Monday, July 5, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (19)


         တွန့်လိမ်နေတဲ့ အနီရောင်အကောင်က ကင်းခြေမျှားကြီး ပဲဗျ ။ ကျနော့်တသက် တွေ့ဖူးသမျှထဲမှာ အကြီးဆုံးပဲ ။ သတ္တိကောင်းတဲ့သူဆိုတော့ ဘယ်ရမလဲ ငယ်သံပါအောင် အော်တာပေါ့ ။ 

          ကျနော်ကလွဲရင် ကျန်တဲ့သူတွေက ရေသရဲတွေချည်းပဲ ဗျ ။ အနီးဆုံးတယောက်က ချက်ခြင်းရောက်လာပြီး လှော်တက်လှမ်းတောင်းပါတယ် ။ လှေနံရံ ကိုင်ရင်း ကျနော် လက်ရွှေ့လိုက်တော့ ကင်းခြေမျှားက လက်နောက် လိုက်လာတာပဲ ။ 

       ဒါပေမယ့် လှော်တက် ရောက်လာတော့ တချက်ထဲနဲ့ ပွဲသိမ်းသွားပါတယ် ။ ယူလာပြီး တိုင်းကြည့်တော့ ၁၄ လက္မ ရှိတယ် ဗျ ။ အိမ်ရှင်က အရက်ပုလင်းထဲ စိမ်ထားလေရဲ့ ဆေးဖက်ဝင်တယ် ဆိုလားပဲ ဗျာ ။ 

       လှေမှောက်ပြီး ပြန်ဆယ် ပြန်မျှားကြသေးတယ် ။ ငါးပေါက်စ ခုနစ်ကောင်ပဲ ရခဲ့တယ် ။ ပြန်လာပြီး ငါးလေး ခုနစ်ကောင် ပေးလိုက်တော့ အိမ်ရှင်က ရီနေလေ ရဲ့ဗျာ ။ လခွမ်း မင်းတို့ လူအုပ် နဲ့  ကုန်ပါ့မလား ကွာ တဲ့ ။ 

        တကယ်တမ်းကျွေးတော့ အမဲသား နဲ့ ကျွေးတာပါ ။ ကျနော်တို့ထဲ မှာ ကိုလှမင်း နဲ့ ကိုကြည်လင်ဦး တို့ နှစ်ယောက်က အမဲသား မစားဖူးတဲ့ ။ ကျနော်တို့က အကုန်ကြိတ်တယ် မစားတဲ့သူ ငတ်ပေါ့ ဆိုပြီး ဆော့လာတော့ မောမော နဲ့ ဆာနေတော့ စားတာပေါ့  ။ 

        အမဲသားနဲ့ ဘီလူးစီးသလို ပါးဖြဲနားဖြဲ စားနေပြတာကို ထမင်းဖြူမှာ ငရုတ်သီးထောင်းလေး နဲ့ မစားချင် စားချင် စားနေတဲ့ ကိုလှမင်းက စပြီး ဒီနေ့က စပြီး အမဲသားစားပြီ ကွ ဆို တုတ်တော့တာပါပဲ ။ ခဏနေတော့ ကိုကြည်လင်လည်း ငါလည်း စားပြီကွ ဆိုပြီး စားတာပါပဲ ။ 

      အဲဒါပဲ အပေါင်းအသင်း မကောင်းရင် ကောင်းတဲ့သူတွေပါ အကျင့် ပျက်တယ်ဆိုတာ😁😁။

          ကျနော်တို့ ဖမ်းမိတဲ့ ငါးလေးတွေကို အိမ်ရှင်က ငါးမျှားချိတ်မှာ ချိတ်ပြီး ရေထဲ ချထားပါတယ် ။ ပြန်ခါနီးမှာ နှစ်ပေလောက်ရှိတဲ့ ငါးတကောင် ဖမ်းမိတယ် ဗျ ။ အဲဒါကို မြို့ရောက်မှ ချက်စားကြဆိုပြီး ထည့်ပေးလိုက်ပါတယ် ။ 

         မန်ကျည်းပင်စု အမှတ် (၁) ရပ်ကွက်က ကိုကြည်လင်ဦးရဲ့ ကျယ်ဝန်းလှတဲ့ ခြံကြီးဟာ ကျနော်တို့ ဌာနချုပ်ပါပဲ ။ သူ့အိမ်မှာ ငါးဟင်းချက်ကြပါတယ် ။ ပြီးတော့ ဟင်းချို လုပ်မယ်ဆိုပြီး ကိုကြည်လင်က သူခြံဝန်းပေါ်က ဘာပင်တွေမှန်း မသိတဲ့ နွယ်ပင်က အညွှန့်တွေ ခူးလာပါတယ် ။

"ကိုကြည်လင် အဲဒါ ဘာပင်လဲ ဗျ ''

"မသိဖူး လေကွာ အလေ့ကျပေါက်ပင်တွေကိုး ကွ ''

"ဟာ...သေကုန်ပါအုံးမယ် စားလို့ ရမှန်း မသိ မရမှန်း မသိ နဲ့ ဗျာ ''

"မသေပါဖူး ကွာ မနေ့ကမှ အနောက်ဖက်အိမ်က နွားကြီး ဆွဲစားနေပါသေးတယ် အခုထိ အဲဒီနွားကြီး ဘာမှ မဖြစ်ပါဖူး ''

"ဟိုက် ကောင်းလိုက်တဲ့ ကောက်ချက်ဗျာ ခင်ဗျာ အရင်သောက် ဆယ့်ငါးမိနစ်လောက် နေမှ ကျုပ်တို့ သောက်မယ် ''

"မသပေါဘူး ဟ ''

         တကယ်သူ့ကို အရင်သောက်ခိုင်းပြီး မှ ကျန်တဲ့သူတွေ သောက်ကြတာ ဗျ 😁😁။ 

         ကိုကြည်လင်ဦး ရာဇဝင်ကလည်း ရီစရာဗျ ။ ဖောက်သည်ချအုံးမယ် တွေ့မှ ဆဲလည်း မတတ်နိုင်ဖူး 😁😁။ 

       သူ့က အသားက သပိတ်ရောင် နဲ့ ဗျ ။ စိတ်ထားအလွန်ကောင်းပါတယ် ။ ကြောက်လည်းကြောက်တတ်တယ် ဗျ ။ သူ့မွေးစား အမေက သူဌေးမကြီး ဗျ ။ အဲဒီမွေးစား အမေရဲ့ အမျိုးမကင်းတဲ့ တောင်သာသူ မသန်းဝင်းဆိုတဲ့ အမျိုးသမီး နဲ့ ရီးစားဖြစ်နေတာ ဗျာ ။ 

       မသန်းဝင်းက ဖြူဖြူသန့်သန့် နဲ့ ချောတယ်ဗျ ။ ချောသလောက် ထုံထုံအအ ဗျာ ရိုးလွန်းတော့ အတာပေါ့ လေ ။ ဆရာမင်းလူ ရဲ့ လှထုံ အတိုင်းပဲ ဗျာ ။ သူဘယ်လောက် ထုံသလဲ ဆိုတာ နောက်ပိုင်းမှာ ပါလာပါမယ် ။ 

      ကိုကြည်လင်က မဲသလောက် အကြံကြီးတယ် ဗျ ။ မသန်းဝင်း နဲ့ ကြိုက်နေတဲ့ ကြားထဲက မယုယုနိုင်ကို အီစီကလီ လုပ်ပြန်ရောဗျို့ ။ နေ့တဓူဝ တွေ့နေရတဲ့ အချောစားကြီး ဆိုတော့လည်း ကြိုက်မှာပေါ့လေ ။ 

       ကျနော်တို့က အတွင်းသိတွေ ဆိုတော့ မသန်းဝင်းကို သနားတာနဲ့  သူ့မွေးစား အမေကြီးကို သတင်းပို့လိုက်တယ် ။ အဖွားကြီးက ချက်ခြင်းပဲ ပေးစားမယ်ဆိုပြီး ဖိတ်စာတွေရိုက် ဘာညာ လုပ်ပါရော ။ 

      မသန်းမိဘတွေ လိုက်လာပြီး တခါ ပြဿနာရှာပြန်ရော ။ အဲဒါနဲ့ ကိုကြည်လင်က အကြောင်းပြချက် ပေးပြီး အိမ်ကပြေးလာသတဲ့ ။ ဝေးဝေးသွားတာလည်း မဟုတ်ဖူး ကျနော်တို့ ရပ်ကွက်ထဲ လာပုန်းနေသတဲ့ လေ ။ 

      အဲဒါ မလုံခြုံဘူး ဆိုပြီး ရွှေမြင်တင် ဘုန်းကြီးကျောင်းမှာ သက်န်းစီးရောဗျို့ ။ အဲဒါကို သူ့ရပ်ကွက် သန့်ဇင် ဆိုတဲ့ သူငယ်ချင်းက သိတယ် ဗျ ။ အမှတ် ၁ ကောင်စီလူကြီးတွေ နဲ့ ခြိမ်းခြောက်ပြီး သန့်ဇင်ကို အစ်ကြည့်တော့ မိရောဗျို့ ။ 

      ကျနော်တို့ နဲ့ နီးနေတော့ လာခေါ်တာပေါ့ ။ ဘုန်းကြီးကျောင်းထဲ လိုက်သွားရတယ် ။ အံမယ် ကိုယ်တော်ကြီးက ဝါတော် ၆၀ ရ အိန္ဒြေမျိုးနဲ့ အိုက်တင်ခံနေတာလေ ။ 

     မွေးစား အမေကြီးက ငါ ဖိတ်စာဖိုးတွေလည်း ကုန်ပြီးပြီ ၊ ကြက်သွန်တွေလည်း လှီးပြီးပြီ အတိုက်အခံ လုပ်ပြီး ပြန်မလိုက်ချင်နေခဲ့ တသက်လုံး ငါ့ဆီ ပြန်မလာနဲ့ ဆိုတော့ ကိုယ်တော်ကြီး ပြန်ပါသွားတာပေါ့ ဗျာ ။ 

       မဂ်လာဆောင်တော့ ကတုံးကြီး နဲ့ ။ ကျနော့်တသက်တော့ မဂ်လာမဆောင်ချင်လို့ ထွက်ပြေးပြီး ဘုန်းကြီးဝတ်တဲ့သူကို ကောင်စီလူကြီးတွေ ၊ ရဲတွေ နဲ့ လိုက်ရှာပြန်ဖမ်းပြီး မဂ်လာဆောင်ပေးရတာ အဲဒီတခါပဲ ကြုံဖူးသေးတယ် 😁😁 ။

           အမယ် မဂ်လာဦးညကို မင်းတို့ပြန်ရင် ငါလည်း မအိပ်ဖူးဆိုလို့ သူတို့အိမ်မှာ ညအိပ်ပေးခဲ့ကြရသေးတယ် ။ အခုတော့လည်း ကလေးတွေ အပြွတ်လိုက် နဲ့  ဘယ်သူက အကြီး ဘယ်သူက အငယ်ဆိုတာ တောင် သူကိုယ်တိုင်မခွဲတတ်တော့ဖူး တကယ့်လူပါဗျာ😁😁။ 

         ကျောင်းမှာတော့ ထူးထူးခြားခြား သိပ်မရှိပါဘူး ။ သာမန်ပါပဲ စတာ နောက်တာတွေက အများကြုံဖူးကြသလိုပါပဲ ။ 

         ကျနော်ခေတ်က စက်ဘီးစီး ကျွမ်းကျင်ရင် ဆရာကြီးပေါ့ ဗျာ ။ အမှတ် (9) ရပ်ကွက် လမ်းမထိပ်မှာ မီးသွေးရောင်းတဲ့ တိုက်ရှိတယ် ဗျ ။ မဆလခေတ်မှာ တိုက်နဲ့နေတာ သူဌေးတွေနော် ။ သူ့နာမည်က ဘိုဘို တဲ့ ။ ထူးထူးခြားခြား မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး တိုနန့်နန့် ရှိတဲ့ ဗမာလူမျိုး ဗျ ။ 

        သူက ပြိုင်ဘီးလေးနဲ့ ကျောင်းလာတက်တာပါ ။ ကျနော်တို့ကျောင်းမှာ အကျွမ်းကျင်ဆုံး စက်ဘီးသမားပါပဲ ။ မယုံနိုင်အောင် ကျွမ်းကျင်မှု ပြတဲ့ ပြကွက်က တမတ်စေ့ ကို စက်ဘီးစီးရင်း ကောက်ပြတာပဲ ။ စက်ဘီးလဲရင် အရှုံး ၊ မတ်စေ့ မကောက်နိုင်ရင် အရှုံးပေါ့ လေ ။ 

       လောင်းတိုင်း သူနိုင်တယ် ဗျ ။ သောင်းတန်ညွှန့် နဲ့ အလွန်ရင်းနှီးပါတယ် သူဌေးသားချင်းလေ ။ ဒါနဲ့ သောင်းတန်ညွှန့်က ဘိုဘိုကို စချင်လို့ ဘယ်လို လုပ်ရင် ကောင်းမလဲ တဲ့ လာမေးတယ် ။ 

      ကျနော်လည်း နှစ်ရက်လောက် စဥ်းစားပြီး ဒီလိုလုပ်ကွာ ဆိုပြီး အကြံပေးလိုက်တယ် ။ သောင်းတန်ညွှန့်က သဘောကျတယ် ။ ဒါနဲ့ အစီအစဥ်ကို စမ်းကြည့်တော့ အဆင်ပြေတယ် ။ ပွဲကဖို့ ပြင်ဆင်ပြီးတာ နဲ့ ဘိုဘိုကို သောင်းတန်ညွှန့်က စိန်ခေါ်တယ် ။ 

      စက်ဘီးစီးပြီး တမတ်စေ့ ကောက်ရမယ် ခါတိုင်းလို မြေကြီးပေါ်တော့ မရဖူး တမံသလင်းပေါ် မှာ ကောက်ရမယ် ဆိုပြီး စိန်ခေါ်တယ် ။ ဘိုဘိုက ပိုလွယ်တာပေါ့ ဆိုပြီး လက်ခံတယ် ။ ဘိုဘိုက ၅၀၀ ကြေး လောင်းမယ်တဲ့ ။ 

        သောင်းတန်ညွှန့်က လောင်းရမလား လာမေးတယ် ။ သူ့ကို အပျော်တမ်း ညစ်ပတ်ရမှာလေ မလောင်း နဲ့ လောင်းရင်လည်း လက်ဖက်ရည်ဖိုး နှုတ်ပြီး သူ့ကို ရှင်းပြ ပြန်ပေးရမယ်လို့ ပြောတော့ သဘောတူတယ် ။ 

         ကျောင်းဆင်းချိန် မှာ ၂၀၀ ကြေးပဲ လောင်းပါဆိုပြီး မနည်းပြောရတယ် ။ ဘိုဘိုက သွေးကြီးနေလို့ မနည်းပြောရသေးတယ် ၊ ဒီကလူတွေက ညစ်ဖို့ လုပ်ထားတာ သူမသိဖူး လေ ။ 

      ကစားပွဲစပြီ တမတ်စေ့ကို ပြတယ် ပြီးတော့ သောင်းတန်ညွှန့်က သွားချထားတယ် ဘိုဘိုက စက်ဘီး နဲ့ စီးရင်း ခါတိုင်းလို ကွေ့စောင်းပြီး တမတ်စေ့ကို ကောက်ယူတယ် ။ တမတ်စေ့က လက်နဲ့ ထိမိပေမယ့် ပါမသွားပဲ ကျန်နေတယ် ။ 

      အနားက သောင်းတန်ညွှန့်က ဟေး...ဆိုပြီး အရှိန်လွန်သွားတဲ့ ဘိုဘို မရောက်ခင် တမတ်စေ့ကို ကောက်ပြီး ထောင်ပြတယ် ။ မျက်စိမျက်နှာ ပျက်နေတဲ့ ဘိုဘိုက ထပ်လောင်းမယ် လုပ်နေသေးတယ် ။ တော်ပါပြီ ဘာညာ နဲ့ ချော့ပြောပြီး ပြန်ခဲ့ကြတယ် ။ 

        လက်ဖက်ရည်ဆိုင်မှာ ငါးယောက်သား တဝတပြဲစားတာ ၁၅ ကျပ်ကုန်သွားတယ် ။ နောက်နေ့ကျတော့ ဘိုဘိုကို ၁၈၅ ကျပ် ပြန်ပေးရင်း ညစ်ထားတဲ့ အကြောင်း ပြန်ပြောကြပြီး ရီကြတာပေါ့ ။ 

      ညစ်ပုံက တမတ်စေ့ကို ပြတုန်းက တစေ့ ဝှက်ထားတာက ပီကေ နဲ့ ကပ်ထားတဲ့ တစေ့ ၊ တမံသလင်းပေါ် ချလိုက်တာ အောက်မျက်နှာမှာ ပီကေအပြည့်နဲ့ ကပ်ထားတာလေ ။ ရုတ်ချည်းကောက်လို့ မရနိုင်ဘူး အသေအချာ ခွာယူမှ ပါလာမှာလေ စမ်းသပ်ပြီးသား ကိုး ။ 

      စက်ဘီး အရှိန်လွန်ချိန်မှာ သောင်းတန်ညွှန့်က ကွက်တိ အဲဒီ ကပ်နေတဲ့ တမတ်စေ့ပေါ် ရပ်ပြီး ဖုံးထားတယ် ၊ လက်ထဲမှာ အခြားတမတ်စေ့ ပြထားတော့ ဘိုဘိုလည်း စိတ်ညစ်ပြီး ဘယ်ကြည့်တော့မလဲ ရှုံးပြီဆိုပြီး ပြန်သွားတာပေါ့ ။ ကျနော့်အကြံဆိုတော့..

"အေး သောင်းတန်ညွှန့်တို့ ကြောက်မယ်ဆိုလည်း ကြောက်လောက်ပါတယ် ဂျပုရာ ''

" ဘိုဘိုရေ မင်းက အခန်းမတူလို့ဟေ့ ငါတို့ချည်း ခံနေရတာ များပြီ ဒီကောင်က မစရတာ ကြာရင် အိမ်ထိလိုက်လာပြီး ဆူးလေဆူး စူးအောင် လုပ်တဲ့ကောင်ဗျာ ''

        တဟီးဟီး တဟားဟား နဲ့ ပြီးသွားတာပါ ပဲ ။ သြော် ကျောင်းမှာ စီးပွားရှာတာ ပြောရအုံးမယ် တော်ကြာ မကောင်းတာ ချန်ထားတယ် ဖြစ်အုံးမယ် ။ 

         ကျောင်းသားတွေက ဖဲရိုက်ကြတယ် ဗျ ။ ဘောလုံးကွင်းထဲက ခြုံတွေထဲမှာ အောက်ခြေက ကျနော်တို့ ရှင်းထားတော့ ဖဲဝိုင်းအတွက် အံကျပဲလေ ။ 

     အဲဒီအချိန်က ဖဲရိုက်ကြတာ ကလေးတွေက ဖဲချပ် အစစ်နဲ့ မရိုက်နိုင်ဖူး ဗျ ။ အလွန်ရှားပါးတဲ့ ခေတ်ဗျ ။ ဖဲထုပ်အစစ်ကို ပွန်းရိ​​နေအောင် ရိုက်ကြရတဲ့ ခေတ်ကိုးဗျ ။ 

        တနေ့ ရုံးမှာ တရားရုံးက သက်သေခံ ဖဲထုပ်တွေ ယူလာပြီး ကိုမျိုးရွှေတို့ ဖဲရိုက်နေပါတယ် ။ စတိုခန်းထဲက ဖဲထုပ်တွေ တွေ့တော့ တပတ်နွမ်းကိုပဲ ပြန်ရောင်းစားလို့ ရနေတဲ့ အချိန်ဆိုတော့ ကျနော့်ကို တထုပ်ပေး မပေးရင် လူကြီးကို တိုင်မယ်ဆိုတော့ နှုတ်ပိတ်ခ ပေးကြတယ် ဗျ ။ 

          ဒါနဲ့ ဖဲထုပ်ယူလာပြီး ပထမ ရောင်းမလို့ပဲ ဗျ ။ နောက်တော့ ကျောင်းသားတွေကို ဖဲထုပ်အစစ်နဲ့ ရိုက်ခိုင်းပြီး အကောက် ကောက်ယူရင် နေ့တိုင်း ဝင်ငွေရမယ်လို့ တွက်မိတယ် ဗျ ။ 

       ဖဲဝိုင်းက ရှစ်နာရီဆို စနေပြီလေ ။ ဒါနဲ့ စောစောသွားပြီး လေ့လာတာပေါ့ ။ အဆင်ပြေတယ် ဖဲထုပ်အစစ်နဲ့ဆို အကောက်ပေးမယ် တဲ့ ။ ဒါနဲ့ ​ခြောက်တန်းကျောင်းသား စန်းလွင်ဆိုတဲ့ သူငယ်ချင်းကို မင်း နဲ့ ငါ တဝက်စီ ယူမယ် လုပ်မလား ဆိုတော့ လုပ်မယ် တဲ့ ။ 

       စန်းလွင်ဆိုတာ ကျောင်းခြံစည်းဘေးက ပေါက်ပေါက်ဖောက်တဲ့ အိမ်က လူရှုပ်ဗျ ။ သူတို့ ပေါက်ပေါက်ဖောက်တဲ့ ဆော်ဒါခဲတွေ ယူလာပြီး ကျောင်းက ရေစင်ပေါ်ရှိ သံရေကန်ကြီးထဲ သွားထည့်ကြတာ တကျောင်းလုံး ရေတွေ ချိုခါးတွေ ဖြစ်ကုန်တာ ရေးဖူးတယ် ဗျ ။ 

          ဒီကောင်က ကျောင်းလစ်ဖို့လည်း ဝန်မလေးဖူး ။ ကျနော်က ကျောင်းပုံမှန်တက်နေတယ် ။ ညနေကျောင်းဆင်းရင် ခွဲယူကြတယ် ။ သူလည်း ခိုးထားမှာပေါ့ ပြဿနာ မရှိဖူး ကျနော့်လစ်မစ် ၇ ကျပ်ရနေရင် ကျေနပ်တယ် ခိုးပါစေပေါ့ ဗျာ ။ 

        တလခွဲလောက် အဆင်ပြေနေတာ ဗျ ။ ဘော့စိ ဖြစ်နေတာ ဗျာ ဘော်ဒါတွေ လာစမ်း စားစမ်း နဲ့ ပေါ့ ။ အဲလို သာယာနေတုန်း နာမည်ကြီးနေတဲ့ ​ခြုံထဲက ဖဲဝိုင်းကို ဆရာတွေက အော်ပရေးရှင်း နဲ့ ဝင်ချေမှုံးပါရော ။ 

       ဖဲသူရဲကောင်း ၃၁ ယောက် မိတယ် ။ အံ့သြစရာကောင်းတာ ဆယ်တန်းကျောင်းသား တယောက်မှ မပါဘူး ဗျ ။ အဲဒီ အမှုကြီးစစ်ဆေးပါပြီ ။ ကျနော်က အေးအေးဆေးဆေးပဲ ဖဲလည်း တခါမှ ရိုက်ဖူးတာ မဟုတ်ဖူးလေ ။ 

       အဲဒါ စစ်ဆေးရင်းနဲ့ နောက်ဆုံး ရှားပါးတဲ့ ဖဲထုပ် ရပုံကို စစ်ဆေးတော့ ကျနော့်ဆီ ဂိတ်ဆုံးနေပါရော ။ ရုံးခန်းကနေ လာခေါ်တော့ ဖဲဝိုင်းနဲ့ ကျနော် ဘာမှ မဆိုင်ဖူး နေ့တိုင်း ကျောင်းတက်နေတာ မတွေ့ဖူးလား ဆိုပြီး ကျောင်းခေါ်ချိန် စာရင်းကြီး နဲ့ ဆယ်တန်းဆရာမတွေ က ကျောင်းအုပ်ကြီးကို ဝိုင်းပြီး ရန်လုပ်ကြပါတယ် ။ 

      ကျောင်းအုပ်ကြီးကလည်း မဟုတ်ဖူး မိတဲ့သူတွေ ဖော်လို့ ခေါ်မေးရတာပေါ့ ။ ပြဿနာက အကြီးကြီး နော် ။ ဒါနဲ့ ကျောင်းကို လာခဲတဲ့ လက်ထောက်ကျောင်းအုပ်ရောက်လာပြီး စစ်ပါရော ။ ကံဆိုးချင်တော့ သူက ပါတီယူနစ်ရုံးမှာ ကျနော့်ကို တွေ့ဖူးနေတော့ မှတ်မိတယ် ဗျ ။ 

      ဟာ....ဒီကောင်လား ဆယ်တန်းက ဆိုတာ လို့မေးပါတယ် ။ ဟုတ်ပါတယ် ဆိုတော့ ဒီကောင် ကိုယ့်ဖအေ လူကြီးမျက်နှာမှ မထောက် နေအုံး တွေ့မယ် တဲ့ ။ 

      ကျနော်လည်း ချွေးပြန်နေပြီ ဒီအမှုကနေ ဘယ်လို ဥာဏ်နီ ဥာဏ်နက် သုံးပြီး ရုန်းထွက်ရမလဲ အပြင်းအထန် ကြံစည်နေရပါပြီ ။ ကံကောင်းတာက နေ့တိုင်း ကျောင်းတက်နေတာ အမှန်ဖြစ်နေတာပဲ ။ ကဲ ထွက်ပေါက် စဥ်းစားရင်း ခဏ နားအုံးမယ် ဗျ....... 😁😁😁

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...