်းဒေါင်းမြောက်ရွာမှာ မောင်းတီးတဲ့သူရှိတယ် သူသိတယ် ဆိုပြီး ရှားရှားပါးပါး ဆိုင်ကယ်လေးနဲ့ သွားခေါ်တယ် ဗျ ။ 

        မကြာဖူးဗျ ကုပ်ချောင်းချောင်း နဲ့ လူတယောက်ပါလာတယ် ။ ဆိုင်းဆရာက 

"ခင်ဗျားက မောင်းဆရာလား" 

" ဟုတ်ကဲ့''
 
"တီးတာကြာပြီလား" 

" ကြာပေါ့ဗျာ ကျပ်ရွာမှာ ကျုပ်တယောက်တည်း တီးနေတာပါ " 

"ဒါဆို ကောင်းပြီ ထမင်းစားအုံး ခဏနေ တီးရတော့မှာ "

       မောင်းဆရာလည်း စားဖွယ်အစုံကို အသားကုန် တုတ်တာပဲပေါ့ ဗျာ ။ စားသောက်ပြီးတော့ ကဲ သွားကြစို့ ဆိုပြီး နတ်နန်းကို ထွက်ခဲ့ကြတာပေါ့  ။ ကျနော်တို့လဲ ကပ်လိုက်သွားပါတယ် ။ ဆိုင်းဝိုင်းထဲလဲ ရောက်ကော ချောင်းဒေါင်းက မောင်းဆရာကို ဂေါင်းကွဲဆိုင်းဆရာက 

"ကိုင်း မောင်းသံညှိတော့ထားတာပဲ ပြန်စစ်အုံး ပြင်ခြင်ရင် ဒီမှာပတ်စာ "

(မောင်းက မောင်းဖုအထဲက ခွက်ကလေးထဲမှာ ပတ်စာကပ်ပြီး အသံညှိရပါတယ်)

"ဟင် ကျနော်တီးရမှာ ဒီမောင်းလား ဗျ "

"အေးလေ ကွာ ဘာဖြစ်လို့ လဲ "

"ဟာ   ကျနော်က ဒီမောင်း မတီးတတ်ဖူးဗျ"

"ဟေ ဒါဆို မင်းက နှစ်ရှည်လများ တီးလာတာဆို ဘာမောင်းတီးတာ လဲကွ"

"ကျနော်က သူကြီးအိမ်က ဒူ ဟူ ဟူ  ဆိုတဲ့ မောင်းပဲ တီးလာရတာ ဗျ "

"ဟာကွာ သေရော ဟေ့    ဟေ့ကောင် မြင့်နိုင်   မြင့်နိုင်  လာအုံးဟ   မင်းခေါ်လာတဲ့  ဒူဟူဟူ ဆိုတဲ့ မောင်းဆရာကို  အူတူတူ နဲ့ ခေါ်လာတဲ့ကောင် ပြန်ပို့လိုက်အုံး ဟ "

       နဂိုက အရီသန်တဲ့ ကျနော်ကတော့ ဗိုက်ကျောတွေ အောင့်နေအောင် ရီလိုက်ရတာ ဗျာ ။ ခုထိတွေးမိတိုင်း ပြုံးမိတဲ့ ဖြစ်ရပ်မှန် ဟာသတွေပေါ့ ဗျာ ။ 

        ၉ တန်းကျောင်းသား ဖြစ်နေတဲ့ ကျနော်က အရင်လို ဆော့တုန်းပဲ ဗျ ။ ဘင်ခရာ တီးမှုတ်ဖို့  ရှိပြီဆိုရင် ဖိတ်စာနဲ့ ခေါ်တာ ဗျ ။ သူကလည်း ပွဲ အခြေအနေကြည့်ပြီး လူ ၅၀ သွားရမယ် ။ ၁၀၀ သွားရမယ် ဆိုရင် အလှည့်ကျခေါ်တာဗျ ။ 

        ဒါပေမယ့် ကျနော်ကတော့ ပွဲတိုင်းလိုလို ပါလေ့ရှိပါတယ် ။ သီချင်းနုတ်တွေ အလွတ်ရတာရယ် အဓိက ကျတာ အဖေ့မျက်နှာရယ်ကြောင့်ပေါ့ ဗျာ ။ 

     အတွင်းရေးမှူး ကိုအောင်မြင့်ဆိုတာ အကြောင်းမသိရင် ခပ်တည်တည် ပဲ ဗျ ။ နဖူးကပြောင်ပြောင် နဲ့ ရုပ်တည်ကြီးနဲ့ နေတာ ။ တွဲဖက် ဒေါ်စန်းစန်းယုကတော့ အမြဲပြုံးချိုနေတာပဲ ဗျ ။ အသားဖြူဖြူ ရုပ်ရည် အင်မတန် သန့်ပြန့်တဲ့ မိသားစုပါဗျာ ။ သဘောလည်း အလွန်ကောင်းပါတယ် ။ 

       ကိုအောင်မြင့်က လေးအိမ်တန်းရွာက ဗျ ။ အဲဒီတုန်းက လူပျိုကြီးပေါ့ သူက ဘင်ခရာ အဖွဲ့ကို အလွန်သံယောဇဥ်ကြီးတဲ့သူပါပဲ ။ လေးအိမ်တန်းရွာက မြို့အနောက်ဖက်မှာပေါ့ ။ သူတို့ရွာတွေက ဧရာဝတီ မြစ်ရေ ဝင်တဲ့ ရွာတွေဖြစ်ပါတယ် ။ 

      တနေ့ သူ့ရွာကို လိုက်ခဲ့ကြဆိုပြီး ခေါ်လို့ စက်ဘီးတွေ နဲ့ သွားကြပါတယ် ။ ရွာထဲမှာ ရေဝင်စ ပြုနေပါပြီ ။ ကျနော်လည်း ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ ရွာထဲမှာ ဘုန်းကြီးကျောင်းတွေ အများကြီးတွေ့နေရတော့ အံ့သြမိပါတယ် ။ ကိုအောင်မြင့်ကို မေးမိတယ် 

"အကိုကြီး ဘုန်းကြီးကျောင်းတွေ များလှချည်လား ဗျ "

"ဟေ မများပါဘူး ကွ တကျောင်းထဲပါ"

"ဟာ ဟိုမှာလေ ကြည့်ပါလား ဒီနားတင် ၃ ကျောင်း ရှိနေပေါ့ "

"ဟာ မင်းဘ ဘုန်းကြီးကျောင်းပါလား အဲဒါအိမ်တွေ ကွ "

       ကျနော်တို့ အညာမှာ အဲလောက်ကြီးတဲ့ အိမ်တွေ အခုမှ မြင်ဖူးတယ် ဗျာ ။ နောက်မှသိရတာက ရေဝင်အရပ်တွေ ဆိုတော့  မြစ်ရေကြီးတာ နဲ့ အိမ်ပေါ်မှာပဲ မွေးထားတဲ့ ကျွဲ နွား ခွေး ဝက် တွေ တင်ထားရတာ တဲ့ ။ ဒါကြောင့် အိမ်တွေက အကြီးကြီးတွေ ဆောက်ထားရတာ တဲ့ ။ 

       သူ့အိမ်မှာ စားသောက်ပြီးတော့ မင်းတို့ရေကူးချင်ရင် ဘုန်းကြီးကျောင်းထဲ သွားကူးကြ ရင်ညွှန့်လောက်တော့ ရောက်နေပြီ ဆိုလို့ ဘုန်းကြီးကျောင်းကို ရွာခံနဲ့ သွားကြပါတယ် ။ ကျောင်းထဲမှာ အင်မတန်ရှည်တဲ့ လှေကြီးတစင်းကို ရေထဲချထားတာ တွေ့ပါတယ် ။ 

      လှေက သေးသွယ်သွယ် နဲ့ ဝမ်းဗိုက်မဖောင်းပဲ ရှည်လမျှောကြီး ဖြစ်နေပါတယ် ။ ကြည့်ရတာ လှတော့လှတယ် ဗျ ။ လှေဝမ်းထဲမှာလည်း အုန်းဆံကြိုး အတုတ်ကြီးကို လှေရဲ့ ဦးပိုင်းကနေ ပဲ့ပိုင်းထိ တန်းပြီး ချည်ထားတယ် ဗျ ။ လှေပေါ်တက်ပြီး ဦးပိုင်းက ဂျွမ်းပစ်ချ လိုက် ပြန်တက်ပြီး ပဲ့ပိုင်းက ဂျွမ်းထိုးချလိုက် ပြန်တက်နဲ့ ဆော့နေတုန်း

  "ဟေ့ကောင်တွေ ဟေ့ကောင်တွေ ဆင်း  ဆင်း  လှေပေါ်ကအမြန်ဆင်း "

     ဆိုပြီး အော်ပြီး ပြောရင်း ပြေးလာတဲ့ ကိုအောင်မြင့် နဲ့ သူ့အကို ကိုထွန်းကြိုင်တို့ကို တွေ့ရပါတယ် ။ သူတို့ အော်ပြောသံက ကြောက်စရာကောင်းတော့ ဘာမှန်းမသိပဲ ရေထဲအမြန်ဆင်းပြီး ကမ်းပေါ် ပြန်တက်ပြီး 

"အကိုကြီး ဘာဖြစ်လို့လဲ ဗျ "

"ဟာ မင်းတို့နဲ့တော့ ခက်ပြီ အဲဒါ ဘာလှေ မှတ်လို့လဲ ကွ"

"မသိဖူးလေ အကိုကြီး ဘာလှေကြီးတုန်း"

"အဲဒီလှေက တို့တရွာလုံးရဲ့ .............?

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...