Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (6)



"အဲဒီလှေက တို့တရွာလုံးရဲ့ အသဲနှလုံးလှေပဲ ကွ ဆရာတော်သာ မင်းတို့ အဲလို တက်ပြီးဆော့နေတာ မြင်ရင် လေးခွနဲ့ ပစ်ချမှာ သေချာတယ် "

"လှေပဲ ဗျာ ဘာဆန်းလို့လဲ "

"ဟကောင် ဒါက နာမည်ကျော် ဗိုလ်ချုပ်လှေကွ မန္တလေးတိုင်းမှာ လွတ်လပ်ရေးနေ့ လှေလှော်ပြိုင်တိုင်း ပထမချည်း ရနေတဲ့ လှေကွ"

"ဟာ ဟုတ်လား ဗျ မသိဘူးလေ ဘာလို့ ပထမချည်းရတာလဲ ဗျ လှေကြောင့်လား လူကြောင့်လား  လှေက သူ့ဘာသာ ပြေးနေလို့လား ? "

"ခွေးကောင် စကားကပ်လာပြီ လှေက ရာဇဝင်နဲ့ ကွ "

"လုပ်ပါအုံး "

"မြစ်ထဲမှာ မျောလာတဲ့ တလုံးတည်းသော သစ်လုံးကြီးနဲ့ပဲ ထွင်းထားတာ ကွ အချိုးကျလွန်းလို့ လူခြင်းတူရင် ဒီလှေလှော်ရတဲ့ဘက်ကပဲ နိုင်တယ် ကွ "

"သြော် ဒါဆို လှေက တစင်းပဲ ရတာလား ဗျ သစ်လုံးကြီးဆို ၂ စင်းဖြစ်ရမှာပေါ့ "

"အေးကွ မင်းမေးတတ်တယ် ဟုတ်တယ် လှေက ၂ စင်းရတယ်ကွ တစင်းက အခု သင်္ဘောတင် ရွာမှာရှိတဲ့ ဗိုလ်အုပ်ဆိုတဲ့ လှေပဲ"

"သြော် ဒါက ဗိုလ်ချုပ်   သင်္ဘောတင်ရွာက ဗိုလ်အုပ် ဒီလိုပေါ့ "

"ဟုတ်တယ် ကွ "

"ဒီလှေ ဘယ်လောက် တန်သလဲ ဗျ "

"ပြဿနာပဲ မင်း အဲလို ရွာထဲ သွားမေးရင် ရိုက်လွှတ်မှာ သေချာတယ် လှေက ရွာရဲ့ ဂုဏ်ကျက်သရေ ပစ္စည်းကွ ဘယ်လောက်ပေးပေး မရောင်းဘူး "

"ဟုတ်ရဲ့လား ဗျာ "

"အေးကွ ဒီလှေက တို့ မိဘတွေ လက်ထက်တုန်းက တရွာလုံး ချမ်းသာအောင် လုပ်ပေးခဲ့တာကွ "

"အိုးးးးလှေက ဘယ်လို ချမ်းသာအောင် လုပ်ပေးတာလဲ ဗျ "

"မင်း ခုန်ဆင်းကြေး လောင်းတယ် ဆိုတာ ကြားဖူးလား ကွ "

"ကြားဖူးတယ် နားမလည်ဖူး ဗျ "

"ဝါဝင်လို့ ရေကြီးရင် ငါတို့ ရွာတွေက အလုပ်မရှိတော့ဘူး ကွ ဒီတော့ လောင်းကြေးနဲ့ လှေပြိုင်ကြလေ့ ရှိတယ် ။ အရင်တုန်းက တရွာ နဲ့ တရွာ ခုန်ဆင်း လောင်းတယ် ဆိုတာ ရှုံးတဲ့သူက မိသားစုလိုက် လူချည်း ဆင်းသွားပေတော့ အိမ်မှာရှိတဲဘ အသုံးအဆောင်ဆို မီးညှပ်တောင် ယူခွင့်မရှိဘူး နိုင်သူအကုန်ယူ ပဲ "

"ဟိုက်သွေးကြီးလှပါလား ဗျာ "

"ငါတို့ ဗိုလ်ချုပ်လှေက ပြိုင်တိုင်း နိုင်တာချည်းပဲ ကွ ဒါကြောင့် ဗိုလ်ချုပ်​လှေကို ဘယ်သူမှ အထိမခံကြဖူး "

       ကိုအောင်မြင့်တို့ ဂုဏ်ယူနေတဲ့ ဗိုလ်ချုပ်ပြိုင်လှေဟာ သူပြောတဲ့ အတိုင်း အမှန်ပဲ ဗျ ။ နဝတ လက်ထက်အထိ လှေပြိုင်ပွဲတိုင်း နိုင်ပြီး ယှဥ်မယ့် မရှိလို့တော့လို့ သူ့ကို အနားပေးပြီး နိုင်ငံတော် လှေပြိုင်ပွဲတွေမှာ ရှေ့ဆုံးက အလံတင်လှေအဖြစ် ပဲ သုံးခွင့်ပြုပါတော့တယ် ။ 

       ဗိုလ်ချုပ်လှေတော်က အချိုးကျလှပပြီး နာမည်ကလည်း ဗိုလ်ချုပ်ဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သဘောကျပြီး နိုင်ငံတော်က ထိမ်းသိမ်းရမယ် ဆိုပြီး လာသိမ်းသွားတော့ လေးအိမ်တန်း ရွာသူရွာသားတွေ ငိုလိုက်ကြတာများ ဘုန်းကြီးပျံတုန်းကထက် အများကြီး များသဗျာ ။ 

      နောက်တော့ သူတို့ရွာက ပိဋိကတ် ၂ ပုံဆောင် ဆရာတော်တပါး ထွန်းပေါက်လာပြီး ဗိုလ်ချုပ်လှေကြီး ပြန်ရအောင် ကျိုးစား ခဲ့ပါတယ် ။ တချိန်တုန်းက လှေကြီးကို ရွာထိပ်ဘုန်းကြီးကျောင်းရဲ့ အောက်မှာ ဝံ့ကြွားစွာ ထိမ်းသိမ်းပြသထားတာ တွေ့ခဲ့ရပါတယ် ။ 

       ( စိတ်မကောင်းစရာက မြန်မာ့ပြိုင်လှေသမိုင်းရဲ့  ပြိုင်ဖက်ကင်း လှပကျော့ရှင်းနေတဲ့ ဗိုလ်ချုပ်လှေတော်ကြီး ထိမ်းသိမ်းခဲ့တဲ့ ဘုန်းကြီးကျောင်း​​ကြီးလည်း 2020 သင်္ကြန်အပြီးမှာ လေးအိမ်တန်းဘုန်းကြီးကျောင်း မီးလောင်သွားပါတယ် ။ ရေနံဝအောင် သုတ်လိမ်းပြီး ထိမ်းသိမ်းရတဲ့ လှေကို နိုင်ငံတော်အဆင့် ထိမ်းသိမ်းကြရာမှာ ဗိုလ်ချုပ်လှေတော်ကြီးဟာ ထိမ်းသိမ်းသူတွေ တာဝန်မဲ့ လုပ်ခဲ့ကြလို့ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ် )

             ကျနော်တို့ ပြန်လာတော့ ဗဟုသုတတွေ တပုံကြီးရခဲ့လို့ ကိုအောင်မြင့်ကို အထူးကျေးဇူးတင်ရပါတယ် ။ 

      ၉ တန်းကျောင်းသား ဘဝရောက်တော့ ငယ်သူငယ်ချင်းတွေက လူပျိုပေါက် အပျိုပေါက်တွေ ဖြစ်နေကြပေမယ့် ကျနော်ကတော့ ခန္ဓာကိုယ်ရော စိတ်ရော ကလေးသာသာပါပဲ ။ 

      ကျောင်းသားကြီးတွေ ဖြစ်တဲ့ ကိုမော်ကြီး ၊ ကိုသက်တူး ၊ ကိုသောင်းတန်ညွှန့် နဲ့ တောပုက ကိုစိုးဌေးတို့က ကျနော့်ကို ခပ်ဆိုးဆိုး ကလေးတယောက်လို သဘောထားပြီး အင်မတန် စကြ နောက်ကြပါတယ် ။ ကျနော်စိတ်ဆိုးပြီး လက်သီးနဲ့ထိုးရင် ရီနေကြတယ်ဗျ ။ သူတို့ ဗလ နဲ့ မဖြုံကြဘူးလေ ။

       သူတို့ကြောက်တာ လေးခွနဲ့ ပစ်မှာပဲ ကြောက်ကြတယ် ။ ကျနော်က အဲလိုလဲ မလုပ်ပါဘူး ဗျာ ။ သူတို့ စက်ဘီးတွေ လေလျှော့တာတို့ လေ့ကျင့်ခန်းစာအုပ်တွေ ခိုးထားတာတို့ အိမ်စာလုပ်ထားတဲ့ စာမျက်နှာတွေ ဆွဲဆုတ်တာတို့  ကောင်မလေးတွေ ရှေ့ဆို ပုဆိုးဆွဲချွတ် ပြေးတာတို့ လောက်ပဲ လုပ်တာပါ ။ 

       ကိုသောင်းတန်ညွှန့်က တခါတခါ ဂျစ်ကားပါလာတတ်တယ် ။ သူ့ကားဘီး လေလျှော့မလို့သွားကြည့်တာ မလျှော့တတ်လို့ ပြန်လာရတယ် ။ အဲဒါနောက်နေ့ လေထိုးဆိုင်သွားပြီး လေလျှော့နည်း သွားလေ့လာရတယ် ။ 

        နဲနဲကြာတော့ သူကားယူလာတယ် ။ ရှေ့ဘီးတလုံး လေလျှော့ထားလိုက်တယ် ။ ဒုက္ခရောက်ပြီး ကားတွန်းသွားမယ် ထင်တာ စပယ်ရာဘီးနဲ့ လဲပြီး မောင်းသွားတယ်လေ ။ နောက်တခါ လေးဘီးလုံး လျှော့ဖို့ စိတ်ကူးထားတယ် 😁😁😁

         ကျောင်းမှာ အားကစားပြိုင်ပွဲတွေလဲ လုပ်ပေးကြပါတယ် ။ သူ့အတန်းနဲ့သူပေါ့ ဗျာ ။ ကျနော်က အထက်တန်းပြိုင်ပွဲမှာ ဝင်ရမှာလေ ။ ကဲ ကိုယ့်ပုံစံနဲ့ ဘယ်ပွဲပြိုင်ပြိုင် ရှုံးနေမှာပဲ ။ လူက ယှဥ်မရအောင် သေးသေးကွေးကွေး ပဲ ဖြစ်နေတော့ အကြံထုတ်ရပါတယ် ။ ဆုကလည်း လိုချင်​သေးတာကိုး ဗျ ။ 

     ဟိုနားသွားကြည့် ဒီနားသွားကြည့် လုပ်နေတုန်း ၆ တန်းက စာရင်းကောက်နေတာက ကာယဆရာ ဦးတင်မြင့်တဲ့ ။ သူက ကာယဆရာဆိုတော့ ကျောင်းသားတွေကို အတန်း နဲ့ လူနဲ့ တွဲပြီး မသိဘူး လေ ။ ဒါနဲ့ ၆ တန်း D က ဆိုပြီး ခပ်တည်တည် စာရင်းပေးလိုက်တယ်  ။

       အားလူးကောက် ပွဲ ဦးဆုံးဝင်ပြိုင်တယ် ။ ကိုယ်ထက်ငယ်တဲ့ ၆ တန်းတွေထဲဆိုတော့ ok ပဲ ပထမရတယ် ။ နောက်တပွဲ မီတာ ၁၀၀ ပြိုင်တယ် ရတာပဲ ပထမ ။ နောက်တပွဲ မုန့်စားပြိုင်ပွဲ ။ တန်းလန်းချထားတဲ့ ကြိုးမှာ ချီထားတဲ့ မုန့်ကို လှုပ်ပေးနေတာ လေ မိအောင် ကိုက်စားရတာ ။ 
အဆင်ပြေတယ် မုန့်လဲ ကိုက်မိရော နားရွက်ကို အဆွဲခံရလို့ ကြည့်လိုက်တော့ ၈ တန်း တန်းပိုင် ဆရာမ ဒေါ်သိန်းသိန်းမြင့်

" ကဲ လူရှုပ် လာစမ်း"

      နားရွက်ဆွဲခေါ်သွားပြီး စာရင်းယူတဲ့ ဆရာဆီ သွားမေးတယ် ။ 

"ဒီကောင် ဘယ်အတန်းမှာ စာရင်းပေးထားတာလဲ ဆရာ "

        ဆရာက မမှတ်မိတော့ နာမည်မေးပြီး ပြန်ရှာတယ် ပြီးမှ 

" ၆ တန်း D လေ ဆရာမ ဘာဖြစ်လို့လဲ"

"ဒီကောင်က ၉ တန်း D က ဆရာရဲ့ ကလေးတွေထဲ လိမ်ပြီး ဝင်ပြိုင်တာ လာခဲ့"

       ကျနော့်ကို ၉ တန်းဆရာမတွေ ဆီ ခေါ်သွားပြီး တိုင်တော့ အားလုံးရီနေကြလေ ရဲ့ ။ မင်းက ဘာလို့ ၆ တန်း သွားပြိုင်တာလဲ တဲ့ ။ ဒီမှာပြိုင်ရင် မနိုင်လောက်ဖူး ဆရာမ အဲဒါကြောင့် နိုင်လောက်တဲ့ ၆ တန်းကို သွားပြိုင်တာ ဆိုတော့ ထပ်ရီနေကြပါတယ် ။

      သိသွားရတာက တရားခံရှိတယ် ဗျ ။ ကိုယ့်အတန်းနဲ့ကိုယ် အားပေးနေကြတာ ဘယ် ၉ တန်း ၁၀ တန်းသမားမှ အငယ်တန်းတွေဆီ လာမကြည့်တတ်ပါဖူး။ အဲဒါ ခြေရှည်တဲ့ ကိုမော်ကြီး နဲ့ ကိုစိုးဌေးက ဘယ်လိုရောက်လာပြီး တွေ့သွားတယ် မသိဖူး ကျနော့်ငယ်နိုင် ဆရာမကို သွားခေါ်လာတာ ဗျာ ။ 

       အဲဒီလို သူတို့လုပ်ကြတာကို တဝါးဝါးနဲ့ ပြန်ပြောတော့သိရတာပေါ့ ။ ကျနော်က အေး စိတ်မဆိုးကြေးနော် သိမယ်ဆိုတော့ အမလေး မင်းလုပ်နိုင် စက်ဘီးလေလျှော့ယုံပေါ့ ငါတို့က လေထိုးတံ ပါတယ် တဲ့ ။ 

       ပြောသာပြောနေကြတာ ၂ ယောက်လုံး ကျနော့်ကို ကြောက်နေတာ သိသာတယ် ။ ကျနော် ခဏအပြင်သွားရင်ကို ၂ ယောက်သား ကျောမလုံကြဘူး ဘာမဟုတ်တာ လုပ်လိုက်မလဲ ဆိုပြီး လိုက်ကြည့်နေတာ လေ ။ 

       နောက်တော့   မနေနိုင်ဘူး ဟေ့ကောင် မင်း ၆တန်း ပြိုင်ပွဲမှာ ဆုရလည်း ၅ိ ပေါ့ကွာ ရော့ ၅ိ မုန့်သွားဝယ်စားတဲ့ ။ ချော့နေတာလေ ပျော့မလားလို့ ။ ပေးတော့လည်း ယူတာပေါ့ ချော့ပေမယ့် မပျော့တတ်တာ ဒီလူတွေ မသိသေးဘူး လေ ။ 

     ဟင်းးးးဟင်းးးးဟင်းးးးး လေလျှော့တာက ရိုးနေပြီလေ ဒင်းတို့အတွက် အကွက်သစ်တွေ ဒီက ကြံစည်ပြီးသားလေ ။ ကဲ သေဖို့သာ ပြင်ပေတော့ ကိုမော်ကြီး နဲ့ ကိုစိုးဌေးတို့ရေ ငမျိုးက လူသာသေးတာ မဟုတ်တဲ့ဥာဏ်ကတော့ ရောင်စုံထွက်တယ် ဗျ ။ 

        ကြိုတင်ကြံစည်မှုတွေ လုပ်ပြီးပြီ ။ ကျနော်တို့ အခန်းထဲမှာ လှသလောက် စွာတေးလံတဲ့ သူငယ်ချင်းမ တယောက်ရှိတယ် ။ သူ့​ကို အသုံးချပြီး ကိုမော်ကြီးကို ဒုက္ခစပေးပုံက ,,,,,,,,,,?

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...