Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (2)


    "ဟေ့ကောင် ကျောင်းတွေ ပိတ်ပြီကွ ငါတို့ တောထဲသွား ငှက်ပစ်ဖို့ လောက်စာလုံးကြရအောင်"

"လောက်စာက ငါ့ဆီမှာ ပေါတယ်ကွမောင်ကျော် ရ ဒီလိုလုပ်စို့"

"ဘာလုပ်မလဲ ပြောကွာ အိမ်နားနေရတာ ပျင်းလာပြီ"

"ဒါဆိုအခု ညနေ ကျစ်တီးကျစ်ပိုးမှာ ရေသွားကူးရအောင် ကွာ "

"ဟကောင် အခု ရေကူးတာ မိရင် ဖမ်းပြီး မြက်ပေါက်ခိုင်းနေတာနော်"

"လူအတွေပဲ မိတာပါကွာ ညနေ ၃ နာရီဆို ဘယ်သူမှ မရှိဘူး အမှတ်၁၇ ရပ်ကွက်ထဲက လူတွေလည်း ရေလာမခပ်သေးဘူး အေးဆေးပဲ လေ"

"အေး ဒါဆိုလည်း သွားလေကွာ"

          ကျစ်တီးကျစ်ပိုးရေကန်က အကျယ်ကြီးဗျ ။ နေရာက အမှတ် ၁၇ ရက်ကွက် အဖျားပိုင်းအစွန်မှာပေါ့ ။ ရေကူးဖို့ တိုင်ပင်နေတာကို ဖိုးလုံးညီ တင်အောင်လတ်ဆိုတဲ့ ကလေးက ကြားသွားပြီး သူလည်း လိုက်မယ်တဲ့ သူ့ကိုမခေါ်ရင် အိမ်တွေကို တိုင်မယ် တဲ့ လဒက ခြိမ်းခြောက်သဗျာ ။ 

     ကဲ မထူးပါဘူး ဆိုပြီး ဖိုးလုံးတို့ ညီအကိုရယ် အခြား ၂ ယောက်ရယ် အားလုံး ၆ ယောက် ၃ နာရီမှာ ရေကူးဖို့ ထွက်လာကြပါတယ် ။ ကန်ဘောင်ပတ်ပြီး လူအခြေနေ ဘုန်းကြီးအခြေအနေ အကဲခတ်နေတုန်း

"ဟေ့ မောင်ကျောင်းသားတို့ ဘုန်းကြီးနဲ့ လိုက်ခဲ့စမ်းကွာ ခဏလေးပါ"

"ဘာလုပ်မလို့လဲ ဘုရား "

"သြော် ကုဒေ(ကုဋီ) မချင်လို့ကွ လူလိုနေလို့ ခဏပါ "

(ဘုန်းကြီးက ကုဋီလို့ ပြောတာ စကားဝဲပြီး ကွမ်းစားတော့ ကုဒေလို့ ကြားမိတာပါ)

     ဒါနဲ့ လိုက်သွားကြတာပေါ့ ။ မောင်ကျော်က 

"ဟေ့ကောင် ဘုန်းကြီး ပြောတဲ့ ကုဒေ(ကုဋီ)ဆိုတာ ဘာလဲ ဟ"

"မင်းကလည်း အ တာကွာ ကုဒေ (ကုဋီ) ဆိုတာ လူလိုဆိုရင် ကုတင် ပေါ့ကွာ ဘုန်းကြီးတွေဆိုတော့ ထမင်းကို ဆွမ်းလို့ ခေါ်သလို ကွဲသွားတာပေါ့ "

"သြော် အေး အေး သိဖူးလေကွာ ဒါဆိုတို့က ကုတင်ကူပြီး ရွှေ့ရမှာပေါ့ "

"ဒါပေါ့ ကွ"

       ဆရာကြီးလုပ်ပြီး ခပ်တည်တည်နဲ့ ဖြီးချလိုက်တာ တကယ်မရတော့ ကုတင်မဟုတ်ပဲ အိမ်သာကြီး ဖြစ်နေရော 😁😁
မောင်ကျော်က ဟေ့ကောင် ကုတင်ဆို ဘယ်မှာလဲ ဟ အခု အိမ်သာ မနေရပြီ လို့ ပြောပြောပြီး ရီလိုက်တာ ဗျာ ။ 

      အဲဒီ အိမ်သာမတဲ့အထဲမှာ ကိုယ့်လူ ၆ ယောက်ထဲ မပါတဲ့ အိမ်နားက ပြဿနာကောင် မင်းသန်းဆိုတဲ့ကောင်ပါ ရောက်လာပါရော ဘုန်းကြီးက တွေ့တဲ့ခေါ်လာရင်း ပါလာတာလေ ။ ကူညီတဲ့ ကိစ္စပြီးသွားတော့ လာရင်းကိစ္စ ရေကူးဖို့ ခပ်သုတ်သုတ် သွားကြပါတယ် ။

      မင်းသန်းက နောက်ကပါလာပြီး ဘယ်သွားမလို့လဲတဲ့ ။ ငါတို့က ရေလာကူးတာကွ ဆိုတော့ သူလည်း ကူးမယ်တဲ့ ။ ကျနော်တို့က ရေကူးဖို့ တမင်လာတော့ အောက်က ဘောင်းဘီတိုတွေပါတယ် မင်းသန်းက မပါဘူး ။ ပြဿနာမရှိပါဘူးဗျာလွယ်ပါတယ် ။

         ပထမဆုံး ကျနော်တို့ အုပ်စုရေထဲဆင်းပါတယ် ။ နောက် မောင်ကျော်က ရေထဲကနေ ဘောင်းဘီချွတ်ပြီး ကန်ဘောင်ပေါ်က မင်းသန်းဆီ ပစ်ပေးလေရဲ့ ။ မင်းသန်းက ဘောင်းဘီဝတ်ပြီး ဆင်းလာတယ် ရေထဲရောက်တော့ ချွတ်ပြီး မောင်ကျော့်ကိုပြန်ပေးတာပေါ့ ။ 

     သြော် ပြောဖို့မေ့နေတယ် အညာက ရေကန်တွေက ရေအနောက်တွေ နော် ။ ရေကူးကန်လို ကြည်စိမ်းနေတာ မဟုတ်ဖူး ။ တော်ကြာမြို့ကြီးသားတွေက မြင်ချင်ရာ မြင်နေကြမှာစိုး လို့ 😁😁😁

       အားပါးတရ ကူးခတ်ဆော့ကစားနေကြတာပေါ့ ။ သိပ်မကြာပါဘူး ကန်ဘောင်ပေါ်ကို ကောင်မလေး တယောက် ဖြတ်သွားတာတွေ့ရပါတယ် ။ အဲဒါကို မင်းသန်းဆိုတဲ့ ကောင်က လိုက်စတယ်လေ ။ 

      လူကဖြင့် ဖင်ပြောင်ကြီးနဲ့လေ ။ အဲဒါကို သူ့ဘာသာမေ့ပြီး ရေကန်စပ်ကို တက်သတဲ့ ။ ဟိုကောင်မလေးက ဘာမြင်သွားတယ်  မသိပါဘူး ငယ်သံပါအောင် အော်ပြီး ပြန်ပြေးသွားမှ ကျနော်တို့က သိရတော့တာပဲ ။ 

      ကောင်မလေး အော်ပြေးမှ မင်းသန်းလည်း သူ့ကိုယ်သူ ဘောင်းဘီမပါတာ သတိထားမိပြီး ရေထဲ ဝုန်းကနဲ ပြန်ဆင်းပြေးလာတယ် ။ အားလုံးက တဝါးဝါး နဲ့ မင်းသန်းကို စနောက်ပြီး ရီနေကြတာပေါ့ ။

        ခဏနေတော့ မျက်စိလျှင်တဲ့ မောင်ကျော်က ဟေ့ကောင်တွေ ပြေးတော့ဟေ့ ကောင်စီလူကြီး လာနေပြီ ဆိုတော့မှ အားလုံး ကန်ဘောင်ပေါ်တက်ပြီး အဝတ်တွေ ဖိနပ်တွေ ပွေ့ပိုက်ပြီး ပြေးကြတာပေါ့ ။ 

      ကန်က အတော်ကျယ်တော့ ကျနော်တို့ကို မမှီကြပါဘူး ။ ကျစ်တီးကျစ်ပိုးကန် အရှေ့ဖက်နားမှာ ရွှေကျင်ကျောင်းက ရွှေကျင်ကန် ဆိုတဲ့ အပင်ရိပ်တွေနဲ့ အုံ့မှိုင်းနေတဲ့ ရေကန်လည်း ရှိပါတယ် ။ အဲဒီရွှေကျင်ကန်ဘောင်အရိပ်မှာ ထိုင်ပြီး အဝတ်တွေ လဲကြရတာပေါ့ ။ 

      တွေ့ရာ ဆွဲယူလာကြရင်း အငယ်ဆုံးဖြစ်တဲ့ ဖိုးလုံးညီ တင်အောင်လတ်လေးရဲ့ ဖိနပ်က ပါမလာတော့ဘူး ဗျာ ။ ဒီထက်ဆိုးတာက ဟိုကောင် မင်းသန်း ဖင်ပြောင်ကြီးနဲ့ ဆိုတော့ အပေါ်တက်မပြေးရဲလို့ ကန်ထဲမှာ မိသွားတာပဲ ။ ဒီကောင်ဖော်ရင် အိမ်တွေက အသေဆော်မှာပဲ ။ 

     မောင်ကျော်နဲ့ကျနော် ခပ်တည်တည် နဲ့ အဝတ်အစားတွေ ဝတ်ပြီး ကန်ဘောင်ဆီကို တခေါက်သွားပြီး အကဲခတ်ကြပါတယ် ။ မင်းသန်းကို ဘုန်းကြီးကျောင်းဆီ ခေါ်သွားကြပါတယ် ။ ကျနော်တို့ကို ဘယ်သူမှ သတိမထားမိကြပါဘူး ။ 

    မင်းသန်းဖော်မလား သိချင်တာနဲ့ နောက်ကနေ လိုက်ကြည့်တာပေါ့ ။ ကျောင်းထဲဝင်သွားတော့လို့ ကြည့်မရတော့ဘူး ။ အပြင်ကပဲ စောင့်နေမိတယ် ။ တော်တော်ကြီးကြာမှ ထွက်လာကြတယ် ။ အဲဒီမှာပဲ မင်းသန်းက ကျနော်တို့ကို မြင်သွားပြီး လှမ်းခေါ်တယ် 

"ဟေ့ကောင်တွေ လာ လာ မင်းတို့ကို ဘုန်းဘုန်းက ခေါ်လာ ခိုင်းနေတာ "

       ဒီကောင်လည်း အဲသလို လှမ်းပြောရော လူတွေက ကျနော်တို့ကို အကြည့် ၂ ယောက်သား လှစ်ကနဲ ပြေးလိုက်ကြတာ နောက်က ဘာတွေ အော်နေမှန်းကို မကြားတော့ဘူး နားထဲမှာ လေတိုးသံ တဟူးဟူးပဲ ကြားနေရတယ် ။ 

      ရွှေကျင်ကန်ဘောင်ပေါ် ရောက်တော့ ဟိုကောင် ၄ ယောက်ကို သတင်းဆိုး ပြောရတယ်  ။ မင်းသန်းကတော့ ဖော်ကောင်လုပ်လိုက်ပြီ တို့တော့ အတွယ်ခံရမှာ သေချာပြီ လို့ ။ ဒီတော့ ဖိုးလုံးက မင်းသန်းကို ဆဲပြီး လေးခွနဲ့ပစ်မယ်တဲ့ ။ တကယ်တန်းကျတော့ မင်းသန်းက သူ့အကို တဝမ်းကွဲ လေ ။ 

    ပျောက်တဲ့ဖိနပ်လည်း ပြန်မတွေ့ ၊ မင်းသန်းကိုလည်း လွတ်အောင်မပြေးလို့ စိတ်ဆိုးပေါ့ ။ မောင်ကျော်ကတော့ ဒီကောင်ကွာ ဘောင်းဘီမပါလည်း ဘာဖြစ်လည်း လက်လေးနဲ့အုပ်ပြေးလည်း ရတာပဲ တဲ့ ။ 
မင်းသန်းနှိမ်နင်းရေး စီမံချက် ဆွဲနေတုန်းမှာပဲ ခပ်လှမ်းလှမ်းမှာ မင်းသန်းကို မြင်လိုက်ရပါတယ် ။ 

       ဟေ့ကောင်တွေ ပုန်းနေကြဆိုပြီး ကန်ဘောင်ဘေးက ဒါန်းပင်တွေပေါ် တက်နေကြပါတယ် ။ ဒီကောင်တယောက်ထဲ အထုပ်လေးနဲ့ နောက်ကလူမပါဘူး ဗျ ။ ဒါနဲ့ ဒါန်းပင်အောက်ရောက်တော့ ဟေ့ကောင် မင်းသန်းဆိုပြီး ခေါ်ရတယ် ။ 

"ဟာ လန့်တာကွာ ကဲ လာ လာ ဘယ်သူမှ မပါဘူး ကွ "

       မင်းသန်းကို အခြေအနေမေးကြည့်တော့မှ သိရပါတယ် ။ သူ့လည်း မိသွားရော ဘုန်းကြီးဆီခေါ်သွားကြပါတယ် တဲ့ ။ ခေါ်သွားတဲ့ ဘုန်းကြီးက ကံအားလျှော်စွာပဲ ကျနော်တို့ အိမ်သာမပေးခဲ့တဲ့ ဘုန်းကြီးဖြစ်နေပါရော ။ ဘုန်းကြီးက မှတ်မိနေလို့ ဘာမှ အပြစ်မပေးပဲ ကျနော်တို့ကို သွားခေါ်ခိုင်းတာတဲ့ ။

      ကျောင်းထဲမှာ ကျနော်တို့ကိုတွေ့လိုက်တော့ အားရဝမ်းသာ ခေါလိုက်တာကို ကျနော်တို့က ကြောက်လန့်တကြား ထွက်ပြေးသွားတာတဲ့ (သိဖူးလေ မဟုတ်တာလုပ်ထားတော့ ပြေးဖို့ကြံစည်ထားရတာပေါ့ 😁😁😁)

     ဒါနဲ့ ဘုန်းကြီးက ဒီကလေးတွေ အကြောက်လွန်နေပြီ ကဲ မင်းပဲ လိုက်သွားတော့ ရော့ မုန့်တွေကျွေးလိုက် ဆိုပြီး ငှက်ပျောသီး နဲ့ ပေါက်ပေါက်ဆုပ် ရယ် ထန်းညက်ရယ် ပေးလိုက်တယ် တဲ့ ။ 

    သူ့လက်ထဲက အထုပ်ကြီး ဖြေပြတော့ ပါလာတဲ့ မုန့်တွေကို ငတ်ငတ်နဲ့ ခွဲဝေပြီး စားကြတာပေါ့ စားရင်းနဲ့ 

"ဟေ့ ကောင်ဖိုးလုံး မင်းက မင်းသန်းကို လေးခွနဲ့ ပစ်မယ်ဆို''

"မင်းတို့ကရော ဘာထူးလဲ တုတ်နဲ့ ညှိုသကျည်းရိုက်မယ့်လူ နဲ့ အုတ်ခဲကျိုးနဲ့ ခေါင်းထုမယ့်လူနဲ့ ပဲလေ"

"အေးလေ ဟေ့ကောင်မင်းသန်း မင်းက ဘာလို့ လိုက်မပြေးတာလဲကွ "

"ဟာကွာ ငါမှ ဘောင်းဘီမပါတာပဲ "

"အံမလေးကွာ ဘာရှက်စရာလိုလဲ လက်နဲ့ အုပ်ပြေးလည်း ရတာကို"

"ဟီး  ဟီး မင်းတို့လို မဟုတ်ဖူးကွ ငါက ပေါက်နေပြီ ဒါကြောင့် ကောင်မလေး အော်ပြေးတာ "

  "ဟမ်..."

     ( ဒီကောင်ပြောတာ သဘောကိုမပေါက်ဖူး ဘာပေါက်နေမှန်းကို စဥ်းစားမရဘူး 😁😁😁)

      အဲဒါနဲ့ ဘုန်းကြီးပေးတဲ့ မုန့်တွေစားသောက်ပြီး ပြန်လာကြပါတယ် ။ ညနေ ၄ နာရီ ကျော်ပေမယ့် နေအပူရှိန်ကျန်သေးတယ် ဗျ ။ ဖိနပ်မပါတဲ့ တင်အောင်လတ်က ပူနေတော့ လမ်းမလျှောက်နိုင်လို့ မောင်ကျော်နဲ့ ကျနော်က တလှည့်စီ ကုန်းပိုးပြီး ပြန်ခဲ့ရပါတယ်  ။ 

      အိမ်ပြန်ရောက်တော့ အေးဆေးပါပဲ ။ အဲဒီညမှာပဲ အိမ်မှာ အောက်လင်းမီးအိမ်ထွန်းပြီး အစည်းအဝေး လုပ်ကြပါတယ် ။ လမ်းမီးတိုင် ရလာပြီဖြစ်လို့ ဘယ်နေရာစိုက်မယ်ဆိုတာ ဆွေးနွေးကြတာပါ ။ 

     မကြာပါဘူး ဗျာ လမ်းမီးတိုင်တွေ စိုက်ထူပြီး လေးပေမီးပြောင်းတွေနဲ့ ထိမ်ထိမ်လင်းလာပါတော့တယ် ။ 

     အရင်တုန်းက လသာတဲ့ ညတွေမှာသာ ဆော့ကစားရတဲ့ ကျနော်တို့အတွက်တော့ လမ်းမီးတွေရလာတာဟာ အိုဗာတိုင် ကစားကြဖို့ မဟာအခွင့်ထူးကြီး ရလာတာပါပဲ ။ ကျနော်တို့ထက် ပိုပြီး ဟန်ကျတာက မိန်းကလေးတွေပါပဲ ။ ညတိုင်းမီးတိုင်အောက်မှာ ထုတ်ဆီးတိုးကြလေရဲ့ ဗျာ ။ 

         ကလေးတွေ ဆော့ပြီးချိန်ဆိုရင် အိမ်နားက စာပေးစာယူကျောင်းသားကြီး ကိုမောင်မြင့် နဲ့ ဆယ်တန်းသမားတွေ လမ်းမီးရောင်နဲ့ စာလာကျက်ပါပြီ ။ အစည်းအဝေးတွေကိုလည်း မီးတိုင်အောက်မှာ ဖျာခင်းပြီး ကျင်းပလာကြပါပြီ ။ ၁၉၈၀ ဝန်းကျင် လမ်းဘေးမီးတိုင်တွေရဲ့ တန်ဖိုးသည်ကား ကြီးမားလှပါတကား ။ 

       တနေ့ကျောင်းမှာ အတန်းကြီးတွေ တိုင်ပင်နေကြပါတယ် ။ ဘာလဲဆိုတော့ အထက ၁ က ကျောင်းသားတွေ နဲ့ ဘောလုံးကွင်းထဲမှာ လေးခွစစ်တိုက်ဖို့ စိန်ခေါ်ထားသတဲ့ ။ ငံတန်တန် နဲ့ ကျုပ်တို့ ဝင်ပစ်မယ်ဆိုတော့ လူရဲ့သေးငယ်တဲ့ ပုံသဏ္ဍန်ကြည့်ပြီး ရီနေကြလေရဲ့ အဖက်လုပ်တောင် မပြောဘူး ဗျာ ။ 

        ဒါနဲ့ မောင်ကျော့်ကို အဲဒီအကြောင်းပြောတော့ ဒါဆို အထက ၁ က ကောင်တွေကို နောက်ပိုးသိပ်ရအောင်ကွာ တဲ့ ။ ဒီအသံကြားချင်လို့ တိုင်ပင်တာလေ ဗျာ ။ ဒါနဲ့ အခြားကလေးတွေ မပြောပဲ ဖိုးလုံးကိုပဲ ခေါ်လာကြပါတယ် ။ 

     ဘောလုံးကွင်းထဲရောက်တော့ ၂ ဖက်ချိန်းထားတဲ့သူတွေ စတော့မယ် ။ ကျနော်တို့ ၃ ယောက်က အခြေအနေကြည့်တော့ အထက ၂ ကိုယ့်လူတွေက မြောက်ဖက် ရန်သူက တောင်ဖက် ။ ဒီတော့ ကျနော်တို့က ရန်သူ့ရဲ့  တောင်ဖက်ရောက်အောင် ကွင်းပြီး သွားကြပါတယ် ။ 

    လေးခွတိုက်ပွဲ စကြပါပြီ ။ တကယ်ပစ်ကြတော့ အထက ၁ ကကောင် ပစ်တာ အတော်ထိရောက်တယ်ဗျ ။ ခဏကြာတော့ အထက ၂ ဖက်က ပစ်အားကျစပြုလာပြီ ။ မထိရောက်ပဲ စွတ်ပစ်နေတော့ လောက်စာ နည်းသွားဟန် တူပါတယ်  ။ ဒါနဲ့ မောင်ကျော် နဲ့ ဖိုးလုံးကို အချက်ပြပြီး နောက်ကပစ်ကြပါတယ် ။ 

    လေးခွနဲ့လက်နဲ့မပျက်တဲ့ ကျနော်တို့ ၃ ယောက်ရဲ့ နောက်ဖက်က ပစ်ချက်တွေကို သူတို့မခံနိုင်ပဲ ထွက်ပြေးကြပါတယ် ။ နောက်မှသိရတာပါ အထက ၁ ဖက်ကခေါ်လာတာက ကျောင်းသားအစစ်တွေ မဟုတ်ဖူးတဲ့ ။ ဝက်သတ်တဲ့ ရှားတောရွာက လူတွေ ခေါ်လာတာတဲ့ ။ 

     ရှားတောရွာက အထက ၁ နဲ့ နီးပါတယ် ။ ဝက်သတ်တဲ့ရွာဆိုတော့ ဇရိုက်ကြမ်းကြမ်းတွေ အများစုရှိတဲ့ ရွာပေါ့ဗျာ ။ မဲဆွယ်ပွဲတုန်းက တောင်သာသွားပြီး တောင်သာသားတွေကို ရိုက်ပစ်တဲ့ မြင်းခြံဘုန်းကြီးဆိုတာ အဲဒီရွာကပေါ့ ဗျာ 😁😁😁

        ကျောင်းမှာလည်း အဲဒီလေးခွ တိုက်ပွဲပြီးသွားတော့ ၉ တန်း ၁၀ တန်းတွေကြားထဲမှာ နံမည်ကြီးသွားပြန်တယ် ။ လူပေလူတေ မိုက်တိမိုက်ကမ်းတွေ ဆိုပြီးပေါ့ ။ မှတ်မှတ်ရရ အတန်းပိုင် ဆရာမက မေးပြီး နသလယ်ကဆံပင်မွှေးဆွဲတာ ခြေဖျားထောက်တာတောင် အတော်ခံရသေးတယ် ဗျာ ။ 

       ငယ်ရွယ်သေးလို့လား မသိဘူးဗျ ။ ကျောင်းမှာသင်လိုက်တဲ့စာတွေကို အိမ်မှာ ပြန်မကျက်ပဲ ပစ်ထားတာပဲ ။ စာမေးပွဲ နီးမှ ဝရူးဝရူးထအော်ပြီး ဖြေတော့လည်း OK နေတာပဲလေ ။ ဒီတော့ ဆော့ဖို့ပဲ အမြဲအားထုတ်နေတာပေါ့ ။ တခါတခါအဖေက စာတွေမေးရင် ရနေတာတွေ့တော့ သူလဲ ကစားတာကို သိပ်မတားတော့ဘူးဗျ ။

     ဒီလိုနဲ့ ၈ တန်းဖြေပြီး နွေရာသီရောက်တော့ ကျနော့်အတွက် အတွေးအမြင် ကျယ်စေပြီး ကျနော့်မိသားစုအတွက်လည်း အမှတ်တရ ဖြစ်စေမယ့် ကိစ္စတွေကို ကြုံရပါတယ် ။ အဲဒါတွေကတော့ ........?

       မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...