Monday, July 5, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (20)



          ရုံးခန်းထဲမှာ အမှုစစ်နေရင်း ကျနော် ကျောင်းမပျက်ကြောင်း ဖဲထုပ်ကလည်း ကျနော့် အမေ ရဲ့ အမေ အဖွား ဆုံးသွားလို့ ဖဲရိုက်ပြတော့ ကျန်နေတဲ့ ဖဲထုပ်အဟောင်း ပါ ဆိုပြီး ပြောတာပေါ့ ။

      နောက်ပြီး အဲဒီ ဖဲထုပ်ကို စန်းလွင်က ငှားပါ ဆိုလို့ ငှားလိုက်တာပါ လို့ ဥာဏ်ရှိသ​လောက်​တော့ လွတ်လို လွတ်ငြား ဖြီးချတာပေါ့ ။ အံမယ် စန်းလွင်ကလည်း ကျနော့်ဆီက ရတာလို့ သာ ဖော်ကောင် လုပ်ထားတာ ဆိုတော့ ကျောင်းအုပ်ကြီးလည်း ဇဝေဇဝါ ဖြစ်သွားတယ် ဗျ ။ 

           အဲလို နဲ့ လွတ်လုလွတ်ခင်မှာ ပဲ လက်ထောက်ကျောင်းအုပ်ကြီးက ဖုန်းဆက်နေရင်း ပြန်လာပါတယ် ။ ကျနော်ပြောတာ နောက်တခေါက် နားထောင်ပြီး ပါတီယူနစ်ရုံးက ကိုမျိုးရွှေဆီ ဖုန်းဆက်ပြီး လှမ်းအစ်ပါတယ် ။ ပေါ်တာပါပဲ ဗျာ ဟုတ်တယ် ကိုကြီးညိုသား အတင်းတောင်းသွားလို့ ဖဲထုပ် ပေးလိုက်ကြောင်းပေါ့ ။ 

      သေပြီးသား အဖွား ပြန်သေခိုင်းတာရော ၊ ပါတီယူနစ်ရုံးကနေ ရည်ရွယ်ချက် ရှိရှိ ယူလာတာကော ဗူးပေါ်သလို ပေါ်တော့တာပါ ပဲ ဗျာ ။ 

     တရားခံတွေထဲမှာ အတန်း အကြီးဆုံး ၊ ဖဲထုပ်ပိုင်ရှင် နံပါတ်တစ် တရားခံ အဖြစ် ချက်ခြင်း ရာထူး တိုးတော့တာပါပဲ ဗျာ ။ 

...........တော်သေးတယ် ကျောင်းအုပ်ဆရာကြီး ဦးကိုကိုကြီးကလည်း နာမည်ကြီး ဖဲသမားဆိုတော့ မင်းတို့ ကွာ ဖဲရိုက်ချင်ရင် ကိုယ့်ငွေကို ရှာပြီးမှ ရိုက်ကြကွ ဆိုပြီး တယောက် သုံးချက် ရိုက်ပြီး ပြီးသွားလို့ပေါ့ ။ ထူးခြားချက်က ကျနော့်ကို ငါး ချက် ဆော်တာပဲ ။ ဒါတောင် ကျောင်းမပျက်လို့ တဲ့ ။ ကျောင်းပြေးခဲ့ရင် ဆယ်ချက်အနည်းဆုံးတဲ့ ။ 

         ကိုယ့်ဖက်က အုံနဲ့ကျင်းနဲ့ ရှေ့နေလိုက်ခဲ့ကြတဲ့ ဆယ်တန်း ဆရာမတွေကတော့ နောက်ဆက်တွဲ ဂုဏ်ပြုဖို့ အပြင်က စောင့်နေလေ ရဲ့ ။ 

        ဝရံတာက စောင့်နေတဲ့ ဆရာမတွေက ကျနော် ထွက်လာတာလည်း မြင်ရော လူနားကို လှစ်ကနဲ ရောက်လာပြီး ကြက်ပေါက်စ စွန်သုတ်သလို လက်တဖက်က ဖျက်ကနဲ နားရွက်ကို တန်းဆွဲပြီး ခေါ်သွားတာပဲ ။ 

         အမလေးဟဲ့ အံ့သြဘ ငါတို့ကတော့ သူ့ဖက်က ရှေ့နေလိုက်ပြီး ကျောင်းအုပ်ကြီးကို ရန်လိုက်တွေ့ရတယ် ။ ပြီးတော့ ဒင်းက မာဖီးယားဂိုဏ်းချုပ် လုပ်နေတာ တွေ့မယ် တွေ့မယ် နဲ့ တတွတ်တွတ် ပြောရင်း အောက်ထပ်က ဆယ်တန်းခန်းတွေဆီ နားရွက်ဆွဲ ခေါ်လာပါတယ် ။ 

         အခန်းထဲရောက်တော့ တတန်းလုံးလည်း တိတ်ဆိတ်နေပြီး ကျနော့်ကို ဝိုင်းကြည့်နေကြလေရဲ့ ။ သောင်းတန်ညွှန့်တို့ကတော့ ဝမ်းသာပြီး ဖုံးဖိမရတဲ့ စပ်ဖြီးဖြီး မျက်နှာပေးတွေ နဲ့ ပေါ့ ဗျာ ။ ဆရာမက အကြောင်းစုံ ပြောပြီး ခေါင်းကို တတောက်တောက် ခေါက်တာပေါ့ ။ တင်ပါးက ခုန အရိုက်ခံလာရလို့ မရိုက်တာ တဲ့ ပြောသေးတယ် ။ 

      ပွဲက ပြီးပြီ မှတ်နေတာ စိုးဌေးက ကျနော့် လွယ်အိတ်သစ်လေး ထုတ်ပြပြီး ဟုတ်တယ် ဆရာမ ဒီလွယ်အိတ်တောင် သူက ဖဲဝိုင်းက အကောက်နဲ့ ဝယ်ထားတာ မကြာသေးဘူး ဆိုပြီး ထပြောတယ်လေ ။ 

     ဟဲ့ ဟုတ်လို့လား ဆိုတော့ သောင်းတန်ညွှန့်က ဟုတ်တယ် ဆရာမ ကျနော်လည်း သိပါတယ် တဲ့ ။ မသာကြီးတွေ အစွမ်းကုန် လှော်နေကြတာ ။ ကဲ သူတို့ကို ဆူးလေဆူး ထောင်ခဲ့တာ အဲလိုတွေကြောင့် ဗျ 😁😁😁။ 

        လိုက်လာတဲ့ ဆရာမတွေက အမလေး စီးပွားရေး ဒီလောက် သောင်းကျန်းတဲ့ကောင်  ငါးချက် ရိုက်တာ နည်းသေးတယ် ဘာညာ နဲ့ သြဘာပေးနေတာ ပေါ့ ။ ကောင်မလေးတွေလည်း တခိခိ နဲ့ ဗျာ ။ ဘာပဲ ပြောပြော အင်မတန် ဝင်ငွေကောင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတခုတော့ နိဂုံးချုပ်ရပြန်လေပြီ ။ 

         ကျနော်လည်း အရမ်းနာမည်ကြီးသွားပြီး တခြားခန်းက လူတွေ တကူးတက လာကြည့်ရတဲ့ အထိ ဖြစ်သွားပါတယ် ။ ဒီကောင်နဲ့ ဝေးဝေး ရှောင်ကြစို့ ဆိုပြီး နေမှာပေါ့ ဗျာ ။ အဲသလိုကို စန်းပွင့်ခဲ့တာပေါ့ လေ ။ 

          ကျောင်းဖွင့်ချိန်မှာ အိမ်နားလေးကို မြို့ထဲက မိသားတစု ပြောင်းလာကြပါတယ် ။ သူတို့ကအခု ကိုးဆောင်တိုက်တန်းနားက သဘာဝဆေးလိပ်ခုံ နေတဲ့ တိုက်ကြီးကနေ ပြောင်းလာပြတာပါ ။ 

        မောင်ကျော်နဲ့ အတန်းတူ သန့်ဇင်ဆိုတဲ့ သူငယ်ချင်း ပါလာပါတယ် ။ အပေါင်းအသင်း မက်တဲ့နေရာမှာ သန့်ဇင်ကလည်း ကျနော်တို့ထက် မလျော့ပါဘူး ။ သူတို့အဖေက လျှပ်စစ် လိုင်စင်ရ ကံထရိုက်ကြီးပါပဲ ။ 

         မြင်းခြံ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲမှာ မင်းကျောင်းကွင်းထဲက နေ လျှပ်စစ်မီး ပေးတာ သန့်ဇင်တို့ပါပဲ ။ အဲဒီအချိန်က ချားရဟတ် ကြီးတွေ နားမှာ လျှပ်စစ်ပေးတဲ့ တဲတလုံး ရှိပါတယ် ။ ကျနော်တို့ရဲ့ ဘုရားပွဲ ရာသီအတွက် ဌာနချုပ်ပါပဲ ။ 

         ဆယ့်နှစ်ပွဲ စျေးသယ်တွေရဲ့ ဘဝကိုလည်း လေ့လာခွင့် ရခဲ့တဲ့ ကာလတွေ ဖြစ်ပါတယ် ။ အင်မတန်စည်ကားတဲ့ ဘုရားပွဲဟာ စံပယ်ပန်း အများဆုံး ပွင့်တဲ့ ရာသီဆိုတော့ ဘုရားခြေရင်းက စံပယ်ပန်းရနံ့တွေဟာ ဘယ်ရနံ့မှာ မလွမ်းနိုင်အောင် မွှေးပျံ့ကြိုင်လှိုင်နေပါတော့တယ် ။ 

         ဘုရားပွဲထဲမှာ ညတိုင်း ပျော်ပါးနေရင်း နေခဲ့ပေမယ့် အိမ်က လျှပ်စစ်ပစ္စည်းတွေကို လုပ်ပေးတတ်နေရင်ပဲ အမေက ပျော်နေပါတယ် ။ ပညာတခု ရရင် မနည်းဖူးတဲ့ ။ တကယ်က ပညာထက် အပျော်ကျူးနေတာပါ ။ 

             ကျနော့်ရဲ့ စွမ်းရည် သတ္တိကို ကြွားပါအုံးမယ် ။ ကျောင်းပိတ်ရက်မှာ ကိုကြည်လင်ဦးတို့ လင်မယားဆီ အလည်သွားကြပါတယ် ။ သူတို့အိမ် အရှေ့ဖက်ကပ်ရက်က ကိုသုတ ဆိုတဲ့ သူဌေးသား နေပါတယ် ။ မြို့ထဲမှာ မနိုင်လို့ မြို့ပြင်က ဆေးရိုးဂိုဒေါင်ခြံထဲ လာထားတာလေ ။ 

        အဲဒီ ကိုသုတတို့ လင်မယားက အရမ်းကြောက်တတ်ပါတယ် ။ ကျနော်တို့ ရောက်သွားချိန်မှာပဲ လင်မယား နှစ်ယောက် ငယ်သံပါအောင် အော်ကြလို့ ကျနော်တို့ အပြေးအလွှားသွားကြပါတယ် ။

     ဘာဖြစ်တာလည်း ဆိုတော့ မြွေကြီးတကောင် သူတို့ ကုတင်အောက် ဝင်သွားလို့ တဲ့ ။ နေစမ်းပါ ဆိုပြီး ငုံ့ကြည့်တော့ မှောင်နေတဲ့ အခန်းထောင့်ကုတင်အောက်က လှုပ်တုပ် လှုပ်တုပ် နဲ့ မြွေကို ရိုးတိုးရိုးတိတ် မြင်ရပါပြီ ။ ကိုကြည်လင် လေးခွယူခဲ့လို့ ပြောတော့ သွားယူပါတယ် ။ 

       လက်ထဲမှာ လောက်စာ သုံးလုံး အသင့် ဆက်တိုက်ပစ်ဖို့ လိုအပ်ရင် ပစ်ဖို့ ပြင်ထားပါတယ် ။ ကိုသုတ လင်မယားက တဆတ်ဆတ် တုန်နေလေရဲ့ ။ ကျနော်က ကုတင်အောက်ကို ဆောင့်ကြောင့်ထိုင်ကြည့်ပြီး ကဲ ခင်ဗျားတို့ ကြောက်ရင် ကုတင်ပေါ် တက်နေကြလို့ ပြောပြီး သေချာ ချိန်ပါတယ် ။ 

        ချိန်ပြီးတာ နဲ့ တခါတည်း ဖောင်းကနဲ ပစ်လိုက်ပါတယ် ။ ကုတင်အောက်က မြွေကို ဘယ်နားမှန်တယ် မသိပါဘူး မှန်ကြောင်းတော့ လက်ထဲလာတိုးတဲ့ အတွေ့အကြုံကြောင့် သိလိုက်ပါတယ် ။ မှန်လဲသွားရော ကုတင်အောက်က မြွေဟာ ဒေါသတကြီး ဖြီးးးးဆိုပြီး ဝလုံးထိုးကြီး ကျနော့်ဆီ ပြေးလာပါတယ် ။ 

       အတော်ကြီးတဲ့ မြွေဗျာ နောက်တချက် ပစ်နိုင်ဖို့ ဝေးလို့ ဖြီးကနဲ့ တဟုန်ထိုး ထွက်လာတာလည်း မြင်ရော ဆောင်​ကြောင့်ထိုင်ရင်း ခုန်ပြေးလိုက်တာ ကုတင်ပေါ်ကို ကိုသုတတို့ လင်မယားထက် အရင် ရောက်သွားပါရောလား ။ 

      မြွေကြီးက မဲနက်နေပြီး ခြေသလုံးလောက် ကြီးတယ် ဗျ ။ သူလည်း ခြံစည်းရိုးက ခြုံထဲ တန်းကနဲ ပြေးတာပါပဲ ။ ဘေးက ကြည့်နေတဲ့ သူရဲကောင်းတွေလည်း ပြေးလိုက်တာ အရပ်လေးမျက်နှာ အနှံ့ပဲ ဗျ😁😁။ 

        သူတို့ရှေ့ ကုတင်ပေါ် ရောက်နေတဲ့ ကိုသုတ လင်မယားလည်း ကျနော့်ကို ကြည့်ပြီး ရီလိုက်ကြတာ အူတက်နေကြလေရဲ့ ။ 

"အမလေးတော် သူ့အားကိုးရမလား အောက်မေ့နေတာ သူက ကုတင်ပေါ် အရင်ရောက်နေတယ် ''

     ဆိုပြီး လာသမျှလူ ဖောက်သယ်ချ ရီမောနေလေ ရဲ့ ။ ကိုင်း တွေ့ပြီနော် ကျနော်ရဲ့ ရဲစွမ်းသတ္တိ နဲ့ လုပ်ရည်ကိုင်ရည်ကို ပေါ့ ။ 

         အဲဒီလိုနဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ လမ်းစဥ်လူငယ် သီချင်းတွေကို ရွာတွေမှာ လိုက်သင်ရပြန်ပါပြီ ။ ဒီတခါ သွားရမှာ ဧရာဝတီ မြစ်ဘေးက ကုလားရွာ ဆိုတဲ့ ရွာကို သွားကြရမှာပါ ။ ကုလားရွာကို သွားရင် ဆီမီးခုံကတဆင့် သွားရမယ် ။ 

      အခွင့်အရေး ရရင် လဲ့လဲ့ နဲ့ တွေ့ခွင့်ရနိုင်ပြီ ။ အခွင့်အရေးဆိုတာ ကျနော့်အတွက် ဖန်တီးဖို့ မခက်လှပါဖူး ။ အဲဒါနဲ့ သွားကြပါတယ် ။ ကုလားရွာမှာ သီချင်းတွေ သီဆို တီးမှုတ်ရင်း မိုးတွေ ကျလာပါပြီ ။ ဘုန်းကြီးကျောင်းထဲမှာ ကောင်မလေးတွေလည်း ဟိုသွား ဒီသွား သွားနေကြပါတယ် ။ 

        သစ်သီးတွေ ခိုးခူးလာကြတာ ကျနော်တို့လည်း မသိသေးဖူး ဗျ ။ အဲဒါ ပြန်မယ်ဆိုပြီး ကားထွက်လာလိုက်တာ ကုလားရွာနဲ့ ဆီမီးခုံကြား ကားဗွက်နစ်ပါရောဗျာ ။ 

         ဘယ်လိုမှ ဆက်သွားမရတော့လို့ ကုလားရွာမှာ ယောကျာ်းလေးတွေ ပြန်အိပ်ရမယ် မိန်းကလေးတွေက ဆီမီးခုံမှာ အိပ်ကြရမယ် တဲ့ ။ ဟိုက် အကြံရပြီ ဟ ဆိုပြီး ကျနော်က ဆီမီးခုံမှာ အသိရှိလို့ လိုက်အိပ်ချင်တယ်လို့ ပြောပါတယ် ။ 

      ကိုတာက မအိပ်ရဖူးတဲ့ မင်းက ကုလားရွာ လူကြီးနဲ့ သိတယ်တဲ့ ။ မင်းအဖေ မိတ်ဆွေဆိုတော့ မင်းပါရင် ပိုအဆင်ပြေတယ် တဲ့ ။ 
အဲဒါနဲ့ မိန်းကလေးတွေကို သွားခိုင်းလိုက်ရော ။ ကောင်မလေးတွေက အိတ်တွေပါ ယူမသွားကြဖူး ကျနော်တို့က သယ်ခဲ့ကြရတာပေါ့ ။ 

       ကုလားရွာမှာ ရွာလူကြီးအိမ်သွားတည်းရတာပေါ့ ။ သူလည်း ချက်ခြင်းပဲ ထမင်းချက်ပါတယ် ။ ဟင်းကတော့ ရှာချိန်မရတော့ မြေပဲဆံကျော် နဲ့  ကြက်သွန်နီပေါ့ ဗျာ ။ ထမင်းမကျက်ခင် ရေချိုးမယ် ဆိုတော့ မှောင်မဲနေတဲ့ ကြားထဲက ဓာတ်မီးလေးနဲ့ လိုက်ပို့တယ် ။ 

       ချောင်းသေးသေးလေး ပဲ ဆိုပြီး ရေဆင်းချိုးရင်း မြစ်က ဝေးသေးလားလို့ မေးမိတယ် ။ လိုက်ပို့တဲ့ ရွာခံက အခု မြစ်ထဲ ချိုးနေတာလေ ဆိုတော့မှ ကြောက်လန့်ပြီး ချက်ခြင်း ပြန်တက်ခဲ့ကြရတယ် ။ 

      ကြက်သွန်နီ ရယ် မြေပဲဆံကျော်ရယ် ထမင်းဆီဆမ်းရယ်ဟာ ဆာလောင်နေတော့ နတ်သုဒ္ဓါပါပဲ ။ စားနေရင်း မြေပဲဆံ ထပ်တောင်းကွာ တဲ့ ကပ်ပြေတယ် ။ အဲဒီအချိန် ရွာလူကြီးက ငါ့တူတို့ ဝအောင်စားဟေ့ ထမင်းတွေ အများကြီး ကွ လို့ ပြောပါတယ် ။ 

     ဒါနဲ့ မြေပဲဆံတောင်ဖို့ အချက်ရပြီ ဆိုပြီး ထမင်းကတော့ လောက်ပါတယ် ဗျာ  ဆိုကာရှိသေးတယ် လူကြီးက သြော် ကြက်သွန်နီလား မင်းတို့ ကုတင်အောက်က ကြက်သွန်နီ ပုံကြီးကွ ပေါမှ ပေါ အားမနာနဲ့ ယူစားကြ ဆိုလို့ မပြောလိုက်ရဖူး ။ 

      ညအိပ်တော့ အိမ်အပေါ်ထပ် အိပ်ပြတာပေါ့ ။ ကောင်မလေးတွေ အိတ်တွေကို လက်နဲ့ စမ်းမိတော့ ခိုးလု ခုလုတွေ တွေ့တယ် ။ မသကာ်လို့ ဖွင့်ကြည့်တော့ ထမီခေါက်တွေကြားထဲမှာ ဇီးချိုသီးတွေ ၊ မာလကားသီးတွေ အများကြီးပဲ တွေ့ပါတယ် ။ 

        ဘုန်းကြီးကျောင်းထဲက ခူးလာတာတွေ လေ ။ ကဲ စားထိုက်လို့ စားရတာ ထမီခေါက်ကြားထိုးထားလည်း စားသာ စားကြဆိုပြီး အကုန် ဝိုင်းစားတာပါပဲ ။ 

      မနက် မှိုးတိုးမှောင်တောင် ဝေလီဝေလင်းလေး နိုးလာကြတော့ ခင်မောင်ဆွေ ဆိုတဲ့ အမှတ် ၁ ရပ်ကွက်သားက စောင်ကြီးပတ်ပြီး အောက်ထပ်ကို တံမျက်စည်းရိုးနဲ့ ပြူတင်းပေါက်ကနေ လှမ်းထိုးနေပါတယ် ။ ဘာလဲဟ ဆိုပြီး ကြည့်တော့မှ ပုဆိုးကျွတ်ပြီး အောက်ထပ်က ပြူတင်းပေါက် ဘောက်ချိတ်မှာ ချိတ်နေတာကို ပြန်ယူနေတာ လေ ။ 

         မနေတတ်လို့ စောင်ခွာပေးလိုက်တော့ ဖင်ပြောင်လေးနဲ့ အော်လိုက်တာ အားလုံးနိုးလာတော့တာပဲ ။ ကျနော်တို့လဲ လင်းကထဲက တဟီးဟီး တဟားဟား နဲ့ စလာကြတာပါပဲ ။ ကျနော်က အစောကြီး နိုးတာလည်း မပြော နဲ့ လဲ့လဲ့ရှိရာ ဆီမီးခုံကို သွားချင်လှပြီလေ ။ 

           မနက်စာ မစားဖူး ကျနော် နဲ့ အဖော် သုံးယောက် ဆီမီးခုံကို သွားနှင့်မယ် ဆိုပြီး အမြန်ဆုံး နှုံးနဲ့ လမ်းလျှောက်ခဲ့ပါတယ် ။ အဖော်ကောင်းလို့ ပါလာတဲ့ သုံးယောက်က ဟကောင် ဖြေးဖြေး သွားပါ ကွ တဲ့ ။ 

        ဆီမီခုံကို ရောက်လာပါပြီ ။ လဲ့လဲ့တို့ အိမ်ရှေ့လမ်းမှာ ရေတွေ ပြည့်နေပါတယ် ။ ပေါင်လယ်လောက်တော့ ရောက်နေပါပြီ ။ ပေါင်လယ်မကလို့ တကိုယ်လုံးမြှပ်လည်း သွားမှာပါပဲ ။ ရေထဲကို တဝုန်းဝုန်း ဖြတ်ပြီး လဲ့လဲ့တို့ အိမ်ရှေ့ထိ ရောက်သွားချိန်မှာတော့ ကျနော် အလွန်တွေ့ချင်နေတဲ့ လဲ့လဲ့ဟာ.........

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...