Saturday, July 10, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (29)



    "မင်းတို့ နှစ်ယောက်ကို တို့ ရပ်ကွက်သားတွေက ရိုက်မလို့တဲ့ စောင့်နေကြတယ် မင်းတို့ ဒီရက်ပိုင်း မလာကြသေးနဲ့ အုံး ''

        အဲလိုပြောသွားတယ် ဗျ ။ ဒါနဲ့ ချောင်းဒေါင်းသားဆီ သွားပြီး အဲဒီ အကြောင်းပြောတော့ ဒီကောင်က အမလေးကွာ အမှတ် ၁ သားတွေ ဇ မရှိပါဘူး တဲ့ ။ 

      ဇ မရှိဖူးသာ ပြောတာဗျ  နောက်သုံးရက်လောက်ကြာတော့ အမှတ် ၁ ထဲ သွားဖို့ အဖော်တာ မလိုက်ရဲလို့ ဖျားချင်ယောင် ဆောင်နေလေရဲ့ 😁😁😁

          နိုင်ငံရေးက လိမ်ဖယ် လိမ်ဖယ် သွားနေတုန်းပါပဲ ။ နဝတကတော့ လုပ်အားပေးတွေ ခေါ်ပြီး ဆည်တွေလုပ် ၊ လမ်းတွေဖောက်နဲ့ တရကြမ်းခိုင်းနေပါတယ် ။ 

       အဲဒီခေတ်တုန်းက လုပ်အားပေးတယောက်ကို တရက်လုပ်အားခ သတ်မှတ်ပေးထားပေမယ့် အဆင့်ဆင့် ဖြတ်စားကြတော့ မဖြစ်သလောက် ငွေလေးတောင် မရကြပဲ ပိုပြီး အပြစ်တင်ခံခဲ့ရတာ စစ်တပ်ပါပဲ ။

      အဲဒါ ကိုယ့်လူကို မထိမ်းနိုင်ခဲ့လို့ ဖြစ်ခဲ့ရတဲ့ ဖျက်မရတဲ့ အမဲစက်ကြီးပါပဲ ။ တပ်မတော်က အမုန်းခံပြီး ဒါတွေ ဘာဖြစ်လို့ တည်ဆောက်ပေးခဲ့သလဲ ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ ။ 

         အဲဒီ လမ်းတံတား ဆည်မြောင်းတာတမံတွေ ဆိုတာ ဒေသခံတွေပဲ အကျိုးကျေးဇူး ခံစားကြရတာပါ ။ ဒါပေမယ့် ခပ်ညံ့ညံ့မြန်မာတွေကတော့ ကိုယ်ချွေးတပေါက် ပေးဆပ်ခဲ့ရတာကို နာကျည်းမဆုံး ဖြစ်နေကြပြီး ေအသက်သွေး ပေးဆပ်ခဲ့ရတဲ့ တပ်မတော်အပေါ်ကိုတော့ ယနေ့တိုင် နာကျည်းနေကြတာ ရီစရာပါပဲ ။ 

       ကျနော်တို့ကတော့ မန္တလေး ကျုံးကို လုပ်အားပေးရတဲ့ မြို့နယ်ထဲမှာ ပါနေလို့ သွားကြရပါတယ် ။ တကယ်တမ်းကျတော့ အသင်းအဖွဲ့နဲ့ နေလာခဲ့တဲ့ ကျနော့်အတွက်တော့ ပျော်စရာပါ ဗျာ ။

         နဝတ အစိုးရဟာ လမ်းတွေကို ချဲ့ပါတယ် ။ နှစ်ပေါင်းများစွာ လမ်းမြေကျူးပြီး တည်ဆောက်ခဲ့ကြတဲ့ တိုက်တွေ အိမ်တွေ မလွတ်တဲ့ အစိတ်အပိုင်း အကုန် ဖြိုချရပါတယ် ။ 

       မြင်းခြံမြို့ရဲ့ လမ်းမကြီးဟာ ကျယ်ပြောဖြောင့်တန်း လာရတာ နဝတရဲ့ ပြတ်သားတိကျစွာ ဆောင်ရွက်ခဲ့တဲ့ အကျိုးပါပဲ ။ အဲဒီအထဲမှာ ထူးခြားတာ တခုရှိတယ် ။ မြင်းခြံမြို့လယ်က ဗိုလ်ချုပ်လမ်း (မိတ္ထီလာလမ်း) ကို ကြည့်လိုက်ပါ ။ တလျှောက်လုံး လမ်းကျယ်ကြီး ကနေ ၁၂ မုခ် ဘုရားကြီးရဲ့ အရှေ့ဖက် မုခ်က ခြသေ့် နှစ်ကောင် ဟာ လမ်းမကြီးပေါ် သိသိသာသာ ရောက်နေတာ တွေ့ရပါမယ် ။ 

       အဲဒီအချိန်က အဲဒီကျောင်းကြီးက မြင်းခြံဆရာတော်ကြီးဟာ သံဃနာယက ဥက္ကဌ ဖြစ်နေလို့ ဦးစောမောင် အမိန့် နဲ့ ရှေးလက်ရာ ခြသေ့် ရုပ်ကြီးတွေ ချန်ထားခဲ့ကြလို့ ဖြစ်ပါတယ် ။ ဘာသာရေးကို အဲဒီလို ကာကွယ်ခဲ့တာ လူငယ်တွေ သိဖို့ သက်သေနဲ့ ပြောပြတာပါ ။ 

           ကျနော်တို့ မြို့မှာ နာမည်ကျော် ဆရာတော်ကြီးတွေ ရှိတဲ့ အနက် မြို့တောင်ဖက်က စွန်းလွန်းဆရာတော်ကတော့ တနိုင်ငံလုံး သိကြတဲ့ ဆရာတော်ကြီး ဖြစ်ပါတယ် ။ ဆရာတော်ရဲ့ မပုပ်မသိုး တဲ့ ခန္ဓာတော်ဟာ ယနေ့တိုင် ဖူးမျှော်သူတွေ တွေ့မြင်နိုင်ဆဲ ဖြစ်ပါတယ် ။

       အဲဒီ စွန်းလွန်းဂူကျောင်းကို လူအများစု ရောက်ဖူးကြကာတယ် ။ ဒါပေမယ့် ဆရာတော်ကြီး တရားကျင့်ခဲ့တဲ့ မောင်ရင်မောင့်ချောက် ဆိုတဲ့ နေရာကတော့ အစွန်အဖျား ကျလွန်းတော့ တော်ရုံသူမရောက်ဖူးကြပါဖူး ။ 

        ကျနော်တို့လို ဂျပိုးတွေ နဲ့ အတွဲချိန်းသူ အချို့ ရယ် တကယ် တရားကျင့်သူ အချို့ရယ်ပဲ ရောက်ဖူးကြတာပါ ။ အဲဒီတုန်းက သွားရ လာရ ခက်ခဲတာလည်း ပါမယ်ထင်ပါရဲ့ ။ 

       စွန်းလွန်းဆရာတော်လိုပဲ မြို့မြောက်ဖက်မှာ စန်းကျဆရာတော်ဆိုတာ ရှိပါသေးတယ် ။ စန်းကျဘုန်းကြီးကျောင်းက တောကျတဲ့ နေရာမှာ ရှိတော့ အတော်လေး ခေါင်ပါတယ် ။ လူသူ ပြတ်လပ်တယ်ပေါ့ ဗျာ ။ 

     ဘုရားပွဲရာသီမှာတော့ မြို့ထဲကသူတွေ တကူးတက သွားကြတဲ့ နေရာပဲ ဖြစ်ပါတယ် ။ အပူပိုင်းဇုံ အညာဒေသမှာ စမ်းကျဘုန်းကြီးကျောင်းက သဲကန္တရထဲက အိုအေစစ်လေး ပါပဲ ။ 

      စိမ်းညှို့နေတဲ့ သက်တန်းရင့် အပင်ကြီးတွေ နဲ့ အုံ့မှိုင်းနေပြီး လျှိုအနက်ကြီးထဲက တသွင်သွင် စီးဆင်းနေတဲ့ ကြည်လင်အေးမြသော စမ်းချောင်းလေး ရှိပါတယ် ။ 

     လျှိုကြီးရဲ့ ကမ်းနှစ်ဖက်ကို ကူးသန်းဖို့ လုပ်ထားတဲ့ လှုပ်တုပ် လှုပ်တုပ် ကြိုးတံတားပေါ်က ဖြတ်သွားရတာကလည်း အသဲစရာ အခမဲ့ ချားရဟတ် စီးနေရတဲ့ အရသာမျိုး ဆိုတော့ အလွန်စည်ကားလှပါတယ် ။ 

       ယခင်က ဆရာတော်ကြီးရဲ့ မပုပ်သိုးတဲ့ ရုပ်အလောင်းကို ရွှေချပြီး မှန်ခေါင်းတလား နဲ့ ပြသထားခဲ့ကြပါတယ် ။ ဒါပေမယ့် လူသူပြတ်လပ်တဲ့ တောထဲ​ဖြစ်လေတော့ အလောင်းတော်ကို မသမာသူတွေ ခိုးယူသွားကြပါတယ် ။ 

        ဆရာတော် တရားကျင့်တဲ့ လှိုဏ်ဂူကြီးကလည်း ရှည်လျှားစွာ တူးဖော်ထားရာမှာ နှစ်ဖက်ပေါက်တဲ့ အထိ ဖြစ်ပါတယ် ။ ကျနော်တို့ကတော့ မှောင်မဲနေတဲ့ လှိုဏ်ဂူထဲမှာ အကြိမ်ပေါင်းများစွာ ဝင်လိုက် ထွက်လိုက် ဆော့ကစားခဲ့ဖူးပါတယ် ။ 

         အဲဒီတော့ မြင်းခြံမြို့ရဲ့ တောင်ဖက်မှာ စွန်းလွန်းဆရာတော် နဲ့ စွန်းလွန်းချောင်း ၊ မြောက်ဖက်မှာ စန်းကျဆရာတော် နဲ့ ပြောင်းပြာချောင်း ဆိုပြီး တည်ရှိပါတယ် ။ ဗိုလ်လောင်း ဖြေပွဲ ဥာဏ်စမ်းပဟေဠိ မှာ အလောင်း နှစ်လောင်း ချောင်း နှစ်ချောင်း ကြားက မြို့ ဘာမြို့လဲ လို့ မေးဖူးပါတယ် ။ အဖြေက မြင်းခြံမြို့ပါပဲ ။

         ကျောင်းတွေ ပြန်ဖွင့်ပါပြီ ။ ကျနော်လည်း ဒီနှစ်တော့ အောင်မှ ရပါတော့မယ် ။ ဒါကြောင့် အားနည်းနေတဲ့ အဂ်လိပ်စာကို ကျူရှင်ယူပြီး သင်ရပါပြီ ။ ကျူရှင်တက်တော့ အိမ်နားလေးက ကိုယ့်အောက်က လူတွေ နဲ့ အတူတက်ကြရပါပြီ ။ 

        အိမ်နားမှာက ကျနော်က ဝါ အရင့်ဆုံးဖြစ်နေတော့ ကျူရှင်တက်တဲ့ အုပ်စုမှာ အသက်အကြီး ဆုံး ဖြစ်ပါတယ် ။ လူကြီးတွေကလည်း ကျနော်နဲ့ သွားတာ လာတာကို စိတ်ချကြပါတယ် ။ မိန်းကလေး သုံးယောက် နဲ့ ယောကျာ်းလေး နှစ်ယောက် ငါးယောက် အုပ်စုကြီး သွားကြရပါတယ် ။ 

         အဲဒီထဲမှာ မောင်ကျော်ကြိုက်တဲ့ မူယာလည်း ပါတယ် ဗျ ။ သူကတော့ ကျနော် အခေါက်ခံရတာကို အခုထိ ပြောင်နေတုန်းပဲ ။ ကျန်တဲ့ နှစ်ယောက်ကလည်း အိမ်နီးချင်းတွေ ဆိုတော့ မောင်နှမအရင်းတွေလို ပါပဲ ။ 

       အဲသလို ကျူရှင်သာ တက်နေတာ ဗျ တနေကုန် အားနေတော့ အိမ်နားလေးက ဦးရီဆိုတဲ့ ဗေဒင်ဆရာ့အိမ်မှာ ဖဲစုရိုက်ကြပါတယ် ။ အထင်မကြီးနဲ့ ဗျ ငါး ပြား ဆယ်ပြား ပိုကာဒေါင်းကြတာပါ ။ 

     အဲဒါ အကြွေစေ့ မရှိလို့ ဆိုပြီး ဦးရီက သူ့ကုတင်အောက်က ကြက်သွန်နီဥတွေကို ဂေါ် (အကြွေစေ့အစားထိုး) လုပ်သတဲ့ ။ တလုံး ငါးပြားပေါ့ ဗျာ ။ အဲဒါ ဆော့ရင်းနဲ့ ဖိုးလုံးဆိုတဲ့ ကောင်က ရှုံးနေရောဗျို့ ။ အဲဒါ သေးပေါက် ခဏဆိုပြီး ထွက်သွားပြီး သူ့အိမ်က ကြက်သွန်ဥတွေ ခါးပုံစထဲ ကြုံးထည့်လာပါရောလား ။ 

     ဆက်ကစားကြတာပေါ့ ။ နောက် ပွဲပြီးခါနီးကြတော့ ဦးရီက ဂေါ် ပြန်လဲပေးဖို့ ကြက်သွန်နီဥတွေ စစ်နေပါရော ။ သူက သုံးကျပ်ဖိုးလောက် ဂေါ်ထုတ်ထားတာ အခု ငါးကျပ်ဖိုး ကျော်နေပါရော ၊ ဖိုးလုံးက အတုတွေ ထပ်ထည့်ကစားနေတာကိုး ။ 

       ဦးရီက ဖဲကလည်းရှုံးနေတော့

" ကဲ မင်းတို့ မြင်တဲ့ အတိုင်းပဲ ဂေါ်တွေက ဘယ်ကောင်ခိုးထည့်ထားလည်း မသိဖူး ငါလည်း ရှုံးနေတော့ စိုက်မလဲနိုင်ဖူး ဒီတော့ ဒီကစားဝိုင်းက ဂေါ်တွေကို တရားဝင် ရုတ်သိမ်းလိုက်တယ် ပြန်လဲ မပေးတော့ဖူး ''

       ပြောပြောဆိုဆို ထွက်သွားပါရော ဗျာ ။ ကိုင်း ဗျာ ကျနော်တို့က ကြက်သွန်နီဥတွေနဲ့ ဆက်ကစား ရမှာလား ပွဲဖျက်ရမှာလား အူကြောင်ကြောင် ဖြစ်ကုန်ပြီး အရှုံးတော့ ပေးလို့ မရဖူး ဆိုပြီး ကြက်သွန်နီတွေ အိမ်ယူလာရတာပေါ့ ဗျာ ။

          လဲ့လဲ့ ကျနော်ကတော့ သိပ်မတွေ့ဖြစ်ပါဖူး ။ တရက်သူလာတော့ သူငယ်ချင်းတွေ နဲ့ စန်းကျကို သွားကြပါတယ် ။ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်ရင်း လဲ့လဲ့ကို တရားထိုင်တဲ့ လှိုဏ်ဂူထဲ ဝင်ကြည့်ဖို့ အကြံဆိုးနဲ့ ခေါ်တာပေါ့ ။

          ဖိုးဌေးက သွားလေ ရတာပဲ တဲ့ ။ ဟန်ကြပြီ ဗျာ အဲဒီ လှိုဏ်ဂူကြီးက မဲမှောင်နေတာ ကိုယ့်လက်ကိုတောင် မမြင်ရဖူးရယ် ။ ကျနော့်အကြံ ဒီတခါ လူလည်ဖိုးဌေး မသိနိုင်လောက်အောင် ပိရိပေပြီ တကား ။ 

     လှိုဏ်ဂူရှိရာကို သွားတော့ လှုပ်တုပ် လှုပ်တုပ် ကြိုးတံတားကြီး ဖြတ်ပြီး သွားကြရတာပေါ့ ။ ခါတိုင်းဆိုရင် အဲဒီ ကြိုးတံတားကို ဘယ်နှစ်ခေါက်ဖြတ်ဖြတ် ကျနော်ကတော့ ရင်ခုန်နေကြ ၊ လန့်နေကြဗျ ။ ဒီကနေ့တော့ဖြင့် လှိုင်းထနေတဲ့ ကျနော့်ရဲ့ မူလရင်ခုန်သံကို ကြိုးတံတားကြောင့် ဖြစ်ရတဲ့ ရင်ခုန်သံက မလွှမ်းမိုးနိုင်တော့ ကြိုးတံတားကြီးတောင် ငြိမ်သက်နေသယောင် ပါပဲဗျာ ။

        ဒီလိုနဲ့ လှိုဏ်ဂူဝ ရောက်ပါပြီ ။ အကြံဆိုးကြီးနဲ့ လဲ့လဲ့ လက်ကို တင်းတင်းဆုပ်ပြီး 

"ဖိုးဌေး မင်းတို့ ရှေ့ကနေဝင်ကြ လဲ့လဲ့ ကြောက်နေမယ် မှောင်ပိန်းနေတာကွ ''

"အေးပါ ငမျိုးရာ ငါက မင်း စမ်းကျသွားမယ် လဲ့လဲ့လည်း ပါလာမယ် ဆိုကတည်းက မင်းအကွက်တွေ သိလို့ လိုတာတွေ ယူလာပါတယ် ဗျာ ''

"ဟေ..ဘာတွေ လိုလို့ လဲကွ ''

"ဒီမှာ ကြည့် ဖယောင်းတိုင် နဲ့ မီးခြစ်ဆံပုံးလိုက် ယူလာတယ် ''

       ပြောပြောဆိုဆို နဲ့ နတ်သမီး မီခြစ်ထဲက မီးခြစ်ဆံနဲ့ ရှဲကနဲ မီးတောက်အောင် ခြစ်ပြီး ဖယောင်းတိုင်မီးညှိလိုက်တော့ မဲမှောင်နေတဲ့ လှိုဏ်ဂူကြီးလည်း လင်းထိန်သွားတာပါပဲ ။ 

     သူတောင်းစား ဖိုးဌေး အကွက်မြင်လွန်းပေတယ်ဗျာ ၊ ဒီလိုမှန်းသိရင် ဒင်းကို မခေါ်ခဲ့ဖူး ။ အင်း ကြံအုံးမှ ဒီလိုနောက်ကြုံဖို့ လွယ်တာ မဟုတ်ဖူး ။ သွားရင်းနဲ့ ဖိုးဌေးနား ကပ်သွားပြီး ဖယောင်းတိုင်ကို ဖူးဆို မှုတ်လိုက်တယ် ၊ ဟိုကောင် ပျာယာခတ်ခတ်အောင် မီးခြစ်ဆံ ကပျာကရာ ပြန်ထုတ် ပြန်ညှိနေတုန် ဆင်ဆာ ကိစ္စ ပြီးသွားတယ် လေ ။

       မီးထွန်းပြီးတော့ ဖိုးဌေးက

"ဟေ့ကောင် စောက်ကျင့် မယုတ်နဲ့ နော် ဘာလို့ မီးမှုတ်တာလဲ ''

"သြော် ဒီလို မှောင်တယ်ဆိုတာ လဲ့လဲ့ သိအောင်လို့ပါ ကွာ ''

"မင်းနော် မင်း...ငါသိနေတယ်''

       ဖယောင်းတိုင် မီးရောင်အောက်မှာ လဲ့လဲ့ကတော့ ရှက်ပြုံးလေး ပြုံးနေရှာပါတယ် ။ 

         အဲဒီလို ဖြစ်ပြီးတော့ ဘင်ခရာထဲက ဆရာ ကိုတာက အမှတ် ၁၈ ရပ်ကွက်ထဲကို အိမ်ပြောင်းလာပါတယ် ။ သူ့အိမ်ကို ခဏခဏ သွားလည်ကြတာပေါ့ ။ ကလေး နှစ်ယောက်ကတော့ ငယ်ပါသေးတယ် ။ ယောကျာ်းလေး မျောက်နှစ်ကောင်ပေါ့ ။ ဖ​အေတူသားတွေ ကိုးဗျ ။ 

          သူတို့အိမ်မှာ ဘဲတွေ မွေးထားပါတယ် ။ အဲဒီအထဲက ဘဲတကောင်က တုံးလုံးကြီးလဲပြီး အစာလည်း မစားတော့ပါဘူး ။ ကိုတာက အဲဒီဘဲ သေရင် ဘဲပေါင်း လုပ်စားမယ်ကွ မင်းလာခဲ့တဲ့ ။ 

        အဲဒီဘဲ သေနိုးနိုးနဲ့ သုံးရက်လောက် သွားတာကို မသေသေးဖူး ။ အတော်အသက်ပြင်းတဲ့ ဘဲ ဗျာ ။ အဲဒါ နဲ့ မထူးပါဖူးဆိုပြီး အဖော်တယောက်ခေါ်သွားပြီး ညနေစောင်း ပြန်ခါနီး ဘဲ လည်ပင်း ဖနောင့် နဲ့ ပေါက်ခိုင်းလိုက်တယ် ။ ဟိုကောင်က ဘာမှန်း မသိ ညာမှန်းမသိ လုပ်တာပဲ ။ 

      အဲလို လုပ်လာပြီး နောက်ရက်ပြတော့ ချောင်းဒေါင်းသားကို လှမ်းခေါ်လိုက်တယ် ။ ဘာလဲ တဲ့ ဘဲပေါင်းကျွေးမလို့ လာကွ ဆိုပြီး ကိုတာအိမ် သွားကြတယ် ။ လင်မယား နှစ်ယောက်လုံး အံမယ် နှစ်ယောက်သား အနံ့ခံ ကောင်းသကွာ တဲ့ ။ 

          သိတယ် ကဲ ကျက်ပြီလား ကျွေးတော့ ဆိုပြီး ပြောပါတယ် ။ ကိုတာက 

"နေပါအုံး ချောင်းဒေါင်းသားက ဘယ်လို ပါလာတာလဲ ကွ''

"မသိဖူးလေ ဒီကောင်က ဘဲပေါင်းကျွေးမယ် လိုက်ခဲ့ဆိုပြီး ခေါ်လာတာလေ ''

"ဟမ် မင်းက ဘယ်လိုလုပ် သိပြီး ခေါ်လာရတာလဲ ''

"အိုးး သိဆို ကျုပ်က သုံးရက်လောက် စောင့်နေတာ ခင်ဗျားဘဲက မသေနိုင်တာ နဲ့ မနေ့က ကျုပ်ကောင်ခေါ်လာပြီး လည်မျို ဖနောင့်နဲ့ ပေါက်ခိုင်းလိုက်တာလေ ဒါကြောင့် ဒီနေ့ သေချာပေါက် ဘဲပေါင်းမှာပဲ ဆိုပြီး ဒီကောင့်ကို ခေါ်လာတာ ''

"လုပ်ပြီဟေ့..... ဒီကောင်ကတော့ အကြံအဖန် လုပ်ကိုလုပ်တတ်တယ် ''

         အဲဒီလို ဗရုတ်ခပိုးမသေပဲ လုပ်နေမိသလို စားမေးပွဲကိုလည်း အေးအေးဆေးဆေး ဖြေနိုင်တဲ့ အနေအထားထိ ရောက်လာပါပြီ ။ 

       စာမေးပွဲရာသီမှာ လဲ့လဲ့လည်း ရောက်လာပါပြီ ။ ကျနော် နဲ့ လဲ့လဲ့ တို့ အိမ်အပေါ်ထပ်မှာ စာကြည့်နေတုန်း အိမ်နားက ကျူရှင်တက်ဖက် ကောင်မလေး က အိမ်ပေါ်ကို နာမည်ခေါ်ရင်း တက်လာပါတယ်..

       အဲဒီမှာ လဲ့လဲ့က........?

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...