Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (3)



        ၈ တန်းဖြေပြီး နွေကျောင်းပိတ်တော့ ကျနော်တို့အိမ်မှာ မီတာရလာပါတယ် ။ အဲဒီခေတ်က မီတာရဖို့ အဖေလျှောက်လွှာတင်တာ ၃ နှစ်လောက်ကြာမှ ရသဗျာ ။ မှတ်မှတ်ရရ ၅ တန်းနှစ်က လျှောက်လွှာတင်တာ ငါ့သား စာကြည့်ဖို့တဲ့ ပြောခဲ့လို့ မှတ်မိနေတာ ဗျ ။ 

           မှန်အိမ်လေးတွေ ရေနံဆီ မီးခွက်လေးတွေကို သေချာအမေက သိမ်းနေတော့ အဖေက ဟ မသိမ်းသေးနဲ့အုံး မီးက ပျက်အုံးမှာ လေ တဲ့ ။ သြော် အဖေ စကား အခုထိမှန်တုန်း ပါလားဗျာ ။ 

        နွေရာသီ ကျောင်းပိတ်ရက် စစခြင်း မောင်ကျော်က စတန့်ထွင်တယ် ဗျ ။ မြို့ရဲ့ အရှေ့တောင်ဖက် လေးခွပစ် ထွက်နေရတာ ပျင်းလာပြီတဲ့ ။ ​အရှေ့မြောက်ဖက်က စစ်တပ်ဖက် သွားပြီး ပစ်ကြမယ်တဲ့ ။ နောက်ပြီး ဂေါက်ကွင်းထဲ သွားပြီး ဂေါက်သီး ရှာကြစို့တဲ့ ။ 

        ကိုင်း နဂိုကမှ ခြေရှည်ချင်တဲ့ ကောင်တွေ ဆိုတော့ ၂ ခါ ညှိစရာ မလိုဘူးလေ ။ သွားကြတာပေါ့ ။ လွယ်အိတ်ထဲမှာ လောက်စာ ၁၀၀ စီနဲ့ ချောင်းဒေါင်း (တောင်)ရွာဖက်ကနေ သွားကြပါတယ် ။ ပိုက်ဆံကလည်း ကိုးမီး ကျင်းသွင်းတမ်း ကစားလာတာ ၃ိ / လောက် နိုင်လာတော့ အပြည့်လို့ ပြောရမှာပါပဲ ။ 

        ဖိုးလုံးလည်းပါလာပြီး ၃ ယောက်သား ချောင်းဒေါင်းရွာထဲကို ဝင်ခါနီး ပြောင်းပြာချောင်းက အတက် ကမ်းပါးအရှေ့ခြမ်းက လက်ဖက်ရည်ဆိုင်မှာ ရေဝင်သောက်ပါတယ် ။ အဲဒီလက်ဖက်ရည်က ကျနော်တို့နဲ့ အနီးဆုံးပါပဲ ။ မျက်မှန်းတန်းမိနေတာပေါ့ လေ ။

     ဆိုင်ရှင်က ဟေ့ကောင်တွေ မြေပဲယိုလာဝယ်ကြတာလားတဲ့ ။ အမှန်တိုင်း မပြောချင်လို့ ဟုတ်ကဲ့ လို့ ဖြေပြီးမှ မြေပဲယို တကယ် စားချင်လာတယ် ။ ရွာထဲဖြတ်သွားရင်း မြေပဲယိုလုပ်တဲ့ အိမ်နားရောက်တော့ အနံ့က မွှေးကြိုင်နေတာနဲ့ ဝင်ဝယ်ကြပါတယ် ။ 

     ချောင်းဒေါင်း တောင်ရွာ မြေပဲယိုဟာ အလွန်နာမည်ကြီးပါတယ် ။ မြေပဲယိုနဲ့ နှမ်းယို ၂ မျိုး လုပ်ရောင်းပါတယ် ။ ဒိတ်လွန်မရှိဘူး လတ်ဆတ်တော့ ကြွပ်ရွမွှေးကြိုင်နေတာပဲ ဗျ ။ ၁ိ/ တန် အထုပ်ဆိုရင် အကြီးကြီး ရပါတယ် ။ 

        ၃ ယောက်သား မောမှ စားကြစို့ ဆိုပြီး ဆက်လာကြပါတယ် ။ လာကြရင်းနဲ့ ခမရ ၁၅ စစ်တပ်ရှေ့ ကတ္တရာလမ်းပေါ် ရောက်လာကြပါတယ် ။ အဲဒီမှာ အလံတွေ စိုက်ထားပြီး ရှေ့တန်းပြန်ကြိုဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ် ။ 

     အရင်အကြိမ်တွေတုန်းက သိတယ်ဗျ ။ ကြိုလည်းကြိုဖူးတယ် ။ စစ်သားကြီးတွေ သေနတ်တွေနဲ့ အများကြီး တန်းစီလာတာကို သိပ်သဘောကျတာ အထူးသဖြင့် အပြင်မှာ မြင်ရခဲတဲ့ သေနတ်ကြီးငယ်တွေကို အရမ်းသဘောကျတာပေါ့ ။ 

      ဒါနဲ့ မောင်ကျော်ရေ တို့လည်း ရှေ့တန်းပြန်ကြိုကြစို့ ကွာ ဆိုတော့ အေးလေ သေနတ်တွေ ကြည့်ရတာပေါ့ တဲ့ ။ ရှေ့တန်းပြန်တွေ လာတော့ ရှေ့ဆုံးက ဘင်ခရာတပ်ဖွဲ့က တဒုန်းဒုန်းတီးပြီး ဝင်လာပါရော ။ ဗီဇကြောင့်လားမသိဘူး ။ ကျနော် အတော်လေး သဘောကျသွားပါတယ် ။ 

        ရှေ့ဆုံးက ကျိုင်းကိုင်တဲ့ အမကြီးကလည်း ချောလိုက်တာပေါ့ ( အမှတ် ၁၄ သပြေပင် က မယုနိုင် လေ) ဒါနဲ့ တပ်ရှေ့ကနေ တပ်ထဲအထိ လိုက်ကြည့်ပါတယ် ။ တပ်ထဲရောက်တော့ ဘင်ခရာအဖွဲ့က နားပါပြီ ။ အပင်ရိပ်အောက်မှာ ပစ္စည်းတွေ ချပြီး လူတွေလည်း နားနေကြပါတယ် ။ 

      ကျနော်တို့လည်း ဘင်ခရာ ပစ္စည်းတွေနား မယောင်မလည်နဲ့ သွားကြည့်ပါတယ် ။ ဖိုးလုံးက သူသဘောကျတဲ့ ဘင်ကို လက်နဲ့ ထုသတဲ့ ။ မြင်သွား​ကြပြီး ဟာ ကလေးတွေ မထုနဲ့ဟ  ကွဲသွားမယ် လာကြ လာကြ ဆိုပြီး ခေါ်ပါတယ် ။ 

         အံမယ် ယူနီဖောင်းတွေ ဝတ်ထားလို့ မမှတ်မိတာဗျ တယောက်က ရှေ့ဆောင်လူငယ်သင်တန်းမှာ လာသင်ပေးဖူးတဲ့ သင်တန်းဆရာပဲ ။ အဲဒီမှာ လူတယောက်က ကျနော့်ကို သေသေချာချာ ကြည့်ပြီး 

"ဟေ့ကောင် မင်း ကိုညို့သား မဟုတ်လား "

"ဟုတ်တယ် ဗျ အဖေ့ကို သိလို့လား"

"ဟာ သိတာပေါ့ကွ တရုံးထဲ လုပ်နေတာပဲ မင်းတို့ တပ်ထဲ ဘာလာလုပ်ကြတာလဲ "

"လေးခွပစ်ထွက်လာတာ ဗျ ရှေ့တန်းပြန်ကြိုနေတာ တွေ့လို့ လိုက်ကြည့်ကြတာ"

"အဝေးကြီးကွာ အတော်ဆော့တဲ့ကောင်တွေပဲ မင်းအဖေသိရင် ဆော်အုံးမယ်"

"ပြန်မပြောနဲ့ပေါ့ ဗျ"

"သြော် အေးပါကွာ ဒါနဲ့ မင်းက ဘင်ခရာ တီးတာ ဝါသနာ ပါလို့လား "

"အင်း တီးကြည့်ချင်သား ဗျ "

"မင်းက လူကောင်သေးလို့သာပဲ အခု ၈ တန်းဖြေထားတယ် မဟုတ်လား "

"ဟုတ်တယ် လေ အဖေပြောထားတာလား"

"အေးပေါ့ကွ မင်းဝါသနာပါရင် ဒီနှစ်နွေရာသီမှာ ဘင်ခရာသင်တန်း ဖွင့်မှာကွ လာတက်ပါလား "

"အင်း အဖေ့ပြောပြီး လာတက်မယ်ဗျာ "

      အဲဒီဆရာနဲ့ စကားပြောနေတုန်း စစ်သားတွေက ဘိလပ်ရေပုလင်းတွေကို ရေခဲပုံးထဲ ထည့်ပြီး လာပေးတယ် ဗျ ။ အဲဒါ ဘင်ခရာ အဖွဲ့သားတွေကို တယောက် တပုလင်း လိုက်ပေးရင်း ကျနော်တို့ ၃ ယောက်ကိုလည်း ခုနက အဖေ့မိတ်ဆွေ ဆရာက တပုလင်းဆီ ပေးတယ် ဗျ ။ 

    အဲဒီအချိန်တုန်းက ဘိလပ်ရေဆိုတာ ရှားပါးပစ္စည်းဗျ လက်မနှေးပဲ ယူပြီး ဆော်တာပေါ့ ဗျာ ။ ပြီးမှ သင်တန်းတက်ဖို့ ထပ်ကတိပေးပြီး စစ်တပ်ထဲက ပြန်လာကြပါတယ် ။ 

.......အဝေးဆီ ထပ်မသွားပဲ စစ်တပ်အနောက်ဖက်က ဂေါက်ကွင်းထဲ သွားကြပါတယ် ။ ချုံကြားတွေထဲ လိုက်ပြီး ဂေါက်သီးရှာတာ မျက်စေ့လျှင်တဲ့ မောင်ကျော်ပဲ ၂ လုံးတွေ့တယ် ဗျ ။

    နောက်ပါလာတဲ့ လောက်စာကုန်အောင် ငှက်သာမဟုတ်ဖူး ပုတ်သင်ညိုပါ မကျန် ပစ်ခတ်ပြီး ဝယ်လာတဲ့ မြေပဲယို အပြတ်ရှင်းပြီး ပြန်ခဲ့ကြပါတယ် ။ ပြန်တော့လည်း လာလမ်းအတိုင်း ပြန်လာကြပါတယ် ။ အဲဒီအချိန်က ပြောင်းပြာချောင်း ဟာ ရေအမြဲလာပါသေးတယ် ။ 
      
       ချောင်းထဲရောက်တော့ ချောင်းရေကြည်ကြည်လေးထဲမှာ ချိုးချင်စိတ်ပေါက်လာလို့ ချောင်းရိုးအတိုင်း အရှေ့နား ခပ်လှမ်းလှမ်းထိ လျှောက်ခဲ့ကြပါတယ် ။ ချောင်းကွေ့တနေရာမှာ ပေါင်လောက်အနည်းငယ် နက်တဲ့ ချောက်သေးသေးဟာ ကန္တာရပင်ကြီးအောက်မှာ ရှိပါတယ် ။ 

    လူအသွားအလာလည်း မရှိပါဘူး ။ ၃ ယောက်သား ဖင်ပြောင်လေးတွေနဲ့ ရေချိုးကြပါတယ် ။ ၈ တန်းဖြေပြီးတဲ့ အထိ ရှက်ရကောင်းမှန်း မသိသေးအောင် အဆော့မက်တဲ့ ရာဇဝင် ရှိခဲ့တယ် ဗျ ။

         အိမ်ပြန်ရောက်တော့ စားသောက်ပြီး လမ်းပြန်ထွက်ခါနီးမှ အဖေ့အမေ အမေကြီးတင်က ငါ့မြေး မင်းအရီး နဲ့ ပဲပို့သွားပေးအုံး တဲ့ ။ 

      အပျိုပေါက် သူ့သမီးကို စိတ်မချလို့ အဖော်ထည့်ပေးတာလေ ။ ပဲ ပို့ဆိုတာ ဒီလိုဗျ ။ ကျနော်တို့နားလေးမှာ ဒီနေ့ နာမည်ကြီး ဒေါ်ဂွက်ထော် ပဲကြော်ဆိုတာ ရှိပါတယ် ။ သူက စွန်တာနီပဲ ကြော်ဖို့အတွက် အဲဒီပဲတွေကို အပင်ဖောက်ပြီး အညှောင့်ချိုး ၊ အခွံခွါပြီးမှ ကြော်ရတာကိုး ။

     အဲဒီ အတွက် ရပ်ကွက်ထဲကို တတင်းဘယ်လောက်ဆိုပြီး လုပ်အားခပေး ခိုင်းတယ်ဗျ ။ အဲဒါကို မနက်သွားယူ ညနေပြန်ပေး ပြီးသလောက် ငွေရှင်းပေါ့ ဗျာ ။ 

     သိပ်ပြီးရိုးသားကြတော့ သူတို့ကလည်း ပဲတွေကို ရော့ တတင်း နှစ်တင်း ဆိုပြီး ယူသလောက်ပေးလိုက်တယ် ။ ပြန်လာပေးတော့လည်း အလျော့များတယ် နည်းတယ် မပြောဘူး ယူထားလိုက်တာပဲ ။ 

    ပဲယူပြီး အညှောင့်ချိုး အခွံညှစ်တဲ့သူတွေကလည်း ကိုယ့်အိမ်ချက်စားဖို့ တဗူး နှစ်ဗူးပဲ ယူချက်ချင်ချက်မယ် သစ္စာရှိရှိ ပြန်ပေးကြတာ ပဲ ဗျ ။ အလုပ်မရှိတဲ့ မိသားစုတွေဆိုရင် စားပွဲဝိုင်းပေါ် ပဲ တွေ ပုံထားပြီး ပတ်ပတ်လည်ကနေ တဖြောင်းဖြောင်း နဲ့ အညှောင်းလေးတွေ ချိုးကြရတယ်ဗျ ။ ကျနော်တို့က​တော့လက်နှိပ်စက် ရိုက်တယ်လို့ ခေါ်တယ် ။ 

      ပြီးရင် နေလှမ်းရတယ် ပဲက နေကြောင့် အခွံလေးတွေ လိပ်ပြီးကျွတ်လာမှ ရေပြန်စိမ်ပြီး အခွံချွတ်ကြရတယ် ။ ပဲညှောင့်ကလည်း ပြုတ်ပြီး သုတ်စားရင် အလွန်ကောင်းတယ် ဗျ ။ ပဲခွံကတော့ နွားရှိတဲ့အိမ်က လာယူပါတယ် ။ ပဲညှောင့်ရော ယူတာပေါ့ နေ့စဥ် ဘယ်သူက သုတ်စားမလဲ ဗျာ ။ 

     ဒေါ်လေးနဲ့ ပဲပို့ပြီး အပြန်မှာ  ကျနော်က ဘင်ခရာသင်တန်းတက်ဖို့ အဖေ့ကို ပြောတော့ အေးတက်ပေါ့ သင်တန်းဆရာတွေက ငါ့မိတ်ဆွေတွေပဲ ကွ တဲ့ ။ ယူနီဖောင်းဖိုး ၆၀ိ / သွင်းရမှာတဲ့ အဖေက ကြိုပြောတယ် ဗျ ။ 

        ကျနော်အဖေက မြို့နယ်ပါတီလူကြီး ဖြစ်သလို တရားသူကြီးလည်း လုပ်ရသဗျ ။ သူ့အလုပ်တွေကို ကျနော် အကုန်မသိပေမယ့် အိမ်ကိုလာတဲ့ လူတွေကြည့်ပြီး သူ့တာဝန်တွေကို ခန့်မှန်းမိပါပြီ ။ ငွေမရပဲ အတော်လေး အလုပ်ရှုပ်တဲ့ အဖေပါလား ပေါ့ ဗျာ ။ 

    အဖေ့ရဲ့  မူရင်းလစာရတဲ့ အလုပ်က ကုန်သွယ်လယ်ယာ ဖြစ်ပါတယ် ။ မူလရာထူးက လက်နှိပ်စက်စာရေးလေးပါပဲ ။ ကျွမ်းကြင်ရိုးသားလို့ ပါတီယူနစ် ဥက္ကဌကနေ သူ့နားခေါ်ထားတာပါ ။ အရေးအခင်း ပြီးမှ မိခင်ဌာနကို ပြန်သွားပြီး ခရိုင် ဝယ်ရောင်း မန်နေဂျာ အဆင့် နဲ့ ပင်စင် ယူလိုက်တာပါ ။ 

        ဘင်ခရာသင်တန်းက စတင်ဖွင့်တော့ ကျနော်စုံစမ်းစရာ မလိုပါဘူး အဖေက လျှောက်လွှာတင်ခဲ့ပြီး ဖွင့်မယ့်ရက်ပြောလို့ သာသာယာယာ တက်ခဲ့ရပါပြီ ။ သင်တန်းရောက်မှပဲ အဖေ့ရဲ့ ရိုးဂုဏ်နဲ့ လူချစ်လူခင် ပေါများပုံကို လက်တွေ့ သိမြင်လိုက်ရတာပါပဲ ။ 

      သင်တန်းဆရာတွေက ကိုမြင့်ဟန် (၁၃ ရပ်ကွက်) ၊ ကိုမောင်တာ (၁၆ ရပ်ကွက် ) ၊ ကိုအောင်ဝင်း (၁၂ ရပ်ကွက် ) ၊ ကိုမြင့်အောင် (ရှားတောရွာ) ၊ ကိုသိန်းဇော် (၁၄ ရပ်ကွက်) ကိုလှမင်း ( အမှတ် ၂ ) ၊ ကိုခင်မောင်လေး (၁၄ ရပ်ကွက်) ၊ ကိုကြည်လင်ဦး (အမှတ် ၁  သူက နည်းပြသင်တန်းတက်နေဆဲ နောက်မှရောက်လာ) တို့ပါပဲ ။ 

    မှတ်မှတ်ရရ ဘင်ခရာသင်တန်းသားက ၁၀၀ ကွက်တိပဲ ဗျ ။ သင်တန်းဖွင့်ပွဲနေ့မှာပဲ လာသမျှ လမ်းစဥ်လူငယ် ဥက္ကဌ အတွင်းရေးမှူး ၂ ဦးက အစ ဒါ ကိုကြီးညို သားလေဆိုပြီး မိတ်ဆက်ပေးကြပါတယ် ။ အတွင်းရေးမှူး ၁ ကိုအောင်မြင့်က လေးအိမ်တန်းသား ၊ အတွင်းရေးမှူး ၂ ဒေါ်စန်းစန်းယု က အမှတ် ၄ ထဲက တရပ်ကွက်တည်း သားတွေ ဖြစ်ပါတယ် ။ 

    အဲဒီခေတ်က လူမျိုး ဘာသာ ခွဲခြားမှုဆိုတာ ကြားတောင်မကြားဖူးပါဘူး ဗျာ ။ ဘင်ခရာသင်တန်းမှာ ဗလီဝန်းထဲက လျှပ်စစ်ဦးတင်အောင်သမီးတောင် ပါလာသေးတယ် ။ အားလုံး ချစ်ချစ်ခင်ခင် တွေပါပဲ ။ 

    ယူနီဖောင်းက ဇင်စအထူ အပြာဝမ်းဆက်ဗျ ။  ဦးထုပ်ကလဲ ရိုးရိုးရှာထိုး ဦးထုပ်လေးတွေပါပဲ ။ သင်တန်းစတော့ အုပ်စု ၅ စုခွဲလိုက်ပါတယ် ။ ဒိုရေမီဖာက စသင်တာပေါ့ ။ ပါးစပ်နဲ့ ဆိုခိုင်းထားပြီး စသင်ကြတာပေါ့ ။ 

     သင်တန်းမတက်ခင်ထိ ရပ်ကွက်ထဲက အိမ်နီးခြင်း မောင်ကျော် ဖိုးလုံးတို့နဲ့ပဲ ကမြင်းကျောထခဲ့ရတဲ့ အဆင့်ကနေ အခု ဘင်ခရာသင်တန်းလဲ တက်လိုက်ရော တမြို့လုံးက ဗရုတ်သုတ်ခတွေသာမက မြို့နားက ရွာတွေကပါ အဆစ်ပါလာပြီး ကမြင်းကျော မွှမ်းမံသင်တန်းပြီး တက်ရသလို ဖြစ်ခဲ့ရပါတယ် ။ 

    သင်တန်းစတက်တဲ့နေ့မှာပဲ ကျနော့်ဘဝမှာ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ နေ့တနေ့ ကြုံရပါတယ်  ။ အိမ်နားလေးက အလွန်အနေအေးတဲ့ ကျနော်ထက် ၁ နှစ်ငယ်တဲ့ ရန်အောင်ဆိုတဲ့ သူငယ်ချင်း သေသွားပြီတဲ့ ဗျ ။

      သူသေရတာ ရင်နာစရာပါဗျာ ကျနော်တို့နဲ့ ဆော့ရင်း ဖြစ်ခဲ့ရတာ ဗျ ။ ဖြစ်ပုံက ......? 

              မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...