Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (4)



       ရန်အောင်ဆိုတဲ့ သူငယ်ချင်းနဲ့ မကြာခင်ရက်တွေက အတူကစားနေကြရင်း ရန်အောင်က သံစူးမိသွားတယ်ဗျ ။ သစ်သားချောင်းမှာ ရိုက်ထားတဲ့ သံအဟောင်းကို နင်းမိတာပါ ။ ဘာဆေးမှ မလိမ်းပဲ ဒီအတိုင်းပစ်ထားရင်းကနေ ၃ ရက်အကြာမှာ မေးခိုင်ပိုးဝင်ပြီး သေသွားတာပါ ။ 

     သက်တူရွယ်သူ သူငယ်ချင်းတယောက် သေသွားတာ တွေ့ရတော့ စိတ်မကောင်းဖြစ်ရပါတယ် ။ ပညာမတတ် ဗဟုသုတ နည်းကြလို့ သေခဲ့ရတာပါ ပဲ ။ 

      နွေရာသီမှာ  ကျနော်တို့ ဘင်ခရာသင်တန်းကို အလက ၁ မှာ သွားပြီး တက်ကြရပါတယ် ။ အခြားသင်တန်းတွေ ဖြစ်တဲ့ ပန်းချီ ၊ ကြက်ခြေနီ ၊ လေကြောင်း ၊ မီးသတ် ၊ အစရှိတဲ့ သင်တန်းတွေက အထက ၁ မှာ တက်ရပါတယ် ။ အတီးအမှုတ်တွေ နဲ့ သင်ရမယ့် ဘင်ခရာသင်တန်းကို သီးသန့်ခွဲပြီး သင်ပေးကြတာပါ ။ 

       ဘင်ခရာသင်တန်းက နှစ်စဥ်မဖွင့်ပါဘူး ။ လူအင်အားလျှော့သွားတဲ့ နှစ်တွေမှသာ ဖွင့်ခြင်းဖြစ်ပါတယ် ။ မြို့ရဲ့ ရှေ့ခြမ်းမှာပဲ ကျင်လည်ခဲ့တဲ့ ကျနော့်အတွက် ဘင်ခရာ သင်တန်းက သူငယ်ချင်းတွေရဲ့ နယ်ပယ်အစုံအထိ ကျင်လည်ရဖို့ ကြုံကြိုက်လာရပါပြီ ။ 

         သင်တန်းကာလမှာ ပါးစပ်က ဒိုရေမီဖာ ရကြပြီ ဆိုတော့ ပုလွှေတွေ စတင်ပေးဝေပါတယ် ။ အပြာရောင် ဖိုက်ဘာ ပုလွှေတွေဟာ Key C တွေ ဖြစ်ပါတယ် ။ ယခင်က ပုလွှေတွေက ဘီဖလက် တွေဆိုတော့ အသံက ချွဲချွဲသြသြ လေးတွေပါ ။ ယခု ပုလွှေတွေက စူးရှပြတ်သားတဲ့ အသံထွက်ပါတယ် ။ 

     ဘေးတစောင်း ပုလွှေလေးတွေကို အသံမြည်အောင် ခေါင်းမူးခံပြီး မနည်းလေ့ကျင့်ရပါတယ် ။ အသံကြည်ကြည်ထွက်လာတော့ လက်ပေါက်မှန်မှန်နဲ့ ဒို ရေ မီ ဖာ ရအောင် ကျင့်ရပါတယ် ။ 

          သီချင်းတွေ စသင်တော့ အလွန်လွယ်တဲ့ 4/4 တိုင်ပင်နဲ့ ခရော့ချက် ဆိုတဲ့ တချက်ခြင်း သီဆိုတီးမှုတ်ရတဲ့ တေဇလူငယ် သီချင်းကနေ စသင်ကြရပါတယ် ။ 

         အဲဒီသီချင်းတွေ သင်နေတုန်းမှာလည်း လူတွေက ပေါက်ကရ လုပ်ကြသေးတယ် ဗျ ။ အလက ရဲ့ အရှေ့ဖက် ခြံစည်းရိုး ကျော်မှာ ဒေါင်းလည်ကန် ဆိုတဲ့ ရေကန်ရှိတယ် ဗျ ။ အဲဒီကန်ထဲမှာ ရွှေကျင်တဲ့ သူတွေလည်း ရှိပါတယ် ။ စားဖြစ်ရုံတော့ ရနေဟန် တူပါတယ် ။

     ကျနော်က ပုဇွန်လုံးဖမ်းကြဖို့ တိုင်ပင်ပြီး သင်တန်းနားချိန် သွားဖမ်းကြတာပေါ့ ။ 
တော်တော်လေးရတယ် ဗျ ။ ပြန်လာတော့ ခြေထောက်က ရွှံ့တွေကြည့်ပြီး ဆရာတွေက သိသွားလို့ ဘောလုံးကွင်းကို ပတ်ပြေးကြရပါတယ်  ။ 

       ကျနော့်နာမည်ကို ဆရာတွေက မခေါ်ကြပါဖူး  အဖေနဲ့ တွဲပြီး ဟိုကောင် ကိုကြီးညိုသား လာစမ်း ဆိုပြီး ခေါ်ပြောလေ့ရှိတော့ ကျနော်ကို ကျန်တဲ့သူတွေကပါ ကိုကြီးညိုသားဆိုပြီးပဲ ခေါ်ကြတဲ့ အထိပါပဲ ။

       ကျနော်တို့ သင်တန်းသား အသစ်တွေကို သင်ပေးနေသလို သင်တန်းသားအဟောင်းတွေကိုလည်း မွှမ်းမံသင်တန်းဆိုပြီး သီချင်းအသစ်တွေ နဲ့ အင်တာနေရှင်နယ် နုတ် တွေ သင်ပေးပါတယ် ။ 

        လမ်းလျှောက်ကျင့်မယ်ဆိုတော့ လူတွေတန်းစီကြရပါတယ် ။ အဲဒီခေတ်က ပတ္တလားပုံ စီကြရပါတယ် ။ အရပ်အနိမ့်အမြင့် အရ နေရာခွဲပြီဆိုရင် ခြေဖျားထောက်တဲ့သူနဲ့ ဒူးကွေးထားတဲ့ သူနဲ့ ဆရာတွေရဲ့ ချစ်စနိုး ဆဲသံတွေနဲ့ ဆူညံပြီး ပျော်စရာ ကောင်းလှပါတယ် ဗျာ ။ 

        မွှမ်းမံသင်တန်းသားတွေ သီချင်းတီးမှုတ်နေရင် ကြည့်ခွင့်ရတာ နဲ့ ရှေ့ဆုံးက သွားကြည့်တာပေါ့ ။ ယခင် လူငယ်ရုပ်ရှင်ရုံ (လူငယ်ရုံ) ရှေ့နားက အမကြီး မမိုးမြင့် တို့ ယခု ပါဝါအမှုံ့ကျိတ်စက်က ပုဂ္ဂိုလ်နဲ့ အိမ်ထောင်ကျသွားတဲ့ အမကြီးမမိုးမိုးအေး ၊ အမှတ် ၁၉ က မခင်ဌေးဝင်းတို့ ဆိုက်ဒရမ်တီးတာ အလွန်သဘောကျပါတယ် ။ 

         ကျိုင်းကိုင်တဲ့  အမကြီး မယုနိုင်ကတော့ လှသလောက် ပဲများပြီး မိတ်ကပ် ၃ိ/ သားလောက် လိမ်းကာ လက်ခုပ်ပဲ တီးတာတွေ့ရပါတယ်😁😁😁😁

        ကျနော်တို့ ရပ်ကွက်ထဲက ဖိုးဌေး နဲ့ ဖိုးကျော် ( ကျနော့်ယောက္ဖ) ၊ ယဥ်မိုး  ၃ ယောက်ပဲ အဖော်ရှိပါတယ် ။ အမှတ် ၁  (မန်ကျီးပင်စု)က ဗရုတ်သုတ်ခ သူငယ်ချင်းတွေ များတယ် ဗျ ။ 

     လူ ၁၀၀ကို အုပ်စု ၅ စုခွဲပြီး သီချင်း ၅ ပုဒ် ရွေးသင်ပါတယ် ။ တအုပ်စုကို တပုဒ်နှုံးပေါ့ ဗျာ ။ ကံဆိုးချင်တော့ ကျနော်တို့ အုပ်စုက အခက်ဆုံးဖြစ်တဲ့ တောင်သူလယ်သမား သီချင်းလာကြတယ် ဗျ ။

 "ဝိုင်းကြီးပတ်ပတ် ကလို့ခုန် စပါး တောင်လို ပုံ ××××ဟုတ်ပါပေ့ မှန်ပါပေ့ "

      ဆိုတဲ့ သီချင်းပေါ့ဗျာ ။ နားထောင်ကောင်းသလောက် လက်ပေါက်စိတ်လှတဲ့ သီချင်းအတောကို အတော်လေး သင်ကြရတယ် ဗျ ။ အင်မတန် စိတ်ရှည်တဲ့ ဆရာကိုမြင့်ဟန်က သင်ပေးတာပါ ဗျာ ။ စိတ်တိုတတ်တဲ့ ဆရာကိုတာ နဲ့ဆို မလွယ်ဘူး ။ သူက သဘောကောင်းသလောက် စိတ်တိုတယ် ။ 

    သင်နေတုန်း အလွန်ပဲများတဲ့ ဆရာခင်မောင်လေး ဆိုတဲ့ အမှတ် ၁၄ ရပ်ကွက်သား ရောက်လာပြန်ပါတယ် ။ မယုနိုင်တို့နဲ့ တရပ်ကွက်ထဲ ပေါ့ ဗျာ ။ 

         အိမ်က အမေကတော့ မျက်စိနောက် သက်သာလို့နဲ့ တူတယ် အဲဒီသင်တန်း မပြီးပါစေနဲ့ တဲ့ 😁😁 

    သင်တန်းမှာ တကယ်စမတ်ကျကျ ဝတ်စားပြီး ကြိုးစားတဲ့ သူတွေလည်း ရှိတယ်ဗျ ။ စံပြဆုရသွားတာ ယဥ်မိုးဆိုတဲ့ သူငယ်ချင်းပါ ဗျာ ။ ပြောစရာရှိတာက သူ့အမက လမ်းစဥ်လူငယ် အတွင်းရေးမှူး ၂ ဖြစ်နေတာပါပဲ ။ 

        သူ့မောင်ကို မပေးဖို့ တားသေးတယ် ဗျ ဒါပေမယ့် ယဥ်မိုးက တကယ့်ကို စမတ်တကျ ရှိလှပါတယ် ။ သင်တန်းသားတွေက အစ သူ့ပဲ ရစေချင်လို့ အားလုံးဆန္ဒနဲ့ ထိုက်ထိုက်တန်တန် ပေးလိုက်တာပါပဲ ။ 

     ကျနော်လည်း စက်ဘီးက အပိုင်စားရထားတော့ မြို့အနှံ့လျှောက်လည်တတ်ပါပြီ ။ တောက်ဖက်ဖျားက အမှတ်၁၉ ရပ်ကွက် ၊ မြောက်ဖျားက အမှတ် ၁ ရပ်ကွက် ၊ အနောက်ဖျားက အမှတ် ၆ ရပ်ကွက်တွေကို ကျော်ပြီး ရွာနီးချုပ်စပ် အကုန်ရောက်ပေပြီ ။ 

        အိမ်နားပြန်ရောက်တော့လည်း မောင်ကျော်တို့ နဲ့ ဆော့နေတာပါပဲ ။ နွေရာသီမှာ ငွေရှာတဲ့ ဂွင်ကလည်း ရှိပါသေးတယ် ။ ဘာလဲဆိုတော့ စားတမာရွက် ခူးရောင်းတာ နဲ့ မန်ကျည်းရွက် ခူးရောင်းတဲ့ စီးပွါးရေးက နှစ်စဥ်လုပ်နေကြပါပဲ ။

      မတ်လ ထဲမှာ သင်တန်း စတက်ပြီး သင်္ကြန်နီးတော့ နားရပါတယ် ။ နားနေသခိုက် ပေါ်ဦးပေါ်ဖျား ရှားရှားပါးပါး နုလေ့ရှိတဲ့ မန်ကျည်းပင်က မန်ကျည်းရွက်ခူးပြီး ရောင်းတာ ဝင်ငွေ အတော်ကောင်းပါတယ် ။ 

     နောက်ပြီး ကျနော့်မှာ လူမသိတဲ့ ဂွင်ရှိသေးတယ် ဗျ ။ အဲဒါက ရုပ်ရှင်လက်မှတ် ဂွင်ပါပဲ ။ ဖျော်ဖြေရေး အနည်းငယ်ပဲ ရှိသေးတဲ့ ခေတ်ဆိုတော့ ရုပ်ရှင်များ ကောင်းပြီဆိုရင် မှောင်ခိုလက်မှတ်က ၂ဆ ၃ဆ ပေးဝယ်ရတာ ဗျ ။ ကျနော့်ဦးလေးက ရုပ်ရှင်ပြစက်မောင်းတာ ဗျ ။

      မန်နေဂျာ ဦးလှဦးဆိုတာကလည်း အမှတ် ၃ ထဲက အဖေနဲ့ ဆွေမျိုးတော်တယ် ဗျ ။ ဝန်ထမ်းတွေ အတွက် ခွဲတမ်းလက်မှတ်ရလေ့ရှိတယ် ဗျ ။ ဦးလေးနဲ့ တွဲပြီး ရုပ်ရှင်ပြစက်မောင်းတာက ဦးဘိုသီ နဲ့ ဦးထွန်းမောင် တဲ့ ။ လူကြီးတွေဆိုတော့ အလွန်အေးပါတယ် ဗျာ ။ ဂုဏ် ရုပ်ရှင်ရုံ အပေါ်ထပ် ပြစက်ခန်းက ကျနော်​ကြည့်နေကြ နေရာပါပဲ ။ 

      ဦးလေးဆီက လက်မှတ်ကို ရပ်ကွက်ထဲက ဖွန်ကြောင်တဲ့ ကိုစောလှိုင်တို့  ကိုတင်အောင်တို့ ကိုကျော်စိုးတို့ကို အမြတ်နဲနဲ တင်ရောင်းပြီး ဂွင်ရှာရတာလည်း တွက်ခြေကိုက်တယ် ဗျ ။ တခါတခါ ရုပ်ရှင်ရုံမန်နေဂျာ ဦးလှဦးဆီ တိုက်ရိုက် ဝင်ပြီး ဝယ်ခိုင်းတတ်သေးတယ် 😁😁😁

      သင်္ကြန်ရောက်တော့ အိမ်နားလေးမှာ ပဲ ရေပက်တတ်ပါသေးတယ် ။ လျှောက်မလည်တတ်သေးပါဘူး ။ ဒါပေမယ့် ကိုယ့်ထက် လူရေလည်နေတဲ့  အမှတ် ၁ သားတွေက လာခေါ်လို့ ပါသွားပါတယ် ။ 

      ကိုယ့်ရပ်ကွက်လေးထဲမှာ ပက်နေရတာ ဟုတ်လှပြီ ထင်နေတာ မြို့ထဲရောက်မှ အမြင်ကျယ်ပါတော့တယ် ။ အစည်ကားဆုံးကတော့ အမှတ် ၉ ရပ်ကွက်လမ်းမ ပါပဲ ။ ဘဘ လမ်းကနေ လမ်းသစ်လမ်းဆုံ ကားကြီးကွင်းလမ်းဘေးအထိ ပက်လိုက်ကြတဲ့ရေတွေဗျာ ။ လမ်းတောင် မနည်း လျှောက်ရတယ် ။ 

      နောက် ဘုရားလမ်းလည်း စည်ကားတာပဲ ဗျ ။ သင်္ကြန်ကို မြို့အနှံ့လျှောက်လည်ဖူးတာ ဘင်ခရာသင်တန်းက သူငယ်ချင်း အသစ်တွေကြောင့်ပါပဲ ။ ခင်မောင်ဆွေ ၊ ဟန်ဝင်း ၊ မြင့်မောင် ဆိုတဲ့  သူငယ်ချင်းတွေက သင်တန်းတက်ဖက်တွေပါပဲ ။ 

       ဘင်ခရာသင်တန်းရဲ့ အမှတ်တရကတော့ သင်တန်းဆင်းပွဲကို အလွန်ခမ်းနားစွာ ကျင်းပခဲ့တာပါပဲ ။ မြင်းခြံ ဧရာလှိုင်း ခေတ်ပေါ်တီးဝိုင်း နဲ့  စိန်မြင့်အောင် ဆိုင်းဝိုင်း နဲ့ တွဲဖက်ပြီး ဧည့်ခံကြပါတယ် ။ သင်တန်းသူတွေ ကပြဖျော်ဖြေကြပါတယ် ။ 

       ညဖက်မှာ မီးပုံပွဲပြုလုပ်ပေးခြင်း ပါဆယ်ဂိမ်း ကစားခြင်း အစရှိတဲ့ အရာတွေကတော့ ကျနော့်ရဲ့ ပထမဆုံး အတွေ့အကြုံတွေပါပဲ ။ သင်တန်းဆင်းလာပြီး မကြာခင်မှာပဲ အဖေက ငါ့သား အတန်းကြီးလာပြီ ရေမခပ်ရအောင် ရေစက်တူးမယ်လို့ ပြောပါတယ် ။

      မကြာပါဘူး အိမ်မှာရေစက်တူးပါတယ် ။ ကျနော့်အဖေက တခါတခါ ကြံကြံဖန်ဖန် လုပ်တယ် ဗျာ ။ ရေကန်ကို အုတ်ကန်မလုပ်ပဲ နဲ့ သရက်ပျဥ်ပြားတွေနဲ့ လုပ်တယ်ဗျာ ။ လှေဖာသလိုပဲ အစပ်တွေ အပေါက်တွေကို ပွဲ့ညက် နဲ့ ဖာထေးရတာပေါ့ ။ 

      အိမ်နားမှာ ရေစက်ကလည်း ပထမဆုံးတူးတာဖြစ်ပြီး ရေကလည်း သောက်လို့ရတယ်ဆိုတော့ (ရေငံရင် သောက်မရပါ ) ရေရောင်းစားတာပေါ့ ။ တထမ်းကို ၁၀ ပြားပဲ ရပါတယ် ။ အကြွေရှားတော့ အဖေက သွပ်ပြားလေးတွေ နဲ့ လုပ်လာပါတယ် ။ 

      သွပ်ပြားလေးတပြားက အရင်း ပြား ၂၀ ကုန်တယ် ဗျ ။ ကျနော်က အဖေရယ် ရေတထမ်း ၁၀ ပြားရတာ သွပ်ပြားက ပြား ၂၀ ကုန်မှတော့ သူတို့ တပြားပျောက်တိုင်း ကျနော်တို့က ၁၀ ပြားရှုံးနေပြီပေါ့ ဆိုတော့ အဖေက ခဏတွေးပြီး ရီတယ် ဗျ ။ 

"ဟုတ်သားပဲ   ငါ့သားရ ကဲ မင်းဆို ဘယ်လို လုပ်မလဲ "

"လွယ်ပါတယ်  ကျွမ်းသွားတဲ့ ချုပ်အဟောင်းထဲမှာ ကွိုင်ပတ်တဲ့ သံပြားလေးတွေ ပါတယ် ။ အဲဒါတွေ ခွါထုတ်လိုက်ရင် သံပြားတွေရပြီ "

"ဟေ မင်းက ဘယ်လို သိသလဲ"

"ဟိုတလောက ဘာတွေပါလဲ သိချင်လို့ တစစီ ခွါကြည့်ထားတာ "

"အေးကွာ ပြီးတာပဲ အဲလိုပဲ လုပ်ကြတာပေါ့ "

       အဲဒီခေတ်က လျှပ်စစ်အားက ပါဝါမပြည့်တော့ ည ၁၁ နာရီလောက်မှ ရေစက်မောင်းလို့ ရပါတယ် ။ ရေထမ်းတဲ့သူတွေကလည်း ရေစက်သံကြားရင် လာထမ်းကြတယ် ဗျ ။ ညဖက် အိမ်မှာ တန်းစီပြီး ရေစောင့်ဝယ်ကြတာကိုက ပျော်စရာကြီး ဗျာ ။ 

    ညကြီးရေလာထမ်းကြရင်း ညားသွားတဲ့ အတွဲတွေကို အများကြီး တွေ့ဖူးတယ် ဗျ ။ 
တနေ့ကို ၁၀၀ိ/ ဖိုးလောက် ရတဲ့ ရေဖိုးဟာ အဖေ့လစာ ၃၀၀ိ လောက်ကို လှောင်ပြောင်နေသလိုဗျ ။ အမေကတော့ ပျော်တပြုံးပြုံး ဖြစ်နေရတဲ့ ကာလတွေပေါ့ ဗျာ ။ 

      ကျောင်းတွေ စဖွင့်တော့ အိမ်မှာ ယခု လက်ရှိ ရေကန်အသစ် တည်လိုက်ပါတယ် ။ သူက ကျောက်စရစ်နဲ့ ကန်အဝိုင်းဆိုတော့ အုတ်ခုံကလည်း လုပ်ရတာ ကြာတယ် ။ နောက်ပြီး ပန်းရံက ဒေါ်လေး ယောကျ်ားဆိုတော့ ပိုပြီး ကြာတာပေါ့ ။ သူစိတ်ပါမှ ထလုပ်တာကိုး ။ 

      ၉တန်း စတက်တော့ သူငယ်ချင်း အသစ်တွေ စတွေ့ရပါပြီ ။ အလက ကျောင်းတွေ ဖြစ်တဲ့ အလက ၁  နဲ့ အလက ၂ က  ၈တန်းအောင်တွေက  အထက ၁ နဲ့ အထက ၂ ဆီ အသစ်ဝင်လာကြတာကိုး ။ 

       ဘင်ခရာသင်တန်းတက်ခဲ့တဲ့ ဖိုးဌေး နဲ့ ဆွေဝင်းအေး ဆိုတဲ့ ကံဦးက သူငယ်ချင်း ၊ အတန်းကျ ဆရာကြီးအဆင့်တွေ ဖြစ်တဲ့ မြင်းခြံကုန်စိမ်းစျေး အရှေ့ဖက်က ကြီးကြီးမော် ဆီဆိုင်က ကြီးကြီးမော်သား အရပ်အရှည်​ကြီးနဲ့ ကိုမော်ကြီး ၊ ရန်ကုန် တက္ကသိုလ်ဘောလီဘော နည်းပြဖြစ်သွားတဲ့ သက်တူး ၊ သူ​​ဌေးသား ကိုသောင်းတန်ညွှန့် တို့နဲ့ ဆုံကြရပါပြီ  ။ 

     အခုပြောခဲ့တဲ့ သူငယ်ချင်းလူသစ်တွေကလည်း သူ့နယ်ပယ်နဲ့ သူ ဆရာကြီးတွေချည်းပဲ ဗျ ။ ကျနော့်ကို သူတို့က မျောက်ရှုံးအောင်ဆော့တဲ့ကောင်လို့ သိထားကြပါတယ် ။ ကျနော် စာရေးကောင်းတာ သူတို့မသိကြသေးဘူး ။ ခဏနေမှ သိတော့တာပဲ ။

     ၉ တန်းကျောင်းသားတွေက ကျောင်းလခ တလ ၅ိ / ပေးရတယ် ဗျ ။ ကင်းလွတ်ခွင့်လည်း လျှောက်လို့ရတယ် ။ ဒါနဲ့ကျနော်လည်း ၅ိ/ သုံးရလည်း မနည်းဖူး ဆိုပြီး ကင်းလွှတ်ခွင့် လျှောက်တာပေါ့ ။ 

         ကျနော့်အဖေက ဆိုက်ကားသမားဖြစ်ကြောင်း ၊ အမေက အလုပ်မရှိတဲ့ အကြောင်း ၊ မောင်နှမ ငါးယောက် နဲ့ အဖိုး အဖွားတွေက အဖေ့လုပ်စာလေးပဲ မှီခိုနေရကြောင်း ဒါကြောင့် ကျနော့်ကို ကျောင်းလခ ကင်းလွတ်ခွင့် ပြုပါရန် ဆိုပြီး ကျကျနန ရေးပြီး တင်လိုက်တာပေါ့ ။ 

     ၉ တန်း အတန်းပိုင်ဆရာမကြီးက ဒေါ်အေးအေးသန်းတဲ့ ။ လူငယ်ရုံအရှ့ဖက်နားက မြို့လယ်လမ်းမကြီးဘေးက တိုက်ကြီးနဲ့နေတဲ့ သူဌေးဗျ ။ အရပ်ထောင်ထောင်မောင်မောင်းကြီးနဲ့ ပါပဲ ။ 

    ကျနော် လျှောက်လွှာဖတ်ပြီး ဆရာမကြီးက ငါ့တပည့် မပူနဲ့ အစိုးရက မင်းကို ကျောင်းလခ ကင်းလွတ်ခွင့်မပေးလဲ ဆရာမကြီး ပဲ စိုက်ပေးမယ် နော် တဲ့ ။

         ဆက်ပြောတယ် မင်းရဲ့ ၈ တန်းဆရာမကလည်း ပြောလိုက်တယ် မင်းက ဆော့နေပေမယ့် စာတော်တယ် တဲ့ မင်းရဲ့ အခြေအနေတော့ သူလည်း မသိဘူးတဲ့ ဒီနှစ်လဲ မင်းဆုရတဲ့ အထဲ ပါတယ်တဲ့ လို့ ပြောတယ်ဗျ ။ 

     ဆရာမကြီးက အတန်းသားတွေကို ဆက်ပြောပြန်တယ် ဗျာ 

"ကဲ မင်းတို့ သူ့ကိုကြည့်ထား အိမ်က စီးပွါးရေး မပြေလည်ပေမယ့် နှစ်တိုင်းဆုရခဲ့တယ် ​သူ့အဖေ ဆိုက်ကားနင်းရတဲ့ ငွေလေးနဲ့ စားနေရရှာတာ သူ့လိုကြိုးစားကြရမယ် သိလား "

      တတန်းလုံးငြိမ်သွားပြီး ကျနော့်ကို ဝိုင်းကြည့်ကြပါတယ် ။ သူငယ်ချင်းအသစ်တွေကလွဲရင် ငယ်သူချင်းတွေ အားလုံးက သိနေကြတာကိုး ။ ဆရာမ စကားလဲ ဆုံးရော မတ်စေ့ယူပြီး ချွန်တွန်းလုပ်တဲ့ သူငယ်ချင်းမက 

"ဆရာမရှင့် သူ့အဖေက တရားသူကြီးပါ ဆိုက်ကားဆရာမဟုတ်ပါဘူး ရှင့် နောက်ပြီး သူ့အိမ်မှာ ရေစက်တူးထားပြီး အခုဆို အုတ်ရေကန်ပါ လုပ်နေတုန်းပါ ဆရာမ ။ ကျမက သူ့အိမ်နဲ့ မျက်နှာခြင်းဆိုင်မှာ နေတာပါဆရာမ"

       ဘယ်အချိန်က ငြိုးထားတယ် မသိဘူး ဂန်းနာမလေး ခရားရေလွှတ် တတွတ်တွတ် ပြောသွားလိုက်တာ ဆရာမလည်း ပါးစပ်ဟောင်းလောင်း ၊ ကျန်တဲ့ သူငယ်ချင်း အသစ်တွေလည်း ခိုးခိုးခစ်ခစ် ရီလို့ မဆုံးဖြစ်ရပါပြီ ။ 

     ကျနော်တယောက်လည်း ဆရာမစားပွဲနားမှာ မျက်စိမျက်နှာပျက်ပြီး ပေကြောင်ကြောင်လေး ရပ်နေရတာပေါ့ ဗျာ ။
ကျနော်တွက်တာက ကျနော်လျှောက်လွှာကို ဘယ်သူမှ သိမှာ မဟုတ်ဖူး သနားပြီး ပေးချင်လာအောင် ပေါက်ကရ ရေးလည်း ရရ  မရရ လူမသိနိုင်ဘူးပေါ့ ။ ရရင်အမြတ်ဆိုပြီး တွယ်လိုက်တာကိုး ။ 

    အဲဒါကိုပဲ ဂရုဏာကြီးလွန်းတဲ့ ဆရာမကြီးက စိတ်ဓာတ်မကျအောင် အားပေးစကားပြောပြီး နမူနာဖတ်ပြလိုက်တော့ အရှက်ကွဲတော့တာပါပဲ ဗျာ ။ 

     ဆရာမကြီးက သူ့ဘာသာ ရိုက်လိုက်ရင် ပြီးနေတာကို မဟုတ်ဖူး ဗျာ မြန်မာစာ ဆရာမ ဒေါ်ဘေဘီ တို့ သမိုင်းဆရာမ ဒေါ်ခင်သန်း တို့ နဲ့ ၈ တန်း တန်းပိုင်ဆရာမပါ ခေါ်လာပြီး ဝိုင်းတွယ်တော့ပါပဲ ။ 

    တွယ်ကြတာက အဆန်းဗျာ တုတ်နဲ့ ဖင်လှန်ရိုက်တာထက် ဆိုးတဲ့ နည်းဗျ ။ ဆရာမ တပ်ပေါင်းစုကြီးက 420 မျိုးဝင်းကို ဘယ်လို ဆုံးမသလဲ ဆိုတော့..........?

     မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...