Tuesday, July 6, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (24)



         အရူးက ထူးခြားပါတယ် ။ သူ့ကို ပိုက်ဆံတွေ ထုတ်ပြပြီး မင်းကြိုက်တာ တခုယူဆိုပြီး ပြောလိုက် ပါ ။ သူက တန်ဖိုး အနည်းဆုံးကိုပဲ ယူတယ် ။ တရာတန်ကနေ ငါးပြားစေ့ထိ ရှိတာလေ ။ 

       အဲဒါကိုပဲ လူတွေက ပျော်ပြီး စနေကြတာ ပါ ။ နောက်ပြီး သူက အဲဒီ တန်ဖိုး အနည်းဆုံးလေးတွေ နဲ့ သူစားချင်တာ ဝယ်စားတယ် ။ 

     အလကားကြွေးလို့ မစားဖူးနော် ။ ဒီတော့ စျေးသည်တွေကလည်း သူလာဝယ်ပြီဆိုရင် စျေးလျှော့ပြောပြီး ကျွေးကြပါတယ် ။ 
တဆယ်တန်ကို ငါးမူး တို့ တကျပ်တို့ လိုပေါ့ ဗျာ ။ 

         အဲဒီအရူးက တကျပ် နှစ်ကျပ် ကြတော့ မလဲဲ​ပြန်ဖူး ဗျ ။ အဲဒါကို မသက်ာတဲ့ လူပျိုကြီး တယောက်ရှိပါတယ် ။ ကျနော်တို့ကတော့ ဘာသိဘာသာပါပဲ အဲသလောက် မစဥ်းစားမိတာ အမှန်ပါပဲ ။ 

      အဲဒီလူပျိုကြီးက အရူးအိပ်တဲ့ ဇရပ်ကို ညတိုင်းသွားပြီး စားစရာကျွေးလိုက် စကားပြောလိုက် နဲ့ ခင်အောင်ပေါင်းတယ် ဗျ ။ 

      အရမ်းခင်သွားတော့ အရူးကို သူက မင်း တကယ်ရူးနေတာကော ဟုတ်ရဲ့လားလို့ ခဏခဏ မေးတယ် ။ အရူးက ရီပဲ ရီနေတယ် မဖြေဖူးတဲ့ ။ မေးလွန်းမက မေးတော့ မှ အရူးက..

"ခင်ဗျား ဘယ်သူ့မှ ပြန်မပြောပါဖူး လို့ ကတိပေးရဲ့လား ''

"အေး ပေးတယ်ကွာ''

" ဟုတ်ပြီ ကဲ ခင်ဗျားကို တရာတန် နဲ့ တကျပ်တန် ပြမယ် ခင်ဗျား ကို ကြိုက်တာယူဆိုရင် ဘာယူမလဲ ''

"တရာတန်ယူမှာ ပေါ့ ကွ ''

"ဟုတ်ပြီ ဒီတော့ နောက်နောင် ခင်ဗျားကို အဲဒီလို ပေးကြအုံးမလား... ? "

"ဟေ...''

"အင်း နောက်ပြီး စျေးသည်တွေကရော တဆယ်တန်ကို တကျပ် ၊ ငါးမူး နဲ့ ရောင်းပေးပါ့မလား သူတို့က ငွေတန်ဖိုးမသိတဲ့ အရူးပဲ ဆိုပြီး သနားလို့ ရောင်းပေးနေတာ နော်.. ''

"ဟာ....ဒါ ဆို မင်းက ငါထင်သလို တကယ် မရူးဖူးပေါ့ ဟုတ်လား''

"ကျုပ် နဲ့ တမြို့လုံး ဘယ်သူရူးနေသလဲ စဥ်းစားပေါ့ ဗျာ ခင်ဗျား ကတိ တည်ပါစေနော် ကျုပ်ငတ်သေအောင် မလုပ်နဲ့ နော် ''

          ကဲဗျာ အဲဒီအရူးသေပြီးမှ လူပျိုကြီးက ပြန်ပြောပြတာပါ ဗျာ ။ သိသိချင်းတော့ အရူးကို စိတ်ဆိုးမိတာပေါ့ လေ ။ အခုတော့လည်း အဲလို လောဘ မရှိဟန် လိမ်လည်နေတဲ့ နိုင်ငံရေးသမား သူခိုး လူလိမ်ကြီးတွေ မြင်းရမှတော့ ဒီအရူးပါးက သူ့ဝမ်းဝရုံလေး လိမ်ခဲ့တာပါလား လို့ ကြည်ညိုချင်စိတ်တောင် ပေါက်လာမိပါရဲ့ ။ 

        အဲလို အရူးရဲ့ လိမ်ညာခြင်းကို ကျနော်လို ငံစပ်စပ်ကောင် ခဏခဏ ခံရတာပေါ့ ဗျာ ။ 

          မြင်းခြံကို အော်တိုတယ်လီဖုန်းတွေ ရောက်လာပါပြီ ။ ယခင်က လက်လှည့်ဖုန်းကြီးတွေ နေရာမှာ အော်တိုဖုန်း လှလှလေးတွေ ရောက်လာပါပြီ ။ ကျနော့်အဖေ လည်ဝယ်ပုံ ပြောပြပါအုံးမယ် ။ 

       အဲဒီဖုန်းတွေကို လျှောက်လွှာတင်ကြတော့ အဖေ့ကို ပါတီလူကြီးက ကိုညို တယ်လီဖုန်း လျှောက်လေ ခင်ဗျားလျှောက်လွှာ မပါသေးဖူး တဲ့ ဖိုးချိုက ပြောနေတယ် လို့ သတိပေးပါတယ် ။ 

      အဖေက ကျနော်လည်း တယ်လီဖုန်း နဲ့ လုပ်ရမယ့် အလုပ်မှ မရှိတာ ကုန်သည်ပွဲစားတွေပဲ လိုကြမှာပါ ကျနော်က မလိုအပ်လို့ မလျှောက်တော့ပါဖူး လို့ ပြန်ပြောတယ် ဗျာ ။ 

       ကြိုးဖိုး တပ်ဆင်ခ အပြီးအစီးမှ ငွေ ၃၀၀၀ိ/ ပဲ ကုန်ကျမှာ ဖြစ်ပြီး ပြန်ရောင်းစားရင် ၇၅၀၀၀၀ိ / ပေါက်စျေး ရှိနေပါတယ် ။ ထီဆု အမြင့်ဆုံးမှ တသိန်းပဲ ရှိသေးတဲ့ ကာလမှာ ဆိုတော့ တွက်ဆကြည့်ပါတော့ ဗျာ ။

         အဲဒီအချိန်မှာ ပြည်ထောင်စု အလံကြိုဆိုပွဲ ဆိုပြီး လုပ်ရပြန်ပါပြီ ။ မြင်းခြံမှာ ညအိပ်ရပ်နားမှာ ဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီး အဖြစ် ပြင်ဆင်ရပြန်ပါတယ် ။ အခမ်းအနားတွေမှာ ဧည့်ခံစရာဆိုလို့ ဘင်ခရာအဖွဲ့ပဲ ရှိသေးတဲ့ ကာလဆိုတော့ အလွန်ပင်ပန်းစွာ လေ့ကျင့်ရပါတယ် ။ 

       သီချင်းအသစ်တွေ နဲ့ ပြည်ထောင်စု အလံသယ်တဲ့ 

"တို့ပြည်ထောင်စု အလံတော်သည် ×××× တလူလူ လွှင့်လို့×××× လာချေပြီ ×××''

        ဆိုတဲ့ သီချင်းကလည်း အဲဒီကျမှ သင်ရပါတယ် ။ သင်တန်းသား အသစ်တွေကို သင်ပေးကြရင်း ကိုယ်လို ဘရုတ်ကျတဲ့ ကောင်တွေလည်း တွေ့ရပါတယ် ။ 

     ဘင်ခရာအဖွဲ့ထဲမှာ ခရိုင်တရားသူကြီး သမီး မီမီအောင် ဆိုတဲ့ ကောင်မလေး ပါတယ် ဗျ ။ အဲဒါကို နုတ်တွေ သင်ကြတော့ ဒို ရေ မီ ဖာ ခုနစ်သံကို 

" မီမီဖာ  ××× မီမီဖာ '' နဲ့ မလိုအပ်ပဲ ထပ်ခါ ထပ်ခါ ဆိုနေလို့ သူတောင်းစားတွေ ဘောလုံးကွင်း သုံးပတ်ပြေးခိုင်းလိုက်တယ် လျှာတွေ ထွက်ကုန်တာပဲ ။ 

     ဒီပွဲအတွက် မန္တလေးတိုင်းကနေ ဘင်ခရာ ပစ္စည်း အသစ်တွေ ငှားပေးတယ် ဗျ ။ ဆိုက်ဒရမ် နဲ့ ဘင်အသစ်တွေက အတော်ကောင်းတာပါ ပဲ ။ ကျိုင်းအသစ်လုပ်မယ်ဆိုပြီး ပိတောက်သားတွေ နဲ့ ပွတ်လုံးထိုးကြပါတယ် ။ 

     သာမန်ဆိုရင် ကျိုင်းက အကောင်းစား သတ္တုပါးပါးလေး နဲ့ လုပ်ထားတဲ့ စပယ်ရှယ် တချောင်းရှိပါတယ် ။ အခုပွဲမှာ ကျိုင်း ငါးခု သုံးရမှာ ဖြစ်ပါတယ် ။ ဒီတော့ အသစ်လေးခုအတွက် ပိတောက်သားနဲ့ လုပ်ပါတယ် ။ 

       ပြီးတော့ အဲဒီ ပိတောက်သား ကျိုင်းတွေ နဲ့ လေ့ကျင့်ကြပါတယ် ။ ကျနော်လည်း အဲဒီ ကျိုင်း နဲ့ အစမ်းလေ့ကျင့်ပြီး ကိုတာ့ကို ပြောလိုက်ပါတယ်...

"ကိုတာရေ ဒီကျိုင်းတွေ နဲ့ လေ့ကျင့်ရတာ တချက်ခုတ် နှစ်ချက်ပြတ်ပဲ ဗျ ''

"ဘာလဲ ဟ နှစ်ချက်ပြတ် ဆိုတာ''

"ဒီကျိုင်းတွေ နဲ့ လေ့ကျင့်ပြီးရင် ကောင်မလေးတွေကို အလေးမ ပြိုင်ပွဲ ဝင်ခိုင်းတော့ အဆင်ပြေပြီ ''

"ဟာ ငါ စမ်းကြည့်ပြီး ပါပြီ ကောင်းပါတယ် ကွ ''

"ကိုတာက ခဏ စမ်းတာလေ တွေးကြည့်အုံး အခု အထက ၁ ကနေ ထောင်ကွင်းကြီး အထိ လျှောက်ရမယ် အချက်ရေ သောင်းချီ ချလိုက် မလိုက် လုပ်ရမယ့် ကျိုင်းက ပေါ့ နေမှ ရမှာဗျ ပိတောက်သားက အရမ်းလေးတယ် ''

"နေအုံး ကွ... ''

      ကိုတာက အကောင်းစား သတ္တုကျိုင်း ယူလာပြီး  ပိ​တောက်သားကျိုင်း နဲ့ အလေးချိန်  ဆဝါး ကြည့်တယ် ပြီးမှ....

"အေး ကွ ဟုတ်တယ် သုံးဆလောက် ကွာတယ် ကောင်မလေးတွေ ရေရှည် မလွယ်ဖူး ဘယ်လို လုပ်မလဲ ''

"ကျွန်းသား ကျိုင်းဆို ထက်ဝက်ပေါ့ မှာ သေချာတယ် ''

"ကျွန်းသားက ဆတ်တယ်ကွ လွတ်ကျရင် ကျိုးမှာ ''

"ကောင်မလေးတွေက ကျနော်တို့လို ကမြင်းကျော ထပြီး အပေါ် ပစ်မြှောက် ပြန်မဖမ်းပါဖူး ဗျာ မကျိုးပါဘူး အပိုဆောင်း လုပ်ထားရင် လည်း ရတာပဲ လေ ''

        အဲဒါနဲ့ အမှတ် ၁၇ ထဲက ပွတ်လုံးဆိုင်မှာ ကျွန်းသား ကျိုင်းတွေ ကပျာကယာ ထပ်လုပ်ရပါတယ် ။ 

        အလံကြို အခမ်းအနားကို ပျော်ပွဲရွှင်ပွဲတွေ နဲ့ ကျင်းပပေးကြတော့ လမ်းစဥ်လူငယ် ရံပုံငွေ အတွက် စက်ဘီးအပ်ခံတဲ့ အလုပ် လုပ်ကြပါတယ် ။ နေရာက ဆေးရုံကြီး အရှေ့တံခါး နဲ့ တဲ့တဲ့ဂေါက်ကွင်းဖက် အခြမ်းမှာပါ ။ 

      ကတ္တရာလမ်းမ နဲ့ ဂေါက်ကွင်းကြားမှာ လှည်းလမ်းရှိပါတယ် ၊ ရေစားထားလို့ မညီမညာဖြစ်နေတာ့ စက်ဘီးထားဖို့ အဆင်မပြေပါဖူး ။ ဒါနဲ့ ကျနော်တို့က ဂေါက်ကွင်းထဲ မှာ အလံတိုင်တွေ ထောင်ပြီး စက်ဘီးထားဖို့ ပြင်ဆင်လိုက်ပါတယ် ။ 

      ညနေစောင်းတော့ မြို့နယ် ကောင်စီဥက္ကဌရောက်လာပြီး ကျနော်တို့ ကလေးတွေကို မိုက်ရိုင်းစွာ ဆဲဆို ကြိမ်းမောင်းပါတယ် ။ 

       ဘယ်သူ့အမိန့် နဲ့ ဂေါက်ကွင်းထဲ လာလုပ်ရတာလဲ ဘာညာ ပေါ့ ဗျာ ။ ကျနော်က လက်ရှိ မြေပြင်အနေအထားအရ စက်ဘီးထားဖို့ ခက်ခဲနေလို့ ပါ တရက် ထဲပဲ ထားမှာဖြစ်လို့ ဒီလို စီစဥ်တာပါ လို့ ရှင်းပြပါတယ် ။ 

       မူးနေတော့ မရပါဖူး ဗျာ မအေနဲ့ ကိုင်တုတ်ပြီး ဆဲလာတော့ သူ့ဘာသာ ကောင်စီဥက္ကဌ မကလို့ ဘာကောင်ပဲ ဖြစ်ဖြစ် ဆော်ကြစို့ ဆိုပြီး တုတ်ရှာ ခဲရှာ ထုကြတော့ ရဲ တွေက အတင်းဝင်ဆွဲ ပြီး ဖြန်ဖြေပါတယ် ။ 

      ကောင်စီ ဥက္ကဌကိုလည်း ချက်ခြင်းချော့မော့ ဆွဲခေါ်သွားကြပါတယ် ။ ကျနော်လည်း ပါတီယူနစ် ရုံးကို ပြေးပြီး ကိုအောင်မြင့်ကို သွားပြောပြပါတယ် ။ 

      စိတ်ဆတ်တဲ့ ကိုအောင်မြင့်က ချက်ခြင်း ပါတီလူကြီးဆီ ဖုန်းဆက် သတင်းပို့ပြီး ကောင်စီဥက္ကဌကို သွားရိုက်မယ်ဆိုပြီး လမ်းစဥ်လူငယ်တွေကို စုထားဖို့ ပြောပါတယ် ။ 

       ခဏနေတော့ လမ်းစဥ်လူငယ် စုမှူး စိတ်မှူး ဆယ့်ငါးယောက်လောက် ရောက်လာတာ နဲ့ သွားကြဖို့ လုပ်နေတုန်း အခြားပါတီလူကြီးတွေ ရောက်လာပြီး တားကြပါတယ် ။ ပြောနေကြတုန်း ပါတီလူကြီး ကိုယ်တိုင် ကားနဲ့ ရောက်လာပါတယ် ။ 

       ဖြစ်စဥ်ကို မေးပြီး တိုင်းရုံးကို ချက်ခြင်းသတင်းပို့ ပါတယ် ။ ကောင်စီဥက္ကဌကို ဖုန်းနဲ့ ချက်ခြင်း လာဖို့ ခေါ်ပါတယ် ။ ခဏနေတော့ ကောင်စီဥက္ကဌက ရဲ တွေနဲ့ ဝင်လာပါတယ် ။ 

      သူက ရဲတွေကို တိုင်တယ်ပြီး သူမှန်ကြောင်း ကျနော်တို့ကသာ သူ့ကို ကိုယ်ထိလက်ရောက် လုပ်ကြကြောင်း သူသည်းခံပြီး ပြန်လာကြောင်း ပြောပါတယ် ။ 

     ပါတီလူကြီးက ကာယကံရှင် ဖြစ်တဲ့ ကျနော့်ကို ခေါ်မေးပါတယ် ။ ကျနော်လည်း အမှန်အတိုင်း ပြောလိုက်ပါတယ် ၊ မအေနဲ့ ကိုင်တုတ်ပြီး လူကြီးတန်မဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲလို့ တုတ် ၊ ခဲ တွေနဲ့ ပစ်တာ ဖြစ်ကြောင်း ပြောလိုက်ပါတယ် ။

        ပါတီလူကြီးက လူငယ်တွေ ရံပုံငွေ ရှာတာ ဖြစ်လို့ အခုလို ဆက်ဆံတာ မကောင်းကြောင်း ၊ ကျနော်တို့ကိုလည်း လူကြီးကို ကိုယ်ထိလက်ရောက် လုပ်တာ မကောင်းကြောင်း အကျယ် အကျယ် မဖြစ်ရအောင် ဒီကိစ္စ ဒီမှာပဲ ထားလိုက်ကြပါ ဆိုပြီး ပြောပါတယ် ။ 
(အမှန်က သူကိုယ်တိုင် တိုင်းကို သတင်းပို့ထားပါပြီ ၊ နိုင်ငံရေး ပရိယာယ်ဆိုတဲ့ သဘောပါပဲ)

           အဲလိုနဲ့ မပြီးပါဖူး ကိုအောင်မြင့်က ပါတီဗဟိုအထိ တိုင်ကြားထားလိုက်ပါတယ် ။ မဆလ ခေတ် နိုင်ငံရေးက ပြိုင်ဖက်မရှိဖူးလို့ ထင်ရပေမယ့် ပါတီတွင်း အုပ်စုဖွဲ့ အာဏာလုပွဲတွေလည်း များစွာ ရှိနေတတ်ပါတယ် ။

      ကျနော် နမူနာ ပြောပြပါမယ် ။ လုပ်ငန်းစစ်ဥက္ကဌ နားသွားတော့ အသစ်တင်ရပါတော့မယ် ။ လုပ်ငန်းစစ် CEC ငါးယောက်က မဲပေး ရွှေးချယ်ရမှာ ပါ ။ စောစောက ပြဿနာ ဖြစ်တဲ့ ကောင်စီဥက္ကဌက သူ့လူကို မဲပေးကြဖို့ CEC ငါးယောက်ကို ဗြောင်ခေါ်ပြောပါတယ် ။

     သူပြောတဲ့လူကို CEC တွေက တယောက်မှ သဘောမကျဖူး ။ ဒီတော့ အဖေ့ဆီကို ဘယ်လိုလုပ်ရမလဲ အကြံလာတောင်းကြပါတယ် ။ အဖေက ခင်ဗျားတို့ ကောင်စီဥက္ကဌ ရန်ကနေ ရှောင်တိမ်းလို့လဲ ရအောင်  ၊ ကိုယ်ငဘောကျတဲ့လူလဲ အဆင်ပြေအောင် မဲပေးရင် ဥက္ကဌပြောတဲ့လူကို နှစ်မဲ ပေးလိုက် ၊ ကိုယ့်လူကို သုံးမဲ ပေးလိုက် လို့ အကြံပေးလိုက်ပါတယ် ။

      တကယ်မဲပေးတော့ CEC ငါးယောက်လုံးက ဥက္ကဌလူကို တယောက်မှ မပေးပဲ ငါးယောက်လုံး တညီတညွတ်ထဲ သူတို့လူ သူတို့ ပြန်ပေးကြပါရော ။ 

      ကောင်စီ ဥက္ကဌလည်း CEC ငါးယောက်လုံးကို ခင်ဗျားတို့ ကျုပ်အကြောင်း သိမယ် ဘာညာ နဲ့ ကြိမ်းမောင်းပါတယ် ။ ဒီတော့မှ အဖေ့ဆီ ပြန်ပြေးလာပြီး တိုင်ကြတာပေါ့ ။ အဖေက ခင်ဗျားတို့ အဲလို ဖြစ်မှာ စိုးလို့ သူ့လူကို နှစ်မဲ ပေးလိုက်ပါလို့ ပြောခဲ့တာလေ ။ 

     သူခေါ်ပြောရင် ကျနော်က ဥက္ကဌကြီး လူကို ပေးခဲ့တာပဲ ကျန်တဲ့သူတွေတော့ မသိဖူးလေ ဆိုပြီး ငါးယောက်လုံး ဗြောင်ငြင်းလို့ ရအောင် အကြံပေးခဲ့တာ ခင်ဗျားတို့ မှ မလုပ်ပဲ ကိုး ဗျ လို့ပြောပါတယ် ။ 

        နောက်ဆုံး သူတို့ကို ကာကွယ်နိုင်တာ ပါတီလူကြီးပဲ ရှိတော့လို့ အဖေကိုယ်တိုင် ခေါ်သွားပြီး အကျိုးအကြောင်းပြောပြကာ အကူအညီ တောင်းပေးခဲ့ဖူးပါတယ် ။ အဲဒါ နိုင်ငံရေး ပညာတွေပါပဲ ။ 

        နိုင်ငံရေး အခြေအနေဟာ ငွေမဲတွေ ကြေညာပြီးတာ နဲ့ လှုပ်ခတ်လာပါပြီ ။ ကျနော်တို့ကတော့ ဘာမှ မသိကြပါဖူး ။ ရုံးထဲမှာ လူကြီးတွေ မကြာခဏ အစည်းအဝေး ခေါ်နေတာတွေ ၊ လွှတ်တော်အထူးအစည်းအဝေးတွေ ခေါ်နေတာပဲ သိနေပါတယ် ။

        အဲဒီအချိန်မှာ ကျနော်တို့ မြို့ဆီကို VIDEO စက်တွေ ရောက်စပြုလာပါပြီ ။ ဦးဆုံး စီးပွားရှာတာ ကမ္ဘာလုံး အအေးဆိုင်က တရုတ်တွေပါပဲ ။ TV နဲ့ Video တွဲလျှက် ငှားကြည့်လျှင် တည ၄၀၀ ကျပ် နဲ့ အိမ်တွေဆီကို လိုက်ပြပါတယ် ။ TV ရှိရင် video စက်ချည်း တည ၂၀၀ ကျပ် နဲ့ လိုက်ပြပါတယ် ။ 

          အဲဒီခေတ်က အထက်စက် အောက်စက်လို့ ခေါ်ပါတယ် ။ TV က အထက်မှာ ထားလို့ အထက်စက် ၊ ခွေစက်က အောက်မှာ ထားလို့ အောက်စက်တဲ့ ဗျာ😁😁။

        ကမ္ဘာလုံးကနေ တညကို ၄၀၀ နဲ့ ငှားတဲ့ အခါ စက်ကိုင်တဲ့သူ ထည့်ပေးပါတယ် ။ စက်ကိုင်တဲ့ သူတွေက အမှတ် ၁၇ ထဲက ကိုကျော်စိုးမင်း တဲ့ ။ ဘင်ခရာထဲကပဲ ကျနော်နဲ့ အလွန်ရင်းနှီးပါတယ် ။ သူက အိမ်တွေ လိုက်ပြရင် အဖော်အဖြစ် ရံဖန်ရံခါ ခေါ်လေ့ရှိပါတယ် ။ 

         တည သူခေါ်လို့ လိုက်သွားတာပေါ့ ။ အဲဒီမိသားစု နဲ့ အိမ်နီးချင်းတွေ လာကြည့်ကြတာပေါ့ ။ မြန်မာကား ပြပြီးတော့ နိုင်ငံခြားကား ပြပါရော ။ ခွေလည်း ထိုးပြီးရော ကိုကျော်စိုးမင်းက အပြင်ခဏ ဆိုပြီး ထွက်သွားပါရော ။ ကျနော်လည်း စက်မကိုင်တတ်ဖူး ဗျ ။ 

      အဲဒါ ကြည့်နေတုန်း နိုင်ငံခြားကား ဆိုတော့ ဟိုဟို ဒီဒီ လေးတွေ ပါလာပါရော ဗျာ ။ မိန်းကလေးတွေလည်း အများကြီး ဆိုတော့ ဦးလေးဖြစ်သူက ဗြုန်းကနဲ မတ်တပ်ရပ်ပြီး သူဝတ်ထားတဲ့ သော့ပုဆိုး ပါးပါးလေး ဖြန့်ကာပြီး မကြည့်ကြနဲ့ မကြည့်ကြနဲ့ အော်နေပါရော ။ 

         အတွင်းခံဘောင်းဘီက မပါဖူး ဗျာ ။ ကာလိုက်တဲ့ ပုဆိုးက ပါးပေ့ဆိုတဲ့ သော့ပုဆိုး နောက်က တီဗီ မီးကြီးက ထိန်လို့ လူက ခြေထောက် ကားကားကြီး လုပ်ထားသေးတယ် ။ ကဲ ဒါလောက်ဆို မြင်လောက်ရော ပေါ့ ။ 

       သူ့အမကြီးက အော်ပြောတယ် ဗျ ဟဲ့ ငမောင် ထိုင်စမ်း ထိုင်စမ်း တီဗီက အဲလောက် ရှက်စရာ မပါ ဘူး  နင်လုပ်မှပဲ သေချင်စော်နံအောင် ရှက်စရာကောင်းနေပြီ ဟဲ့ တဲ့ ။ 

     ကျနော်ကတော့ နောက်နားက တန်းလျှားပေါ်ကနေ ရီလိုက်ရတာ အူတက်နေတာပါပဲ ဗျာ ။ 

       အဲလို ဖြစ်ပျက်နေချိန်မှာ တိုင်းပြည်က လှုပ်ခတ်နေပါပြီ ။ ဒါပေမယ့် ကျနော်တို့က ဘာဖြစ်မယ်ဆိုတာ မရိပ်မိကြသေးပါဘူး ။ အတိတ် နမိတ်တွေ ယုံကြည်လေ့မရှိတဲ့ ကျနော့်အတွက် ထူးထူးဆန်းဆန်း သိပ်မှန်တဲ့ အတိတ် နမိတ် တခုကို ကြုံခဲ့ရပါတယ် ။ 

     အဲဒါကလည်း အရမ်းထူးဆန်းလှပါတယ် ။ ဘာထူးဆန်းတဲ့ အတိတ် နမိတ်လည်း ဆိုတော့ ပါတီယူနစ် ရုံးအတွင်းရှိ အရေးကြီးတဲ့ နေရာ ဖြစ်တဲ့........ ?

           မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...