Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (8


   "အောင်မလေး ဗျ"

          စောခိုင်ဟာ ငယ်သံပါအောင် အသံနက်ကြီးနဲ့ အော်ပြီး ဗြန်းကနဲ ထွက်ပြေးသွားပါတော့တယ် ။ နဂိုကတည်းက မကြောက်တကြောက် လုပ်နေတဲ့ ကျနော်လည်း တခါတည်း ပြေးတာပဲ ။ 

       မောင်ကျော် နဲ့ ဖိုးလုံးလဲ နောက်ကနေ ပြေးလိုက်လာလေရဲ့ ။ စောခိုင်က ရေစက်သံကြားနေရတဲ့ ကျနော်တို့ အိမ်ထဲ ပြေးတာဗျ ။။ ရေခပ်သူတွေ ရှိနေတာ သူသိတယ်လေ ။ 

         လမ်းဆုံကနေ စောခိုင်က ညဥ့်နက်သန်းခေါင်ကြီး အောင်မလေးဗျဆိုပြီး အော်ပြီး အပြေး သူ့နောက်က ကျနော်တို့ ၃ ယောက်က တဗြုန်းဗြန်းထပ်​ပြီးပြေးတော့ နွေရာသီ အိပ်မရတဲ့ လူကြီးတွေက ကြားကြတာပေါ့ ဗျာ ။ 

     ဘာဖြစ်တာလဲ ဟ ဆိုပြီး နောက်ကလိုက်လာကြတာ ကျနော့်အိမ်ထဲမှာ ရေခပ်သူတွေရော ဝန်းကျင်ကလူကြီးတွေရော ပြည့်သွားတာပဲ ။ စောခိုင်ကို အမေက ရေတွေ တိုက်ပြီး ငါ့တူ ဘာဖြစ်တာလဲ  ဘာဖြစ်တာလည်း မေးနေတာ ဒီကောင် မဖြေနိုင်ဘူး အကြောက်လွန်နေတာ လေ ။ 

      သူ့မေးမရတော့ အမေက ကျနော့်မေးတယ် ဟဲ့ နင်တို့ ဘာဖြစ်လာတာ လဲ တဲ့ ။ 
ကျနော်ကလည်း မောင်ကျော့်ဒေါ်လေး သရဲမဆီက ပိုက်ဆံတောင်းမလို့ သရဲခေါ်နေကြတုန်း စောခိုင် အော်ပြီး ပြေးလို့ နောက်ကပြေးလိုက်ကြရကြောင်း ပြန်ပြောတော့  လူကြီးတွေက လန့်သူတွေလန့် ရီတဲ့သူက ရီကြတာပေါ့  ။ 

        မကောင်းဆိုးဝါးက ခြောက်တယ် မလုပ်ကောင်းတာ လုပ်ကြတယ် ။ ကြံကြံဖန်ဖန် သရဲဆီကတောင် ပိုက်ဆံတောင်းဖို့ လုပ်တဲ့ကောင်တွေ ဆိုပြီး မောင်ကျော် နဲ့ ကျနော့်ကို ဆော်တာပေါ့ ။ 

         အဲဒါနဲ့ ဖိုးလုံးက သရဲမဟုတ်ဖူးတဲ့ စောခိုင်ကြောက်နေမှန်းသိလို့ သူ့ဖင်ကို ခြေထောက်နဲ့ တို့ လိုက်တာ တဲ့ ဗျာ ။ ရီစရာ ကောင်းတာက လမ်းဆုံက စားပွဲခုံကြီး ဘယ်သူမှ မယူရဲလို့ မနက်လင်းမှ သွားယူကြရတယ် ။ 

       ဒီလိုနဲ့ ဝါဆို ဝါခေါင် မြစ်ရေတွေတက်လာတာ အတော်များလာပြီး ဆယ်ကန်အင်း ရောက်ပြီလို့ ပြောပါတယ်  ။ ၉ တန်းရောက်တဲ့ အထိ ဆယ်ကန်အင်းကို ကျနော် မရောက်ဖူးသေးပါဘူး ။ အမှတ် ၁ က သူငယ်ချင်းတွေ လာခေါ်ကြပါတယ် ။ 

         အဲဒီကျမှ သိရတာ ကျောင်းကသူငယ်ချင်း အသစ်တွေကလည်း အမှတ် ၁ သစ်တောဝန်း ၊ ထွန်စက်စခန်းဝန်း တွေထဲကကိုးဗျ ။ ဆယ်ကန်အင်းဆီသွားရတဲ့ ကိုးတောင်ပြည့် ဘုရားနားမှာ တန်းစီနေကြတာကိုး ။ ဟိုအိမ်က အလည်ခေါ် ဒီအိမ်က အလည်ခေါ် နဲ့ ပျော်စရာကြီး ဗျာ ။ 

        ဆယ်ကန်အင်းထဲမှာ ရေသွားချိုးကြပါတယ် ။ အံမယ် သူက မြင်းခြံမှာ အဲဒီခေတ်က နာမည်ကြီးတာလည်း မပြောနဲ့ ဗျ ။ ပင်လယ်ကမ်းစပ်လိုပဲ ဖြစ်နေတာလေ ။ မြစ်ရေလေးတွေက လှိုင်းလေးတွေ ထပြီး ပြေပြစ်တဲ့ ကြမ်းပြင်နဲ့ ဆိုတော့ ရေဆော့လို့ ကောင်းကိုး ဗျ ။ 

         အမှတ်  ၁ သား ခင်မောင်ဆွေ ဆိုတဲ့ သူငယ်ချင်းက လှေယူလာတယ် ဗျ ။ ခပ်တည်တည်ပဲ လှေပေါ်တက်ပြီး လှော်တာပေါ့ ။ အံမယ် ကြည့်လို့သာ လွယ်တာဗျ လှော်ကြည့်တော့ လည်ထွက်နေတယ် သွားချင်တဲ့ဆီ မရောက်ဖူး ။ 

          လှော်ရင်းနဲ့ လှိုင်းကန့်လန့် ခံသွားပြီး လှေမှောက်တာလည်း သတိရတယ် ။ ကမ်းနဲ့နီးပြီး ရေကူးတတ်တဲ့သူတွေချည်း ဆိုတော့ ဘာမှ မဖြစ်ပါဘူး ။ 

          ကျနော်တို့ အခန်းထဲမှာ လူမျိုးစုံ ရှိပါတယ် ။ တရုတ် ကုလား ပြောတာပါ ။ အားလုံးသော သူငယ်ချင်းများဟာ ဘာသာ လူမျိုး မခွဲခြားပဲ အလွန်ခင်မင်ကြပါတယ် ။ 

           ကျနော်တို့ဆီမှာ ရပ်ကွက် / ကျေးရွာ အလိုက် ဘုရားပွဲတွေ ကျင်းပလေ့ ရှိကြပါတယ် ။ ကိုယ့်ရပ်ရွာ ပွဲဆိုရင် သူငယ်ချင်းတွေကို ကိုယ့်အိမ်မှာ ဧည့်ခံကြလေ့ ရှိပါတယ် ။ ဧည်မခံနိုင်တဲ့ အိမ်အချို့ရှိရင်လည်း အိမ်ရှင်သူငယ်ချင်းက ပွဲစျေးလိုက်ပြီး အကြော်စုံလောက်တော့ ဧည့်ခံကြပါတယ် ။ 

        ကျနော်တို့ ပွဲရောက်ပြီဆိုတာနဲ့ အဖေက ဒီနှစ်တော့ အုန်းနို့ခေါက်ဆွဲ များများလုပ်မှ ရမယ်တဲ့ ပြောပါတယ် ။ အမေက ဘာလို့လဲ မေးတော့ ညည်းသား ဘော်ဒါတွေက တမြို့လုံး ဖြစ်နေပြီ လာကြမှာ တဲ့ ။

     မှတ်မှတ်ရရ အုန်းနို့ခေါက်ဆွဲ အချိန် ၂၅ ပိဿာ နဲ့ ကန်ဇွန်းဥ ၁၀ ပိဿာ ပိန်းဥ ၁၀ ပိဿာ လုပ်ထားရပါတယ် ။ ကုန်တာပဲ ဗျ ။ အဖေမှန်းတာ မှန်ပါတယ် ကျနော်သူငယ်ချင်းတွေ အများကြီးလာကြတာကိုး ။

     အဖေ့ကို မေးကြည့်မိသေးတယ် အဖေက ကျနော့်သူငယ်ချင်းတွေ အများကြီးလာမှာ ဘယ်လို သိနေလဲ ဆိုတော့ 

"လာမှာပေါ့ကွ မင်းက ဘယ်ရပ်ကွက် ပွဲရှိရှိ အားမနာတမ်း သွားစားနေတာကိုး တို့ရပ်ကွက်က မြို့ပေါ်မှာ နောက်ဆုံးကတဲ့ ပွဲဆိုတော့ လာကြမှာပေါ့ "

         အဖေပြောတာ မှန်တယ် ဗျ  ။ ဘယ်ရပ်ကွက် ပွဲရှိရှိ ကျနော်က သွားပြီးသားပဲ ။ မောင်ကျော်တို့နဲ့ တစ်တန်းပဲ ကွာပေမယ့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ အများကြီး ကွာဟ သွားရပါပြီ ။ ဘင်ခရာသင်တန်းတက်ခဲ့ရခြင်း အကျိုးပါပဲ ။ 

          ၉ တန်းကျောင်းသား ဘဝမှာ ဟိုစ ဒီနောက်လုပ်တာကလည်း ပိုပြီး ဆိုးလာပါတယ် ။ မှတ်မှတ်ရရ မြွေစိမ်းတကောင် သူများသတ်ထား ယူလာပြီး အပ်ချည်ကြိုး အနက်နဲ့ ဆွဲပြီး ကောင်မလေးတွေ ခုံကြားထဲ သွားနောက်တာ ငယ်သံတွေပါအောင် အော်လိုက်ကြတာ ။ 

         ခပ်တည်တည် နဲ့ ဖယ်ဖယ် ဆိုပြီး သေပြီးသားမြွေ ဖိနပ်နဲ့ ခေါင်းထုပြီး ကယ်တင်ရှင် စတိုင်ဖမ်းတာပေါ့ ။ ဒါပေမယ့် မသာကြီးကိုစိုးဌေးက ကြိုးအနက်လေး မြင်သွားပြီး ဖော်ကောင်လုပ်လို့ အဆော်ခံရတဲ့ အပြင် ပါနာတိပါနာ ဘာညာကွီကွ နဲ့ တရားနာခဲ့ရသေးတယ် ။ 

       ကိုစိုးဌေးက ရွာက လာတက်ရတာ ဗျ ။ တောပုကလား မသိဖူး ။ သူက သူ့အကို နဲ့ သူ့မရီးရှိတဲ့ အမှတ် ၁၈ ထဲက ချောင်းဘေး ရေတွင်းသွားတဲ့ လမ်းဘေးမှာ နေတာ ဗျ ။ ခြံအကျယ်ထဲမှာ သနပ်ခါးပင်တွေ အများကြီး ရှိပါတယ် ။ သူ့မရီးက ဖားဆို အလွန်ကြောက်တယ် ဗျ ။ 

       တနေ့ ကိုစိုးဌေးက ​ညနေကျောင်းဆင်းရင်  ကျောင်းပေါင်းစုံဘောလီဘော ပြိုင်ပွဲကို နွားထိုးကြီးမှာ လိုက်ကြည့်မလို့တဲ့ သူ့ထမင်းချိုင့်လေး သွားပေး ပေးပါ တဲ့ ။ ရတယ်ဆိုပြီး ယူထားလိုက်တယ် ။ နောက်သူ့မရီးအိမ်သွားတယ် ။ 

     အိမ်ထဲတန်းမဝင်​သေးဘူး ရေတွင်းဘေးကနေ ​​ချောင်းထဲအထိသွားလိုက်တယ် ။ ချောင်းထဲမှာ သဲဖားလိုက်ရှာတယ် ။ သဲဖားဆိုတာ သဲထဲမှာ တွင်းတူးနေတဲ့ ဖားဖြူဖြူလေးတွေ ဗျ ။ ကြည့်တတ်ရင် တွင်းပေါက်စအဝလေးတွေက မြင်ရတယ် ။ 

      အဲဒီ သဲဖား ဖြူဖြူလေးတွေကို ထမင်းချိုင့်ထဲ အပြည့်ထည့်ပြီး သွားပေးလိုက်တယ် ။ ချိုင့်ထဲမှာ ရွာက လူကြုံလာလို့ ဟင်းစားထည့်ပေးလိုက်လို့ ချက်ထားပါလို့ မှာလိုက်ကြောင်း ပြောလိုက်တယ် ။ 

      ထင်တဲ့ အတိုင်း နောက်နေ့ ကိုစိုးဌေးက လုပ်ထားဟေ့  လုပ်ထားကွ ငါတော့ ညအထိ ကောင်းကောင်းအိပ်မရဘူး အဆူခံရတာ တဲ့ ။ ကိုယ်ကသာ မကြောက်မရွံ့ သူ့မရီးကို နောက်ရဲတာ  သူ့အကိုက နာမည်ကြီး ဓားပြဗျ 😁😁😁😁

        နာမည်ကြီး ဓားပြကြီးသာဆိုတယ် သဘောတော့ အတော်ကောင်းသားဗျ ။ မှတ်မှတ်ရရ ကျောက်ဖရုံသီးတွေ ယိုထိုးပြီး ကျွေးတာ ဗျာ အရမ်းစားကောင်းတာ ပဲ ။ ကျနော်တို့စားတာ ကြည့်ပြီး အပြန်မှာ သတင်းစက္ကူနဲ့ ထုပ်ပြီး အများ​ကြီး ပေးလိုက်သေးတယ် ဗျာ ။ 

        အဲဒီခေတ်က အုပ်ချုပ်ပုံစနစ်က တမျိုးဗျ ။ ပါတီက အဓိကကျပေမယ့် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ရတာ ကောင်စီတွေ ဗျ ။ မဆလ ပါတီဝင် ဖြစ်ဖို့ လွယ်တယ် မထင်နဲ့ဗျ ။ ပါတီမိတ်ဆွေ အဆင့်အရင်ရအောင် လျှောက်ရတယ် ဗျ ။ နောက် အရံပါတီဝင် လျှောက်ရတယ်  ။ နောက်မှ တင်းပြည့်ပါတီဝင် ဆိုပြီး လက်ခံတာ ဗျာ ။ 

     ပညာတတ် ရှားပါးသေးပေမယ့် မရှိမဲ့ ရှိမဲ့ ပညာတတ်တွေကိုလည်း မြို့နယ်အဆင့် မပြောနဲ့ ရပ်ကွက်အဆင့်ကတောင် ခွေထားချင်ကြတာ ဗျ ။ လူကြီးအခံမရှိပဲ တင်းပြည့်ပါတီဝင် ဖြစ်ဖို့ မလွယ်ဘူး ဗျ ။ ဒါကြောင့်လည်း မတိုးတက် မအောင်မြင်တာ ဖြစ်မယ် ဗျ ။ 

      ကျနော့်အဖေက တရားသူကြီး လုပ်ရသလို ရှိသမျှစျေးတွေအားလုံးကိုလည်း အုပ်ချုပ်ရတယ် ဗျ ။ နောက်ပြီး ဆိုက်ကား ၊ မြင်းလှည်း ၊ လက်တွန်းလှည်း အစရှိတဲ့ အနှေးယာဥ်ဥက္ကဌ တဲ့ ဗျ ။ 

     ဒီတော့ စျေးပြဿနာတွေ ၊ အနှေးယာဥ်ပြဿနာတွေ အိမ်ကို ရောက်လာပြီး တ်ုင်ကြတောကြလုပ်နေတာတွေ ကြားနေရပါတယ် ။ ကျနော့်အဖေတို့ လူကြီးလုပ်ခဲ့ရတဲ့ မဆလ ခေတ်မှာ လာဘ်စားရင် မစဥ်းစားနဲ့ ပြုတ်ဖို့များတယ် ။ 

     အဖေဆိုရင် အနှေးယာဥ်လိုင်ဆိုင်တို့ စျေးဆိုင်ခန်းကိစ္စတို့ သူကိုင်တွယ်ရတာ ပဲ ကျနော့်တသက် ဘာတခုမှ သူမယူခဲ့ဘူး ဗျ ။ နိုင်ငံရေး သိက္ခာထက် အရေးကြီးတာ မရှိဘူးတဲ့ ဗျ ။ ကျနော့်အဖေကို သိတဲ့လူတိုင်းက ပြောကြတာရှိတယ် ကိုကြီးညိုလောက် ရိုးသားတဲ့လူ မရှိဘူး တဲ့ ။ 

     အမှန်ကတော့ မဆလခေတ်မှာ လာဘ်ယူသူ အတော်ရှားပါတယ် ဗျာ ။ ဒါက ၉ တန်းကျောင်းသား ဘဝအမြင်ပါ ပဲ ။ 

        ကျောင်းအုပ်ဆရာကြီး နာမည်က ဦးကိုကိုကြီးတဲ့ ဗျ ။ အလုပ် လုပ်နိုင်ဆုံး ကျောင်အုပ်ကြီးပါဗျာ ။ ၈၈ အရေးအခင်းမှာ အထက်ဗမာပြည် ဗကသ ဥက္ကဌ ကိုသန့်ဇင် တို့ အဖေပေါ့ ဗျာ ။ ဥပတိရုပ်ကတော့ မဲချောက်ချောက် ပိန်ပါးပါး နဲ့ မခန့်ညားလှပါဘူး ။ 

      ဒါပေမယ့် တာဝန်ကျေချက်ကတော့ မမြင်ဖူးဘူး ဗျာ ။ ခြေထောက်ကျိုးနေတာတောင် ချိုင်းထောက်နဲ့ ကျောက်ပတ်တီးနဲ့ ကျောင်းလာတက်ရုံတင် မကဘူး ကျောင်းကိုပတ်သွားပြီး စစ်သေးတာဗျာ ။ ဆရာမလာဘူး ဆိုရင် ဆယ်တန်းတွေကို အစားဝင်ပြီး အင်္ဂလိပ်စာ သင်တယ် ဗျာ ။

       ၉ တန်းနှစ်မှာ အမှတ်ရဆုံး ဖြစ်ခဲ့ရတာ တခုရှိခဲ့တယ် ဗျ ။ ကျောင်းနောက်ဖက် အိမ်သာချောင်ထဲမှာ အုတ်တံတိုင်းကာဖို့ မြေကျင်းတွေ တူးနေတုန်းကပေါ့ ဗျာ ။ 

     ကျနော်နဲ့ ဖိုးဌေးက ငုဝါပင်မှာ ကပ်နေတဲ့ ခူအိမ်တွေကို ယူလာပြီး အခန်းထဲက လူတွေရဲ့ ပါးတွေကို ပွတ်ပစ်တယ် ဗျ ။ အပွတ်ခံရတဲ့ ပါးတွေမှာ ခူမွှေးတွေစူးပြီး ယားတာပေါ့ ကုတ်လေ စူးလေ ယားလေ ပေါ့ ဗျာ ။ 

     ယောကျ်ားလေး တဝက်လောက် အဲလိုဖြစ်တော့ ဆရာမလည်း ဘာလုပ်ရမှန်းမသိဘူး ။ ကျနော်က ဆံပင်ရှည်နဲ့ လှိမ့်ပွတ်ပေးရင် ရကြောင်း ငယ်ငယ်က အဲလို ဖြစ်ဖူးကြောင်း ပြောလိုက်ပါတယ် ။ ဆရာမကတော့ သူ့ ဘီစပတ်ကြီး ဖြည်ပြီး တိုက်မပေးဘူး ဗျ ။ အခန်းထဲက ဆံပင်ရှည်ကြီးနဲ့ အင်မတန် သဘောကောင်းတဲ့ ဌေးဌေးမြင့်ဆိုတဲ့ ကျောင်းသူကို ခေါ်ပြီး လိုက်ပွတ်ပေးတယ် ဗျ ။ 

    ဌေးဌေးမြင့်က ကျနော်တွေ့ဖူးသမျှ မိန်းကလေးတွေထဲ မှာ စိတ်အရှည်ဆုံး သဘောအကောင်းဆုံး သူငယ်ချင်းတဦးပါပဲ ဗျာ ။ သူ့အဖေက ကျနော့်ဦးလေး နဲ့ အတူ ရုပ်ရှင်ပြစက် မောင်းတဲ့ ဦးထွန်းမောင် ဗျ ။ အခုတော့ ဘယ်ရောက်နေတယ် မသိတော့ပါဘူးအရင်ကတော့ အမှတ် ၃ ရပ်ကွက်ထဲကပဲ ဗျ ။ 

     ခူအိမ်ကုထုံးက မှန်သွားတော့ ၄၅ မိနစ်မပြည့်ခင် အဆင်ပြေသွားပါတယ် ။ အဆင်မပြေတာက တရားခံ ဖိုးဌေး နဲ့ ကျနော်ပါပဲ ။ ကျနော်တို့ ၂ ယောက်ကို အုတ်မြစ်ချဖို့ တူးနေတဲ့ မြောင်းကြီးကို ၅ တောင်ပြည့်အောင် တူးရမယ် တဲ့ ။ ကျောင်းလဲ မတက်ရတော့ဘူး ဗျ ။ 

     စာသင်ချိန်ကြီး ၂ ယောက်သား တူးနေရတာပေါ့ ။ အဲဒါ အရှိန်လေး ရတုန်းရှိသေးတယ် ဖိုးဌေးက ဟေ့ကောင် ဝပ်နေ ဝပ်နေ တဲ့ ။ မြောင်းထဲဝပ်ပြီး ဘာလဲလို့ မေးတော့ လက်ညှိုးထိုးပြတယ် ။ ခေါင်းလေးဖော်ပြီး ကြည့်တော့ ကိုမော်ကြီးတယောက် အိမ်သာဆီ သုတ်သုတ် သုတ်သုတ် လာနေလေရဲ့ ။ 

     ကိုမော်ကြီး နောက်မှာလည်း ကာယဆရာ ဦးတင်မြင့် ပေါ့ ၂ ယောက်သား အပြိုင်လာနေကြတာ ဗျ ။ ဖိုးဌေးက မြောင်းတလျှောက် ကုန်းကုန်းနဲ့သွားပြီး ကောက်ကောက်ကြီး ဖြစ်နေတဲ့ ကန္တာရဆူးကိုင်း အခြောက်ကြီး ယူလာပါတယ် ။ အပေါ်ကို လက်ညှိုးထိုးပြပြီး ကြည့်ခိုင်းပါတယ် ။ 

     ချက်ဆို နားခွက်က မီးတောက်ပြီးသား ကျနော်လည်း မော်ကြီး ဘယ်အိမ်သာ တက်မလဲဆိုပြီး လှမ်းကြည့်လိုက်တော့ တတိယအိမ်သာပေါ် တက်သွားတဲ့ ခြေအစုံကို မြင်လိုက်ရပါတယ် ။ 
  
     ယောကျာ်းလေး အိမ်သာတွေက ၁၀ လုံးလောက် တန်းစီဆောက်ထားတာ ဗျ ။ ဆရာတွေအတွက် သီးသန့် တလုံးက ခပ်လှမ်းလှမ်းမှာပေါ့ ။ အိမ်သာတွေက အခုခေတ်လို ရေလောင်းအိမ်သာ မဟုတ်သေးဘူး ဗျ  ။ တွင်းအိမ်သာတွေ ဆိုတော့ အောက်က ဟောင်းလောင်းကြီးတွေလေ ။ 

     ဖိုးဌေး ကန္တာရဆူးကိုင်း အကောက်ကြီး ထောင်ပြကတည်းက သူ့အကြံသိလိုက်ပြီလေ ။ မော်ကြီးအိမ်သာတက်တုန်း အောက်ကနေ ဆူးကိုင်းအကောက်ကြီးနဲ့ ဖင်ကို ထိုးချိတ်လိုက်ရင် ဒီလူကြီး ဘယ်လောက် အသဲပျက်သွားမလဲ စဥ်းစားသာကြည့်တော့ လေ ။ 

      နှစ်ယောက်သား မော်ကြီးတက်သွားတဲ့ တတိယအိမ်သာဆီကို တိတ်တိတ်လေးသွားလိုက်တယ် ။ ဖိုးဌေးက သူ့ဆူးကိုင်းအကောက်ကြီးကို အောက်ကနေ စကေးကိုက် ချိန်ပြီး အပေါက်ထဲကို ထိုးသွင်းချိတ်ဆွဲလိုက်တော့ နာလည်းနာ လန့်လည်းလန့်သွားတဲ့ အသံကြီး နဲ့ အော်လိုက်သံကို ကြားလိုက်ရပါတယ် ။ 

    မော်ကြီးရဲ့ အော်သံကို ပီတိစိတ်နဲ့ နားစွင့်နေတဲ့ ကျနော် နဲ့ ဖိုးဌေး အော်သံကြီး ကြားလိုက်ရတော့ ..........?

            မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...