Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (1)



         ဟိုတုန်းက မှတ်မိသလောက် အရွယ်ကစပြီး ၇ တန်းဖြေပြီးတဲ့ အထိ ရေးခဲ့ဖူးပါတယ် ။ အကောင့်တွေ ခဏခဏ ကျနေတော့ ဆက်မရေးဖြစ်တော့ဖူး ။

    အပျင်းပြေ ဖတ်ချင်သူတွေ အတွက်ပါ ဆက်ရေးပါမယ် ။ 

     မဆလ ခေတ်ရဲ့ ရနံ့လေးတွေ နဲ့ ထုံမွှမ်းထားပြီး ကျနော် သိမှီခဲ့တဲ့ မြီု့နယ်ပါတီယူနစ် အကြောင်းနဲ့ ၈၈ အစပျိုးပုံ ကြီးထွားလာပုံတို့အထိ ရေးမယ်လို့ စဥ်းစားထားပါတယ် ဗျာ ။ ကဲ မြည်းကြည့်ကြပါအုံးဗျာ မနှစ်သက်တော့လည်း ကျော်လွှားသွားလို့ ရတာပေါ့ ဗျာ ။ 

       ကျနော် ၇ တန်းဖြေပြီးတော့ နွေရာသီမှာ ရှေ့ဆောင်လူငယ်သင်တန်း တက်ရပါတယ် ။ ရှေ့ဆောင်လူငယ်သင်တန်းဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ချစ်ခင်ဖို့ စောင့်ရှောက်ဖို့ အတ္တမကြီးဖို့ အများအကျိုးတတ်စွမ်းသလောက် ဆောင်ရွက်ဖို့ စတာတွေ နဲ့ စုပေါင်းနေထိုင်စားသောက်တတ်အောင် သင်ပေးတာပါပဲ ။ 

            ၂ တန်းအောင် နွေရာသီမှာ တက်ခဲ့ရတဲ့ တေဇလူငယ်သင်တန်းက ၆ ည အိပ် ၇ ရက် မိဘနဲ့ ခွဲပြီး နေခဲ့ရတာ ဗျ ။ မှတ်မှတ်ရရ  တေဇလူငယ် သင်တန်းက ပြန်လာတော့ ခြင်ထောင်ကို ကျကျနန သေသေသပ်သပ် ခေါက်တတ်လာကို အမေက ချီးမွှမ်းမဆုံး ဖြစ်ခဲ့တာပဲ ဗျ ။

      နွေရာသီ ရှေ့ဆောင်လူငယ် သင်တန်းမှာ အမှတ်တရ ဖြစ်ခဲ့ရတာ ရှိပါတယ် ။ အဲဒါကတော့ ထမင်းစားတဲ့အချိန်မှာ ဖြစ်ခဲ့ရတာဗျ ။ မြင်းခြံမှာ သရက်သီးကို နုတ်နုတ်ပါအောင် ဒါးနဲ့စင်းထားတဲ့ ဒါးပေါက် သရက်ချဥ်ဆိုတာ ရှိပါတယ် ။ 

       အဲဒီသရက်ချဥ်တွေကို ငါးဆယ်ဝင် စဥ့်အိုးတွေနဲ့ အချဥ်သိပ်ပြီး တနှစ်လုံး စားကြရတာပေါ့ ဗျာ ။ သင်တန်းမှာ အဲဒီ ဒါးပေါက် သရက်ချဥ်ကို ကြက်သွန်နီ နဲ့ ဆီ ဆား ထည့်ပြီး သုတ်ကျွေးတယ် ဗျ ။ သရက်ချဥ်က ဆားနည်းလို့လား မသိဘူး ဗျာ လောက်သေးသေးလေးတွေ ပါလာတယ် ဗျ ။ 

    လူငယ်တွေဆိုတော့ မျက်စိလျှင်ပြီး မြင်တာပေါ့ ဗျာ ။ စားတောင်မစားရသေးဘူး ကလေးတွေဆိုတော့ ရွှံ့လို့ ဆက်မစားနိုင်တော့ဘူး ။ ဒါနဲ့ ကျနော်တို့က သရက်ချဥ်သုတ်ထားတဲ့ ဇလုံအကြီးကြီးရော စဥ်အိုးထဲက သရက်ချဥ်တွေရော အကုန် သွန်ပစ်လိုက်တယ် ။ 

    ရေသွားချိုးနေတဲ့ စားဖိုချောင်က လူကြီးတွေ ပြန်လာတော့ ပြဿနာ ဖြစ်ပြီ ဘာလို့ သွန်တာလဲ ပေါ့ ။ လောက်တွေနဲ့ ရွှံလို့ သွန်ပစ်တာ ဆိုတော့ သင်တန်းဆရာတွေကို သွားတိုင်တယ် ။ 

    ကံအားလျှော်စွာပဲ အဖေ့မိတ်ဆွေ ပါတီလူကြီးတွေလည်း ရောက်နေတော့ အကျိုးအကြောင်းမေးပြီး ရီနေကြတယ် ။ သရက်ချဥ်တွေ သွားကြည့်ပြီး ဟုတ်တယ် ဒီကောင်တွေ မလွယ်ဘူးကွ ဆိုပြီး ပြုံးစစ နဲ့ ကြည့်သွားလေရဲ့ ။ 

     အဲဒါ သင်တန်းဆင်းပွဲမှာ အက အခုန်တွေ နဲ့ ဖျော်ဖြေတော့ တခန်းရပ်ပြဇာတ် ကကြရတယ် ။ သင်တန်းဆရာက သင်ပေးထားတဲ့ အတိုင်း ပြောကြရတာပါ ။ ပြဇာတ်မှာ သင်တန်းသားတွေရဲ့ ထမင်းဝိုင်းကို လိုက်ကြည့်ပြီး သင်တန်းဆရာက မေးတယ် 

"သင်တန်းသားတွေ ထမင်းလောက်ရဲ့လား"

"လောက် ပါတယ်  လောက်  ပါတယ်"

"ဝက်သားဟင်း လောက်ရဲ့လား "

"လောက် ပါတယ်  လောက်  ပါတယ်"

"သရက်ချဥ် လောက်ရဲ့လား "

"လောက် ပါတယ် လောက် ပါတယ်   ပိုးစိုးပက်စက် လောက်  ပါတယ်"

      ကျနော်က ပိုးစိုးပက်စက် ဆိုတာ ပိုပြီး ထည့်ပြောလိုက်တော့ အားလုံး ပတ်တုတ်မရအောင် ရီလိုက်ကြတာ ဗျာ ။ သင်ပေးတဲ့ ဆရာက ခေါင်းကို ပွတ်ပြီး ကိုညို့သားကတော့ မလွယ်ဖူး ဟေ့ လို့ ပြောပါတယ် ။

         ဒီလိုနဲ့ ကျောင်းဖွင့်ချိန် ရောက်ပါပြီ ။ ကျနော်တို့လည်း ကျောင်းပြန်တက်ရပါပြီ ။ ကျနော်တို့က ၇ တန်း D ခန်းက အောင်လာတော့ ၈ တန်းမှာလည်း D ခန်းပဲ ရပါတယ် ။ တော်လို့ ညံ့လို့ မဟုတ်ပါဘူး အတန်းစဥ် အဲသလိုပဲ ခွဲပေးတဲ့ ခေတ်ဖြစ်ပါတယ် ။ A ခန်းနေချင်လို့ လာဘ်ထိုးဖို့ မလိုတဲ့ စနစ်ပေါ့ ဗျာ ။ 

      ၈ တန်း မှာလည်း ကျနော်တို့ D ခန်းက နာမည်ကြီး ဗျ ။ အခန်း ၅ ခန်း ရှိတဲ့ အနက် ဆုပေးပွဲမှာ 1 TO  10 ပေးပါတယ် ။ အဲဒီ ၁၀ ယောက်ထဲမှာ ကျနော်တို့ အခန်းက ၅ ယောက်လောက် အမြဲပါတယယ် ဗျ ။ စာတော်တဲ့ အခန်းဆိုပြီး နာမည်ကြီးပါတယ် ။ 

    နောက်တမျိုးလည်း နာမည်ကြီးသဗျ  ။ ဘာလဲဆိုတော့ အလွန်ကမြင်းကျောထသော မျောက်လောင်းများ နေတဲ့ အခန်းဆိုပြီးပေါ့ ဗျာ ။ 

     အတန်းပိုင် ဆရာမက အလွန်သဘောကောင်းလှတဲ့ မြန်မာစာ ဆရာမ ဒေါ်သိန်းသိန်းမြင့် တဲ့ဗျာ ။ ရှာရှာဖွေဖွေ သူ့တူမ နာမည်က မြင့်မြင့်သိန်း တဲ့ ချောင်းဒေါင်းရွာသူပါပဲ ။ ကတ်ကင်းဖြစ်နေတဲ့ တူအရီး ၂ ယောက်မို့ မှတ်မိနေပါသေးတယ် ။

      ကျနော်တို့ အခုလို လူတန်းစေ့ရုံ ရေးတတ်နေတာ အဲလို ဆရာမတွေကြောင့်ပါပဲ ဗျာ ။ ၈ တန်းနှစ် ကျောင်းမှာ ပထမဆုံး ပြဿနာ တက်ကြရတာ သပြေသီးကြောင့်ပါပဲ ။

    ကျနော်တို့အခန်းက ကျောင်းရေစက်ဝန်းနဲ့ နီးပါတယ် ။ ရေစက်ထဲမှာ သပြေပင်ကြီးရှိတယ် ။ မြင့်လွန်းလို့ အပင်ပေါ် မတက်နိုင်ကြပါဘူး ။ ကျနော်တို့ အုပ်စုကတော့ သပြေသီး မှည့်လို့ စားလို့ဖြစ်ပြီဆိုတာနဲ့ အောက်ကနေ အုတ်ခဲကျိုးနဲ့ ထုချတာပဲ ။ ပဲ့ရွဲ့နေတဲ့ သပြေသီး ဖန်တွတွ ကိုပဲ တမက်တမော စားကြသဗျ ။ 

      ဒါပေမယ့် အလုံးကောင်းလေးတွေ ရလာရင် ဖယ်ထားပြီး ရေစင်အောင်ဆေးကာ ဆရာမကို ကျွေးကြပါတယ် ။ ဘယ်သူငယ်ချင်းမှ အလုံးကောင်းရင် မစားဖူး သစ္စာဆိုထားသလိုပဲ ။ 

     အဲဒီလို ဂဲပစ်စွမ်းရည် ပြနေကြတော့ ငါးတန်း ကလေး ကနေ ၁၀ တန်းတွေထိ သပြေပင်အောက်မှာ ခဲ မှန်လို့တဲ့ ဆိုရင် စစ်ဆေးမနေနဲ့တရားခံကကျနော်တို့ အုပ်စုပဲ ။

     နောက်ထပ် အပိုင်စီးထားတာက ကျောင်းမှာ တပင်တည်းသော ခရေပင်ရှိပါတယ် ။ သူကလည်း ရေစက်နားဆိုတော့ ကျနော်တို့နဲ့ အနီးဆုံး ။ ခရေပင်က တက်ရလွယ်တယ် ။ အဖူးတွေ ရင့်ပြီဆို တက်ခူးကြတယ် ။ ကောင်မလေးတွေက သီပေးပြီး ၈ တန်း ဆရာမတွေကို ပေးကြတယ် ။

    ဆရာမတွေကလည်း ဂုဏ်ယူစွာ ပန်ကြတယ် ။ မျောက်လောင်းလေးတွေက ဒါမျိုးကြ အားကိုးရသဟဲ့ လို့ ပြောကြပါတယ် ။ 

      အဲဒီလို အသေးအဖွဲလေးတွေကနေ ပြဿနာအကြီးကြီး တခု ဖြစ်ရပါပြီ ။ တနေ့မှာပေါ့ ဗျာ အမှတ် ၁၈ ရပ်ကွက်ထဲက သူငယ်ချင်းတွေက ဟေ့ကောင် ထမင်းစားကျောင်းဆင်းရင်  အမြန်စားပြီး ပြန်လာတဲ့ လုပ်စရာ ရှိသတဲ့ ။

     ကျနော့်အိမ်က ကျောင်းနဲ့ နီးတယ်ဗျ ။ အမြန်ပြန် အမြန်စားပြီး ကျောင်းကိုပြန်လာတယ် ။ ထမင်းချိုင့်ပါလာတဲ့ သူတွေတောင် စားမပြီးသေးဘူး ကိုယ်ကပြန်ရောက်နေပြီ ။ ကိုင်း မဟုတ်တာ လုပ်ဖို့ဆို ဘယ်လောက် ထက်သန်သလဲ ကြည့်သာထားတော့ 😁😁😁

        ၁၈ သားတွေက လာဟေ့ ဆိုပြီး စာသင်ခုံတွေ ကို ပေါက်နေတဲ့ မျက်နှာကျက်ဆီ ဆင့်နေပါတယ် ။ အဲလို မျက်နှာကျက်ပေါက်နေတာက ဟောခန်းမကြီး နဲ့ ကျနော်တို့ ၈ တန်း D ခန်းပဲ ရှိပါ ။ ဒီကောင်တွေက ဟောခန်းမျက်နှာကျက်ထဲက ခိုသွားဖမ်းမလို့ တဲ့ ။ 

     အရပ်ရှည်တဲ့ ၂ ယောက်က ခုံတွေကတဆင့် တက်သွားတယ် ။ ကျနော်တို့က ခုံတွေ ပြန်ရွှေ့ပြီး သူတို့ပြန်လာမှ ပြန်ဆင့်ပေးမယ်ပေါ့ ။ 

     ၁၀ မိနစ်လောက် နေတော့ ၇ တန်း မျက်နှာကျက်ကြီး ဝုန်းဆို ကျွံကျပါရောဗျာ ။ အသံကြားတာနဲ့ ၇ တန်းဖက် ပြေးကြည့်တော့ မျက်နှာကျက်တွေ အကွဲ​တွေပဲ တွေ့တယ် လူကျလာတာ မရှိဘူး ။ ဒါနဲ့ အခန်းကို အမြန်ပြန် အပြင်မှာ ကင်းသမားထားပြီး ခုံတွေ အမြန်ဆင့်တယ် ။ အံကျပဲ ခုံဆင့်ပြီးတာနဲ့ တယောက် ဆင်းလာတယ် ။ 

    ဖုံတွေနဲ့ ပေတူးနေတဲ့ တယောက်ပဲ ဆင်းလာပြီး နောက်တယောက်က မလာသေးဘူး အပြင်ကကင်းသမားက ပြောတယ် ကျောင်းစောင့် ဦးကျော်ဌေးလာပြီ တဲ့ ။ ဒါနဲ့ ခုံတွေပြန်စီပြီး ဟန်မပျက် ထိုင်နေကြတယ် ။ ပေတူးနေတဲ့ကောင်ကို တံခါးကြား ဖွက်ထားလိုက်တယ် ။ 

"ဟေ့ကောင်တွေ ဒီအခန်းထဲ လူဆင်းမလာဘူး လား "

"တယောက်မှ မဆင်းလာဘူး ဘာဖြစ်လို့လဲ"

"ခိုတက်ဖမ်းတာနေမှာ ၇ တန်းမှာ မျက်နှာကျက် ကျွံကျသွားတယ် မိအောင်ဖမ်းရမယ် ဒီအခန်းကို မဆင်းရင် ဒီကောင်တွေ ဟောခန်းမှာ ဆင်းလိမ့်မယ် သွားအုံးမယ် "

     ဦးကျော်ဌေးက ပြောပြီး အခန်းထဲက ထွက်မလို့ ရှိသေးတယ် 

"ဟေ့ ကောင်တွေ ခုံဆင့်ပေးအုံး ဟ "

     ဆိုတဲ့ အသံဆိုးပြီး နဲ့ ခေါင်းကြီးပြူတစ်လုပ်နေတဲ့ တရားခံကို တွေ့တော့တာပါပဲ ။ 

     ဒါနဲ့ ကျောင်းအုပ်ကြီး ရုံးခန်းကို တရားခံ ၂ ယောက်ကို ခေါ်သွားလေရဲ့ ။ ခဏနေတော့ ပူးတွဲတရားခံ ကျနော်တို့ ၃ ယောက်လည်း လာခေါ်ပါရော ။ 

 .....မျက်နှာပျက်နေတဲ့ အတန်းပိုင် ဆရာမရဲ့ ရှေ့မှာပဲ ကျောင်းအုပ်ကြီးက ကျနော်တို့ ၃ ယောက်ကို ၃ ချက်စီ ဟို ၂ ကောင်ကို ငါးချက်စီ ဆော်လွှတ်တယ် ။ မျက်နှာကျက်ဖိုးလည်း လျှော်ရမယ်တဲ့ ။

       အတန်းထဲ ရောက်တော့ ဟို၂ ​ကောင်ကို ဆရာမက ထပ်ရိုက်တယ် ။ 

"ဟမ် ဒီလေါက် အ ရသလား ခိုဖမ်းတာ ကျွံကျအောင် ဖမ်းရသလား ပြုတ်ကြပြီး ကျိုးသွား သေသွားရင် ဘယ်နှယ့် လုပ်မလဲ ခိုလိုချင် လေးခွ နဲ့ ပစ်ပါလား "

    ဆိုပြီး ဆော်တယ် ပြီးတော့ ဆက်ပြောတယ် 

"ငါ့တပည့်တွေကို ဘယ်သူရိုက်တာမှ ငါမကြိုက်ဖူး နောက်ဆို မဟုတ်တာလုပ်မိတောင် ရုံးခန်းမရောက်စေနဲ့ ရောက်ခဲ့ရင် သေပြီသာမှတ်ကြ  အိမ်က ပိုက်ဆံလည်း တောင်းမလာကြနဲ့  ငါ စိုက်ပြီး လျှော်လိုက်မယ်  ဟင်းးး ကြပ်ကြပ် ဂရုစိုက်"

       ကျနော်တို့ အဆော်ခံရတဲ့ သတင်းက တကျောင်းပြန့်သွားပြီး လူတွေကို တကူးတက လာကြည့်ကြသဗျ ။ ​​ကျောင်းအုပ်​ကြီးကဆော်ရအောင် ကမြင်းကြောထတာ ဘယ်သူတွေလဲပေါ့လေ ။

     ကျောင်းမှာ အရိုက်ခံရတာ ပြီးလို့ ပြဿနာက ကျနော့်အတွက် မပြီးသေးဘူး ဗျ ။ မျက်နှာဆိုင်အိမ်က သူငယ်ချင်းမ ရန်က ရှိသေးတယ် ။ ဒီသတင်းသာ အမေသိရင် ထပ်ဆော်မှာ သေချာတယ် ။ ဒါနဲ့ မုန့်စားကျောင်းဆင်းတော့ သူငယ်ချင်းမကို အိမ်ကို မတိုင်နဲ့နော် ငါ့ မုန့်ဖိုး တမတ် နင်ဝယ်စားဆိုပြီး တမတ်စေ့ အလေးစေ့လေး ပေးလိုက်ပါတယ် ။ 

     ကျေးဇူးရှင်က မတ်စေ့လေးကြည့်ပြီး နင့်ပိုက်ဆံက အညှိတက်နေတယ် တဲ့ ။ ကြေးစေ့ဆိုတော့ ကြေးညှိတက်ပြီး မဲနေတာလေ ။ ဒါနဲ့ အဲဒီမတ်စေ့ကို ယူပြီး တံတွေးဆွတ် သဲဖြူးပြီး ခြေဖနောင်နဲ့ ပွတ်ခြေလိုက်မှ ဝင်းပြောင်လာပါတယ် ။ ဒီတေါ့မှ မယ်မင်းကြီးမက ယူသဗျ  ။ တရန်တော့ အေးပေပြီ မုန့်တော့ ငတ်တာပေါ့လေ ။

    အိမ်ပြန်ရောက်တော့ လွယ်အိတ် ဖုတ်ကနဲ ပစ်ချပြီး အပြင်ထွက် ဆော့တော့တာပဲ ။ ဆော့နေလို့ ၁၅ မိနစ်လောက်ရှိသေးတယ် ။ အမေအော်ခေါ်လို့ ပြန်ပြေးရတယ် ။ အိမ်ရောက်တော့ အမေက 

"မင်း ကျောင်းမှာ ဘာဖြစ်ခဲ့သေးလဲ "

"ဘာမှ မဖြစ်ပါဘူး အမေရာ ဘာဖြစ်လို့လဲ ရန်လဲ မဖြစ်ပါဘူး"

"သေချာလို့လား မလိမ်နဲ့ "

"သေချာပါတယ် ဗျာ ဘာမှ မဖြစ်ပါဘူး"

"ဒါဆို ဒါကဘာလဲ "

      ကြည့်လိုက်တော့ ကျနော်ပေးထားတဲ့ မတ်စေ့ ဝင်းဝင်းလေး ။ ချွန်တွန်းမ သက်သေနဲ့တကွ လုပ်ချလိုက်ပေပြီ ။ 

"ကဲ လာစမ်း ကျောင်းအုပ်ကြီးရိုက်အောင် အပြစ်လုပ်ခဲ့တဲ့ကောင် "

     လက်သံပြောင်တဲ့ အမေ့လက်ရာက ပိုပြီး ခံစားရတယ် ဗျ ။ မှန်တာ မှားတာ အမေက ဘာမှ မမေးဘူး သူတို့ ခံယူထားတာ ရှင်းတယ် ဗျ ။ ကျောင်းမှာ ဆရာကရိုက်တယ် ဆိုရင် ကိုယ့်သားသမီးဆိုးလို့ပဲ ။ ဒီတော့ မိဘအနေနဲ့ ထပ်ဆုံးမရမယ် ဒါပဲ သိတယ် ။
 ( အခုခေတ်ဆရာတွေကို သနားမိတယ်ဗျ တကယ်ပါ စာနာမိပါတယ်)

      ဒီလိုနဲ့ ကျောင်းပိတ်ရက်မှာ ဇန်(ကြေးသား)ရိုက်ကြတယ် ။ ဇန်ရိုက်တယ်ဆိုတာ တထွာလောက်ရှိတဲ့ ၂ ဖက်ချွန်ထားတဲ့ ကန္တာရသား အစိုကို တတောင်လောက်ရှိတဲ့ တုတ်နဲ့ ရိုက်ပြီး ဖမ်းသူက ဖမ်း ရိုက်သူရိုက် ဆော့ရတာ ။ အရှိန်နဲ့ ရိုက်လိုက်တဲ့ ၂ ဖက်ခွန် ကန္တာရသားကို ဖမ်းရတာဟာ အလွန်အန္တရာယ်များတယ်  ။ 

    ကျနော်ရိုက်လိုက်တဲ့ ဇန်ချောင်းလေးက လမ်းအကွေ့က ထွက်လာတဲ့ ဆရာမ မဝေကို နဖူးသွားမှန်ပါတယ် ။ သွေးတွေ ဖျာကနဲ ထွက်လာပါတယ် ။ ကျနော်လည်း လန့်ဖြန့်သွားပြီး မဝေ မတော်လို့ပါ ဗျာ ကျနော် လူမရှိဘူး ဆိုပြီး ရိုက်လိုက်မိတာပါ "

"အေးပါ  အေးပါ ရပါတယ် ကိစ္စမရှိဘူး သွား သွားရတယ် "

     ကာယကံရှင်ကသာ အေးအေးဆေးဆေးပြီးသွာတာ ဗျ ဘေးကလူက သွားတိုင်လို့ ကောင်စီလူကြီးအိမ်ရောက်ပါရောလား ။ ဒီလိုပါပဲ ကလေးတွေ ဆိုတော့ ဆုံးမစကားပြောပြီး ပြီးသွားတာပေါ့ လေ ။ 

      အမေကတော့ လက်သွက်ခြေသွက် ခေါင်းကို စက်သေနတ်ပစ်သလို တဒက်ဒက်ခေါက်ရင်း မဝေကို တောင်းပန်နေလေ ရဲ့ ။ 

    ကျနော်လည်း အပြစ်က စိတ်လာတော့ နဲနဲ ငြိမ်နေရင်း ကျောင်းပိတ်ရက်ကို ရောက်လာပါပြီ ။ ကဲ ဒီတခါ သူများနယ်သွားပြီး ပြဿနာ ရှာမိပြန်ပါတယ် ။ ထုံးစံအတိုင်း ငယ်သူချင်း မောင်ကျော် နဲ့ ကျနော် မဟုတ်တာလုပ်ဖို့ တိုင်ပင်ပါတယ် ။ ဘာလုပ်ဖို့လဲ ဆိုတော့ .........?

(အကြွေးကျန်နေတဲ့ ငယ်ဘဝ ရေးပြီးသား ၁၁ ပိုင်း ပြန်တင်ရင်း အဆုံးသတ်ထိ ရေးသွားပါ့မယ် ၊ နိုင်ငံရေး ပို့စ် မဟုတ်ပါဖူး မျိုးဝင်းဘာလဲ ဆိုတာ သိစေချင်လို့ပါ 😁😁ဒီလင့်ကို ဖတ်ကြည့်အုံး ဗျ)

https://m.facebook.com/story.php?story_fbid=3002314276721241&id=2071090606510284

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...