Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (17)



          ပါတီလူကြီးက ကျနော်ခေါ်လာတဲ့ သမဝါယမ လူကြီးကို ကြာလို့ဆိုပြီး အော်ငေါက်နေတာ ဗျ ။ အမှန်က ကျနော် နေရာမှားပြီး သွားမိလို့ နာရီဝက်လောက် အချိန်ပိုကြာသွားတာပါ ။ 

      သမဝါယမ ဦးစီးမှူးကလည်း သူ လက်မှတ်ထိုးနေတဲ့ ၅ မိနစ် ၁၀ မိနစ် အတွက် သူ့ကို ဆူငေါက်နေတယ် ထင်ပြီး ဟုတ်ကဲ့ ခင်ဗျ ၊ ဟုတ်ကဲ့ခင်ဗျ နဲ့  သနားစရာ ဗျာ ။ 

     အဲဒီမှာ ကျနော် သံဝေဂတခု ထပ်ရသွားပြန်တယ် ။ သိချင် တတ်ချင်ယောင် ဆောင်တာ မကောင်းဖူး မသိရင် မသိဖူး ၊ မတတ်ရင် မတတ်ဖူး လို့ ပြောရတာ လွတ်လပ်ပေါ့ပါးတယ် ၊ တာဝန်မကြီးဖူး ဆိုတာ နားလည်သွားပါတယ် ။ 

        သမဦးစီးမှူး အကြောင်းကို တွေးပြီး စိတ်မကောင်းလို့ ညနေရောက်တော့ လူကြီးတူ ကိုမျိုးရွှေကို ကျနော် အမှန်အတိုင်း ပြောပြလိုက်ပါတယ် ။ ကိုဌေးဝင်း ရော ကိုဖိုးချိုကော ဘေးကနေ ရီလိုက်တာ တခစ်ခစ်နဲ့  ။ မသိပဲ ခပ်တည်တည်နဲ့ လူကြီးကို သိတယ်ပြောပြီး ထွက်သွားတာကို သဘောကျနေကြလေရဲ့ ။ 

          ကိုမျိုးရွှေက ပြန်ပြောဟန် ရှိပါတယ် ။ နောက်နေ့ကျတော့ လူကြီးက ဟေ့ကောင် မင်း မနေ့က လမ်းသစ်ဂိုဒေါင် ရောက်သွားသေးတယ် ဆိုလို့ ပြောပါတယ် ။ ဟုတ်တယ် ကျနော်မှားပြီး ရောက်သွားတာ နဲနဲကြာသွာတာ အဲဒါကြောင့် ဆိုတော့ အေး အေး တဲ့ ။ 

          ရုံးဝန်းကြီးထဲမှာ အလုပ်အစည်းအရုံး ရုံးခန်း ၊ တောင်သူလယ်သမား အစည်းအရုံး ရုံးခန်း အစရှိသဖြင့် ရှိကြပါတယ် ။ တောက ကျေးရွာလူကြီးတွေ လာပြီဆိုရင် အဲဒီဖက်ကိုပဲ လာလေ့ရှိပါတယ် ။ တခါတရံ ပင်မရုံးကြီးထဲ လာပြီဆိုရင် ကြောက်ရွံ့နေတတ်ပါတယ် ။ 

      ရုံးသရဲ ဖြစ်နေတဲ့ ကျနော်က အဲလိုလူတွေဆိုရင် လာဦးလေး ထိုင်ပါဗျ ၊ ဘာလုပ်ပေးရမလဲဗျ ဆိုရင် သူတို့ မျက်နှာမှာ သက်သာရာ ရသွားတဲ့ အပြုံးလေးတွေ မြင်ရရင်ကို ကြည်နူးမိပါတယ် ။ အဲဒီအကျိုးက နောင်တချိန်မှာ ခံစားရပါတယ် ။ 

       ပြောချင်တာက အာဏာပါဝါဟာ လူတွေ မက်နေ​ကြတာ ထုံးစံပါပဲ ။ ဒါပေမယ့် တလွဲသုံးဖို့လဲ အလွန်လွယ်တယ်ဆိုတာ ကျနော် ဖော်ကောင်လုပ်ပါအုံးမယ် ။ 

          တောင်သူလယ်သမားနေ့ ကျင်းပပါပြီ ။ ကျနော်တို့လည်း သစ်လွင်တောက်ပတဲ့ ယူနီဖောင်းတွေ နဲ့ အလွန်ခမ်းနားစွာ သပ်သပ်ရပ်ရပ် လှလှပပ စီစဥ်ဖျော်ဖြေ နိုင်ခဲ့ကြပါတယ် ။ စတိတ်ရှိုးညမှာတော့ ကျနော်တို့အုပ်စုက ရုံပေါက်ဝမှာ ဝင်လိုက်ထွက်လိုက် နဲ့ ပါပဲ ။ 

       မောင်ကျော် နဲ့ ဖိုးဌေးတို့လည်း ရောက်လာပါပြီ ။ ကျနော်ကိုယ်တိုင် သူတို့ကို ပွဲစျေး မုန့်လိုက်ကြွေးပြီး စတိတ်ရှိုး ကြည့်ရင်းစားဖို့ ဝယ်ပေးပါတယ် ။ နောက်မှ သူတို့ ထိုင်ခုံတွေကို လိုက်ပို့ပြီး ပြန်ထွက်ခဲ့ပါတယ် ။ 

          ပွဲကြီးတပွဲ ပြီးသွားပါပြီ ။ အားလုံးလဲ ပင်ပင်ပန်းပန်း နဲ့ ပျော်ရွှင်ခဲ့ကြပါတယ် ။ ​နောက်ထပ် ဘင်ခရာသင်တန်း ဆက်ဖွင့်ဖို့ ကြေညာလိုက်ပါတယ် ။

          ကျနော်မပြောပဲ ချန်ထားခဲ့တဲ့ အပိုင်းရှိပါတယ် ။ ဘာလဲ ဆိုတော့ ကျနော့်ရဲ့ လူငယ်ထုံးစံ အချစ်ရေး ကိစ္စဖြစ်ပါတယ် ။ တကယ်တော့ အဲဒီ အချိန်အထိ ကျနော့်မှာ ချစ်ရကြိုက်ရ မယ့်သူ မရှိသေးပါဖူး ။ ကျနော့်ကိုလည်း အကြောင်းသိတွေက လန့်ပြီး ဘယ်သူမှ စိတ်မဝင်စားကြပါဘူး ။

        ဟိုတုန်းက ဒီအကြောင်းကို အသေးစိတ်ရေးဖူးပါတယ် ဖတ်ဖူးအချို့ ရှိနိုင်ပါသေးတယ် ။ အခုလည်း ပြည့်စုံသွားအောင် အကျဥ်းလေးတော့ ပြန်ရေးပြချင်ပါတယ် ။ 

       ကျနော်တို့ စာမေးပွဲ ဖြေခါနီး ရက်မှာကိုပဲ ကျနော်က အိမ်နားလေးရှိ စာမေးပွဲ ဖြေပြီးနေတဲ့ မောင်ကျော်တို့ လို ကျောင်းစစ်ဖြေထားတဲ့ အုပ်စုနဲ့ လမ်းထဲက ဖုန်တောမှာ တွတ်ထိုးတမ်း ကစားနေကြပါတယ် ။ ကစားနည်းက သိတဲ့အတိုင်း စည်းကျော်ပြီး လိုက်ထိရတယ် တဖက်က ဝိုင်းဖမ်းမယ် ထိပြီး စည်းအထိ ပြန်ပြေး နိုင်ရင် OK မပြေးနိုင်ရင် သေ ဆိုတဲ့ ကစားနည်းလေ ။ 

      ချွေးသံတွေနဲ့  ဖုန်အလူးလူး ပေတူးနေ​ပြီး ပုဆိုးခါးတောင်းကျိုက် နဲ့ ပုံစံသာ  မြင်ကြည့်ကြပေတော့ ဗျာ ။ အဲလို ဆော့နေတဲ့ နေရာကို မြင်းလှည်းတစီး ရောက်လာပါတယ် ။ နောက် ကောင်မလေး နှစ်ယောက် နဲ့ လူကြီး နှစ်ယောက်လည်း ဆင်းလာပါတယ် ။ 

      သံသေတ္တာ နှစ်လုံးလဲ ပါတယ်ဗျ ။ သူတို့လေးယောက် ဟိုကြည့်ဒီကြည့် လုပ်ပြီး ကျနော်တို့ အုပ်စုကို မြင်တော့ တော်တော်ချောတဲ့ တယောက်က လှမ်းခေါ်တယ် ဗျ ။ ကျနော်သူတို့နား ရောက်တော့ ကိုကြီးညိုတို့အိမ်က ဘယ်အိမ်လဲတဲ့ မေးပါတယ် ။ 

       သြော် အိမ်လာတဲ့ ဧည့်သည်တွေကိုး ကျနော်လည်း မြင်နေရတဲ့ အိမ်ကို လက်ညှိုးထိုးပြလိုက်ပါတယ် ။ အဲဒီအိမ်ပဲ ဆိုတော့ သူတို့လူကြီးတွေ နဲ့ ကောင်မလေးတယောက်က သွားကြပါတယ် ။ 

      အထုပ်အပိုးတွေ နဲ့ သံသေတ္တာတလုံး ပါသွားပြီး ခပ်ချောချော ကောင်မလေး နဲ့ သံသေတ္တောတလုံး ကျန်နေတော့ ကောင်မလေးက ချာတိတ် အမကို ကူသယ်ပြီး လိုက်ပို့နော် တဲ့ ။ ကျနော်လည်း သံသေတ္တာကို တဖက်က ဆွဲပေးရင်း အိမ်ကို လိုက်ပို့တာပေါ့ ။ 

       အိမ်ရောက်တော့ အမေက အံ့သြပြီး ဟဲ့ အိမ်က ဂျပိုး ဘယ်လို သိပြီး ဖမ်းလာတာလဲ တဲ့ ။ ကောင်မလေးက အဲဒီကျမှ အံ့သြပြီး ဟင် ဒါက အဒေါ်သားလား တဲ့ ။ 

      အေး ညည်းတို့လိုပဲ ဆယ်တန်းဖြေမယ့် ကျောင်းသားပါတော် အခုထိ ဆော့ကောင်းတုန်း ။ အမေက မိတ်ဆက်နေတာ မပြီးတော့ဖူး ကျနော်လည်း ကစားလက်စ သွားအုံးမယ် ဆိုပြီး ထွက်ပြီး ပြန်ဆော့နေတာပေါ့ ။ 

       ညနေကျမှ ရေမိုးချိုးပြီး ကျကျနန  ဝတ်စားကာ ဧည့်သည်တွေ နဲ့ စကားပြောပါတယ် ။ ကျနော်က လူကြီးတွေ နဲ့ စကားပြောရတာ ပိုပြီး အဆင်ပြေတယ် ဗျ ။ သူမနဲ့ ပါလာတာ သူမရဲ့ မိဘ တွေပဲ ။ ကျန်ကောင်မလေး တယောက်က သူငယ်ချင်းတဲ့ ၊ ဆယ်တန်း စာမေးပွဲကို အိမ်မှာ တည်းပြီး လာဖြေတာ တဲ့ ။ 

         ဆီမီးခုံရွာကနေ လာကြရတာပါ ။ စာဖြေဌာန မပွင့်သေးပါဘူး ။ အသက်တွေ မေးကြ ပြောကြတော့ ကျနော်က သူတို့ထက် တနှစ်ကြီးပါတယ် ။ ကျနော်က ခြောက်နှစ်မှ ကျောင်းစနေခဲ့ရလို့ ဘယ်အတန်းမှ စာမေးပွဲ မကျပဲ လာတူနေတာပါ ။ ကောင်မလေး နာမည်က လဲ့လဲ့ ပဲ ထားပါဗျာ ။

          လဲ့လဲ့က အတော်လှပြီး အတော်လေး သွက်လက်ချက်ခြာပါတယ် ။ ကျနော်က မြင်းခြံမြို့ပေါ်က လှပေ့ဆိုတဲ့ မိန်းကလေးတွေ တစုတဝေး ရှိနေတဲ့ ဘင်ခရာအဖွဲ့ ထဲမှာ နေခဲ့ရတော့ ကျနော့်မျက်လုံးထဲ အတော်လှတယ် ဆိုရင် မှန်းဆကြည့်နိုင်မှာပါ ။ 

        သူမက အိမ်နီးခြင်းတွေ နဲ့ မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားပြီး ကျနော့်ပတ်ဝန်းကျင်မှာ လဲ့လဲ့  လဲ့လဲ့ ဆိုပြီး အလွန်လူသိများ ချစ်ခင်လာပါတယ် ။ ကျနော့်ကိုလည်း သူ့ထက်အသက်တနှစ်ကြီးလို့ ကိုကြီးမျိုးဝင်း လို့ ခေါ်ပါတယ် ။ သူခေါ်သလို လိုက်ခေါ်ကြတာ ကျနော့်ကို တသက်လုံးက ဟေ့ကောင် ငမျိုး ၊ လူရှုပ် အစရှိတဲ့ အခေါ်အဝေါ်တွေ ပျောက်ကုန်ပြီး အမေက အစ ကိုကြီးမျိုးဝင်း လို့ ခေါ်ကြတဲ့ အထိ ဖြစ်လာတာပါပဲ ။ 

        ကျနော်အိမ်က ရေရောင်းတဲ့ နေရာမှာ တခါချိုး တမတ် နဲ့ အိမ်ထဲမှာလည်း ရေချိုးလို့ ရပါတယ် ။ အိမ်နားလေးက တလနေလို့ တခါလာမချိုးပြတဲ့ ကိုတင်အောင်တို့ ၊ ကိုကျော်စိုးတို့ နဲ့ အခြားလူပျိုကြီးတွေ လဲ့လဲ့ကို ပိုးပန်းရင်း လာချိုးပြတာ ရီစရာပါပဲ ။ 

       ကျနော်လည်း အလွန်မျက်နှာပွင့်တဲ့ ကာလတွေပေါ့ ဗျာ ။ လက်ဖက်ရည်ဆိုင်သွား ၊ မုန့်တီဆိုင်သွား ရှင်းပေးမယ့် ဒကာတော် နှာဗူးတွေ အလွန်ပေါနေပါ့ ဗျာ ။ 

      အသားအရေကလည်း ဝင်းဝါနေပြီး အင်မတန်လှပတဲ့ လဲ့လဲ့ကို ကျနော် စိတ်မကူးပါဖူး ။ သူ့ရုပ်ရည်ဟာ အဆင့်မြင့်တဲ့ လူတန်းစားနဲ့ ရနိုင်တဲ့ ကတော်ရုပ်မျိုးကိုး ဗျ ။ 

       စာမေးပွဲ ပြီးတော့ သူတို့ရွာ ရဲ့ အထင်ကရ မနှဲလေး နတ်ပွဲ ရှိပါတယ် ။ ဆီမီးခုံက မနှဲလေးရဲ့ ဇာတိနဲ့ တူတာပဲ ဗျာ ။ အဲဒီပွဲကို အလည်လိုက်ခဲ့ရမယ် ဆိုပြီး အတင်းခေါ်ပါတယ် ။ သူမိဘတွေကလည်း မဆလပါတီဝင် ကျောင်းဆရာ ၊ ဆရာမ တွေဆိုတော့ အဖေနဲ့လည်း အလွန်ရင်းနှီးလို့ ထည့်လွှတ်ပါတယ် ။ 

         သူတို့ရွာမှာ ပျော်စရာကောင်းပါတယ် ။ ဦးပိန်တံတားလို ရှည်လျားတဲ့ သစ်သားတံတားကြီး ရှိသလို ဧရာဝတီ မြစ်ဘေးတင်မို့ ညနေတိုင်း သဲသောင်ခုံကြီး ဖြတ်ပြီး ရေသွားချိုးရတာကိုက ပျော်စရာပါပဲ ။ 

           သူမမှာ ၈ တန်းကျောင်းသူ ညီမတယောက်နဲ့ အငယ် နှစ်ယောက် ရှိပါသေးတယ် ။ အဲဒီ အငယ် နှစ်ယောက်နဲ့ ရေသွားချိုးရင်း ကျနော် မြစ်ထဲ ရေနစ်ပါတယ် ။ ကန်ရေထဲမှာ အနည်းငယ်ကူးဖူးပေမယ့် မြစ်ရေစီးမှာ မကူးတတ်ပါဖူး ။ 

      ကလေးတွေက အော်လို့ လာပြီး ကယ်ကြပါတယ် ။ ရေနစ်ခြင်း အရသာကို ပြောပြပါမယ် ။ ကျနော်က မြစ်ထဲကို ရင်ညွှန့်လောက်အထိ ဆင်းပြီး ချိုးနေပါတယ် ။ အဲလိုနေတုန်း အောက်က သဲခုံက ပဲ့သွားပြီး ရေစီးထဲ ဆွဲချသွားပါတယ် ။ 

        လူက ပြန်ရုန်းတက်ပေမယ့် ပုဆိုးကို ဆွဲစုပ်ယူနေတာ သတိမလွတ်ဖူး သိနေတယ် ၊ ဒါနဲ့ ပုဆိုးကို ချွတ်ချလိုက်ပါတယ် ။ ခေါင်းပြန်ပေါ်လာပြီး စွပ်ကနဲ ရေစီးက ဆွဲခေါ်နေပါတယ် ၊ အပေါ်က အော်သံတွေ အားလုံးကြားနေရပါတယ် ။ 

      လူကသာ ရေနစ်နေတာ ရေစီးကို ကန်ပြီး ကြိုးစားကူးနေတာပါ အကြားအာရုံက ပိုတောင် ကောင်းနေပါသေးတယ် ။ ကယ်တဲ့သူတွေက မိုလာဓာတ်ဆီ ပလက်စတစ် ပုံး နှစ်ပုံးကို တတောင်လောက် ရှိတဲ့ ကြိုးနဲ့ ချည်ထားပြီး ကြိုးကိုဆွဲ လူကို မဆွဲ နဲ့ ဆိုပြီး ပြောတာ ကောင်းကောင်း ကြားရပြီး လက်ထဲ ကြိုးရောက်လာပါတယ် ။ 

      ကြိုးပဲ ကိုင်ထားတုန်း ဆွဲနှစ်လိုက် ဆွဲနှစ်လိုက် ဆိုတဲ့ အသံကြားရမှ ကြိုးကို ဆွဲဖိလိုက်တော့ လူက ခေါင်းပြန်ပေါ်လာပါတယ် ။ 
သူတို့က လူကို မဆွဲနဲ့ မှေးလိုက်နော် ကြားလားဆိုတော့ ခေါင်းငြိမ့် ပြလိုက်ပါတယ် ။ ဖောင်ဆီကို ဆွဲပြီး ကူးသွားကြပါတယ် ။ 

       ဖောင်မှာ ကိုင်မိပြီး သူတို့ တက်သွားတော့ ကျနော်မတက်ပဲ နေခဲ့ပါတယ် ။ တက်လေဆိုပြီး ပြောတော့မှ တက်မရဘူး ဗျ  ပုဆိုးမပါတော့ဖူး လို့ ပြောလိုက်တော့ လူတွေ ဝိုင်းရီကြပါတယ် ။ ဖောင်ပေါ်က အဝတ်လျှော်နေတဲ့ အမျိုးသမီးတယောက်က ရော့ဆို ကျောင်းစိမ်းတထည် ပစ်ပေးလို့ ဝတ်ပြီးတက်လာရပါတယ် ။

        ကုန်းပေါ်ရောက်တော့ အပိုလုံခြည်နဲ့ လဲလိုက်မှ ကြည့်မိတယ် ကျောင်းစိမ်းက အထက်ဆင်ကြီးနဲ့ ထမီကြီး ဗျ ။ မတတ်နိုင်ဖူး သူလည်း မှားပြီး ပေးတာ နေမှာ ပေါ့လေ ။ ကျနော့်ကို လာကယ်တဲ့ နှစ်ယောက်ကတော့ ပြန်သွားလိုက်ကြတာ ခပ်လှမ်းလှမ်းမှာ ကျောပြင်ပဲ မြင်လိုက်ရပါတယ် ။ ကျေးဇူးတင်ကြောင်းတောင် မပြောလိုက်ရတဲ့ အသက်သခင်တွေပါပဲ ။ 

      လဲ့လဲ့ နဲ့ သူ့ညီမ လည်း ကလေးတွေ ပြောလို့ ပြေးလာကြပါပြီ ။ အိမ်မှာ လူကြီးတွေ မရှိကြပါဖူး ။ ကျနော်က လူကြီးတွေ စိတ်ပူနေမယ် မပြောနဲ့ ဆိုပေမယ့် သိသွားတာပါပဲ ။ ဒီတော့မှ ကယ်ခဲ့တဲ့ ကျေးဇူးရှင် နှစ်ယောက်ကို သွားကန်တော့ရင်း ကျေးဇူးတင်ကြောင်း ပြောရပါတယ် ။ 

          အချိန်တန်တော့ ကျနော်အိမ်ပြန်ရပါပြီ ။ ကားဆီကို လိုက်ပို့တဲ့ လဲ့လဲ့က ငိုပြီး ကျန်ရစ်ခဲ့ပါတယ် ။ ကိုကြီး လွယ်အိတ်ထဲမှာ ပါတယ်နော် တဲ့ ။ အိတ်ကို ပြန်စမ်းကြည့်တော့ မုန့်ထုတ်ကြီး စမ်းမိတယ် အေး အေး ဆိုပြီး ပြောလိုက်ပါတယ် ။ ကားထွက်တော့ ငိုပြီး ကျန်ခဲ့ပါရော ။ 

        အိမ်ပြန်ရောက်တော့ ပါလာတဲ့ မုန့်တွေ စာသောက်ရင်း လွယ်အိတ်ကို ပြန်မကြည့်တော့ပါဘူး ။ လွယ်အိတ်က အတွင်းထဲမှာ အပြာစ တစ ခံပြီး ထပ်ချုပ်ထားတဲ့ အိတ်ပါ ။ တနေ့ကျတော့ အိမ်နားက ကိုရွှေသီးဆိုတဲ့ လူက ကိုကြီးမျိုးဝင်း လွယ်အိတ်ခဏ မန်ကျည်းရွက်ခူးချင်လို့တဲ့ ။ 

      ရော့ ဆိုပြီး ပေးလိုက်ပါတယ် ။ သူလွယ်အိတ်ပြန်လာပေးတော့ မျက်နှာက စပ်ဖြီးဖြီး နဲ့ ရော့ပါကိုကြီးမျိုးဝင်း အကောင်းအတိုင်းပဲ နော် ပြန်စစ်အုံးတဲ့ ။ နေစမ်းပါဗျာ ဆိုပြီး လွယ်အိတ်အလွတ်ကို မန်ကျည်းရွက်ခါထုတ်ပြီး သပ်သပ်ရပ်ရပ် လွှင့်ပစ်ပြီး ကုတင်ပေါ် သိမ်းလိုက်ပါတယ် ။ 

      နောက် နှစ်ရက်လောက် နေတော့ မှ အမေက မန်ကျည်းရွက် ခူးခိုင်းလို့ တက်ခူးပါတယ် ။ ခူးရင်းနဲ့ ဘယ်လောက် ရပြီလဲ ဆိုတာ သိချင်လို့ လွယ်အိတ်ထဲကို မန်ကျည်းရွက် လက်နဲ့ဆုပ်ကြည့်ပြီး စမ်းလိုက်တော့ ခုတုတု နဲ့ စမ်းမိတယ် ။ 

      အသေအချာ ပြန်ကြည့်လိုက်တော့ လွယ်အိတ်ထောင့်က ချုပ်ရိုးနဲနဲ ပြဲနေပြီး အတွင်းထဲ စာရွက်ခေါက်လေး တခု ရောက်နေတာကိုး ။ ခါချလည်း ဒင်းက ထွက်မလာနိုင်ဘူးလေ ။ ဘာလဲဟ ဆိုပြီး သေသေချာချာ ထုတ်ကြည့်တော့မှ အသေအချာခေါက်ထားတဲ့ စာရွက်လေး ထွက်လာတယ် ။ 

      စာကို ဖြန့်ဖတ်ကြည့်လိုက်တော့ ကျနော်လည်း မန်ကျည်းပင်ပေါ်က ပြုတ်ကျလုမတတ် ဖြစ်သွားရပြီး မန်ကျည်းရွက် ဘယ်လောက်ရနေလည်း မစဥ်းစားနိုင်ပဲ ကပျာကရာ ခြေတုန်လက်တုန် နဲ့ ဆင်းပြေးလာရပါတယ် ။ အမေ့ကို မန်ကျည်းရွက် အိတ်ပေးရင်း ယူလာတဲ့ စာကို အိမ်ပေါ်မှာ တယောက်ထဲ ပြန်ဖတ်ရပါတယ် ။

     စာထဲမှာ ရေးထားတာက.........?

            မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...