Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (12)



          ကျနော်ခေါ်လိုက်တော့ မူယာထွက်လာတယ် ဗျ ။ လာအုံးခဏ ဆိုပြီး အိမ်ရှေ့က တန်းလျှားမှာ ထိုင်ပြီး စကားပြောတာပေါ့ ။ ထွေရာလေးပါး ပြောပြီး မူယာကို ပုံပြင်ပြောမယ် ဆိုတော့ ပြောလေ တဲ့......

      " တခါတုန်းက အလွန်ကြောက်တတ်တဲ့ လူပျိုတယောက်ရှိတယ် သူက သူကြိုက်နေတဲ့ ကောက်မလေးကို ရီးစားစကား မပြောရဲတော့ တွေ့တာ နဲ့ သုံးခါ သုံးခါ ရီပြသတဲ့ ဟ...... ''

    "အင်း ဒီတော့ ''

       ကျနော်လည်း ပြောလက်စခဏရပ်ပြီး ခပ်လှမ်းလှမ်းက ထိုင်ကြည့်နေတဲ့ မောင်ကျော့်ကို နာမည် လှမ်းခေါ်လိုက်တယ်...

      ဟိုကောင်က မှာထားသလို သုံးခါ ရီပြတယ် ။ မူယာက မသိဖူး ဆက်ပြောလေ တဲ့..

    အဲဒါနဲ့ ဆက်ပြောရတာပေါ့ 

"ကြောက်နေတဲ့ လူပျိုက တွေ့တိုင်း သုံးခါ သုံးခါ ရီပြနေတော့....မောင်ကျော်ရေ ''

"ဟီးးးဟီးးးးဟီးးး''

"ဟင် ပြောရင်း ဘာဖြစ်တာလည်း ဟ ဆက်ပြော.လေ....''

"မောင်ကျော် ရေ.....''

"ဟီးးးဟီးးးးဟီးးးး''

"ဟင်....မသာ ငါက အကောင်းမှတ်နေတာ လာပြီး အောင်သွယ်နေတာ ကိုး သေပေတော့......''

        စိတ်တိုတတ်တဲ့ မူယာက တခါတည်း အနားက ခဲတလုံး ကောက်ပြီး လိုက်ထုလို့ ပြေးလိုက်ရတာ ဗျာ 😁😁။ 

            ဒီလိုနဲ့ ကျောင်းတွေ ပြန်ဖွင့်ပါပြီ ။ ဆယ်တန်းကျောင်းသားကြီး ဖြစ်နေပြီပေါ့ ဗျာ ။ ဒါပေမယ့် လူကတော့ ဘာမှ မပြောင်းလဲသေးဘူး ဗရုတ်ကျဖို့ပဲ အမြဲ ကြံစည်နေတာ ပါပဲ ။ 

       အခန်းကတော့ ထုံးစံ အတိုင်း ဒဿမတန်း (D) ပဲ နေရပါတယ် ။ သူငယ်ချင်း အသစ်တွေ ထပ်တိုးပါတယ် ။ မိန်းကလေးတွေ အများကြီးပဲ ဗျ ။ တခန်းလုံး ကျောင်းသား ၇၀ ရှိတာ ယောက်ကျားလေးက ၂၀ လောက်ပဲ ရှိတယ် ဗျ ။ 

          ကိုယ်ကသာ သေးသေးကွေးကွေး နဲ့  ကလေးလိုလို ဖြစ်နေတာ မိန်းကလေး သူငယ်ချင်းတွေက အပျိုကြီး ဖားဖားတွေ ဖြစ်နေပါပြီ ။ ပဲများနေတတ်ကြပြီပေါ့ လေ ။ 

        ကျနော်တို့ အခန်းထဲက အချောတွေ များတယ် ဗျ ။ အသင်း လေးသင်းခွဲထားတယ် ၊ တသင်းကို ကျနော်တို့ ယောကျာ်းလေး ၅ ယောက် ပဲ ပါရတယ် ။ ကျန်တာ မိန်းကလေးချည်းပဲ ။ ကျနော်တို့ အသင်းမှာ ဖိုးဌေး ၊ ဆွေဝင်းအေး ၊ ကျော်ကျော် ၊ မျိုးခိုင် ဆိုပြီး အတူထိုင်ကြတယ် ။ 

       အသင်းတာဝန်ကျတဲ့ သန့်ရှင်းရေး သောက်ရေခပ် ဘယ်တော့မှ မလုပ်ဖူး ။ မိန်းကလေးတွေ ပဲ လုပ်ကြရတယ် ။ တကျောင်းလုံး ပတ်ဆော့နေပြီး သံချောင်းခေါက်မှ ကျောင်းခန်းထဲ ဝင်ကြတာ ကျနော်တို့ ထုံးစံပဲ လေ ။ 

         ဆယ်တန်းမှာ အတန်းပိုင် ဆရာမက ဒေါ်ပြုံးပြုံးဝင်း တဲ့ ။ အင်မတန် အရိုက်ကြမ်းတဲ့ နာမည်ကြီး ဆရာမအပျိုကြီး ပါဗျာ ။ ကျနော့်ကို သိနေပြီးသားဗျ ။ ပန်းသတင်း လေညှင်းဆောင် ဆိုသလို ကိုးတန်းက ဆရာမတွေက သတင်းပေးပြီးသားလေ ။ 

          ဆယ်တန်းသာ ရောက်လာတာ မုန့်ဖိုးက တနေ့ ငါးမူးပဲ ရသေးတာ ဗျ ။ မုန့်တီသုပ်တပွဲ ငါးမူး ခေတ်ကပေါ့ လေ ။ မုန့်ဖိုးပေါတာ ဆွေဝင်းအေးပဲ ဒီကောင်က ကန်ဦးက သူဌေးသားလေ ။ 

          တနေ့ကျတော့ အဆော့လွန်ပြီး ပိုကိဆံကျပျောက်တယ် ။ ဆွေဝင်း​​အေး ရဲ့ ပိုက်ဆံကလည်း ကုန်ပြီ ။ မုန့်စားကျောင်း ဆင်းတော့ ဖိုးဌေးက ဗိုက်ဆာလို့ တဲ့ ။ ကျနော်လည်း အကြံ ထုတ်ရတာပေါ့ ။ 

        OK အကြံရပြီ ။ ရှေ့တန်းက အပျိုမမတွေ ပဲများပြီး အပြင်မထွက်ကြဖူး ။ အပြင်မှာ ရစ်သီ ရစ်သီ လုပ်နေတဲ့ အခြားခန်းက ကျောင်းသားကြီးတွေ ရှိနေတော့ ပဲများပြီး ရှက်နေဟန် နဲ့ မထွက်ရဲကြဖူး လေ ။ ဒါအကွက်ပဲ ကျနော် က ကဲ အပြင်မုန့်သွားဝယ်မလို့ ဘာမှာအုံးမလဲ မေးတာပေါ့ ။ 

       မှာကြတာပေါ့ အချဥ်ပေါင်းတို့ ၊ နေကြာစေ့တို့ ပေါ့ ၊ တယောက်ကတော့ ဆီစက်ပိုင်ရှင်သူဌေးသမီးဗျ ။ သူက မလှိုင်ခဲ တကျပ်တန် ဝယ်ခဲ့တဲ့ ။ 

      ဒါနဲ့ သူတို့ ပိုက်ဆံတွေ နဲ့ သွားဝယ်ကြတာပေါ့ ၊ ကိုယ်ပိုင်ငွေက တပြားမှ မရှိတော့ဖူးလေ ။ အားလုံးစုံအောင် ဝယ်ပြီးတော့ သူဌေးသမီး ဝယ်ခိုင်းတဲ့ မလှိုင်ခဲ တကျပ်တန် ပဲ ဝယ်ဖို့ ကျန်တော့တယ် ။ 

      မလှိုင်ခဲက အကောင်းစား တခဲ တကျပ်တန် ရှိသလို ဆန်မှုံ့အများကြီး နဲ့ ဆယ်ပြားတန် အခဲလေးတွေ လည်း ရှိတယ် ဗျ ။ အကောင်းစား တကျပ်တန် ဝယ်ခိုင်းတာလေ အဲဒါ သိရဲ့သား နဲ့ ဆယ်ပြားတန် ဆယ်ခုတွဲကြီး ဝယ်လာတာပေါ့ ။  

      မုန့်တွေပေးတော့ သူဌေးသမီးက ဟယ် ငါဝယ်ခိုင်းတာ တကျပ်တန်လေ တဲ့  အေး အဲဒါ တကျပ်ပဲလေ ဆိုတော့ မဟုတ်ဖူး တခဲတည်း တကျပ်တန် ပြောတာ ကဲ နင်တို့ စားလိုက်တော့ နောက်တခု ဝယ်ပေး ဆိုပြီး ပိုက်ဆံတကျပ် ထပ်ပေးတယ် ။ 

       ဖိုးဌေးဆိုတဲ့ကောင် စားလည်း စားသေးတယ် ကျနော့်ကို အတော် ညစ်ပတ်တဲ့ကောင် တဲ့ ၊ မသာ သူဗိုက်ဆာလို့ အကြံအဖန် လု​ပ်ကျွေးတာကို ကဲ့ရဲ့သေးတာ ဗျ ။ 

           အတန်းမတူ တဲ့ မောင်ကျော်က မူယာ့ကို ဇွတ်ကြိုက်နေပြီး တဂျီဂျီလာ လုပ်နေတယ် ဗျာ ။ မူယာကလည်း ချောတာကိုး လိုက်တဲ့သူ ပေါတယ် ဗျ ။ အိမ်နားလေးကပဲ အခြားတယောက်ကလည်း မူယာကို ကြိုက်နေတော့ မောင်ကျော် နဲ့ အပြိုင်ပေါ့လေ ။ 

         အဲဒါ ကျောင်းသွားချိန်ဆိုရင် မူယာနောက်ကို နှစ်ယောက်သား သူလိုက်ပြောမယ် ငါလိုက်ပြောမယ် စမန်ခုတ်နေတော့တာပဲ ။ ကျနော်က ဒိုင်လူကြီး လုပ်ရတယ် တယောက် တဝက်လိုက်ကြဆိုပြီး ပေါ့ ။ 

      နောက်တော့ မဖြစ်သေးပါဘူး ဆိုပြီး မောင်ကျော့်ကို ရီးစားစာ ရေးပေးလိုက်တယ် ။ ငါ့ကောင်ရေ စပယ်ရှယ် ရေးထားတယ် တစောင်တည်းနဲ့ အဖြေတန်းရမှာပဲ ဆိုပြီး ပေးခိုင်းလိုက်တယ် ။ 

      ကိုယ့်ကိုကိုယ် စာအရေးကောင်းမှန်း ညနေမှာ တန်းသိတာပဲ ။ ဘာလို့လဲ ဆိုတော့ မူယာက သူ့အဖေကို အဲဒီစာကြီး ပြပြီး တိုင်ပါရောလား ။ သူ့အဖေက မောင်ကျော့်ကို အိမ်အထိ လာတိုင်သဗျ ။ ယဥ်ကျေးပါတယ် ငယ်ရွယ်သူတွေ ပညာရှာဆဲ မို့ မနှောက်ယှက်ဖို့ ပဲ ပြောတာပါ ။ 

        မူယာက အတော်ဆိုးတယ် ဗျ ။ မောင်ကျော်က တရားခံပဲလေ သူလည်း သိနေတာ တိုင်လည်း တိုင်ပြီးပြီ ၊ အဲဒါကို ကျနော်က မြှောက်ပေးလို့ ဆိုပြီး အမေ့ကို လာတိုင်သေးတယ် ဗျာ ။ 
နားရွက်တွေ ပူထူနေအောင် ဆွဲပြ ၊ ခေါင်းကို NON STOP စက်သေနတ် ပစ်သလို တဒက်ဒက် ခေါက်ပြမှ ကျေနပ်တယ် ဗျ ။ (ဒါ့ကြောင့် ဒင်း အခုထိ ယောကျာ်း မရသေးတာ 😁😁)

        နောက်ထပ် ကျောင်းထဲမှာ အရှက်ကွဲရတာ ပြောရအုံးမယ် ။ စာသင်ခန်းထဲက ရေအိုးစင်က မိန်းကလေးအတန်းရှေ့မှာ ထားတာ ဗျ ။ ရေသောက်ချင်ရင် ရှေ့ထွက်သောက်ရတာပေါ့ ။ 

          အဲဒါ ကန်တော့ပါရဲ့ ဗျာ နားနဲ့မနာ ဖဝါးနဲ့ နာကြပါ ။ ရှေ့ဆုံးတန်းက အပျိုကြီးမမက အက်ျီကြယ်သီး တလုံး ပြုတ်နေရော ဗျို့ ၊ ဘာမှ မြင်ရတာလည်း မဟုတ်ပါဖူး ဗျာ လုံခြုံနေတဲ့ အတွင်းခံ အဖြူစကြီး မြင်ရတာပါ ။ 

      အဲဒါကို ယောကျာ်းလေးတွေ ကျိတ်ကျိတ် ကျိတ်ကျိတ် နဲ့ စကားလက်ဆင့်ကမ်းပြီး တယောက်ပြီး တယောက် ရေသောက်ချင်ယောင် ဆောင်ပြီး သွားကြည့်နေကြတယ် ။ ကျနော်လည်း တခါတော့ သွားကြည့်သေးတယ် 😁😁😁ဘာမှ မမြင်ရပါဘူး ဗျာ 😁😁😁

         အဲဒီခေတ်က အဲဒါကိုပဲ သဲကြီး မဲကြီးဗျာ ယောကျာ်းတွေ သောက်ကျင့် ပြောပါတယ် 😁

       အဲလို အလှည့်ကျ ရေသောက်ချင်ယောင်ဆောင်ပြီး ဝင်ကြည့်နေကြတုန်း ၅ တန်း ကလေးတယောက်က ပြေးလာပြီး အခန်းထဲ ရေဝင်သောက်ပါရော ။ ဆော့နေတော့ တွေ့တဲ့ အခန်း ဝင်သောက်တာပေါ့ ။ မသာလေးက အေးအေး သောက်တာ မဟုတ်ဖူး ရှေ့က ကြယ်သီးပြုတ်နေတဲ့ ကောင်မလေးကို ကြည့်ပြီး အမကြီး ဘော်လီတွေ ပေါ်နေတယ် ဆိုပြီး ပြောသွားလေ ရဲ့ ။

      အလှည့်ကျ ရေသောက်ပြီး တဏှာထနေတဲ့ အခန်းထဲက ယောကျာ်းလေး ၂၀ လောက် ရှက်ပြီး အကုန်လုံး ပြေးရတော့တာပါပဲ ဗျာ ။ ဘာမှ မြင်ရတာလည်း မဟုတ်ပဲ နဲ့ အကုန်လုံး မဟုတ်တာလုပ်ထားကြလို့ ရှက်ပြီး ပြေးကြတာ ဗျ ။ 

       ကျောင်းတက်တော့ကို အခန်းထဲ မဝင်ရဲ​ကြဖူး ။ လူပျိုဖြစ်နေတဲ့ မော်ကြီးတို့ သောင်းတန်ညွှန့်တို့ ကိုစိုးဌေး တို့ မပြောနဲ့ တခေါက်ကြည့်မိတဲ့ ကျနော်တောင် မဝင်ရဲဖူး ။ အဲဒါ ကျောင်းနောက်ဖေး အကုန်ပုန်းနေတုန်း အပျိုကြီး ဆရာမက လိုက်ခေါ်လို့ ရှက်ရှက်နဲ့ ပြန်လာကြရတယ်ဗျ ။

        ရှက်တော့လည်း ခဏပါပဲ ပုံမှန်ပြန်ဖြစ်သွားကြပါတယ် ။ အခန်းထဲမှာ အလွန်ရှက်တတ်တဲ့ အမှတ် ၁၇ ထဲ မြင့်သိန်းဆိုတဲ့ သူငယ်ချင်း ရှိတယ် ဗျ ။ တနေ့ ကျောင်းတက်ပြီးမှ ဆရာမ မလာသေးခင်လေးပဲ မြင့်သိန်းက စာသင်ခုံ ကြားထဲ မတ်တပ်အရပ် သူ့နောက်ကနေတဲ့ ကိုစိုးဌေးက ပုဆိုးကို ဆတ်ကနဲ ချွတ်ချပါရော ။

       ဝက်ဝံတံဆိပ် ပုဆိုးက နဂိုကတည်းက ချောနေတော့ကာ့ ရှောကနဲ ကျွတ်ကြတာပေါ့ ။ ခုံတွေကြားထဲလည်း ဖြစ် ၊  ယောကျာ်းလေးခုံတန်းက နောက်ဆုံးနားလည်း ဖြစ် ၊ ဆရာမလာခါနီးလို့ အားလုံးကလည်း ရှေ့ဖက် ပဲ အာရုံ စိုက်နေကြလို့ မြင့်သိန်း ခုံကြားထဲ ပုဆိုးကျွတ်တာ အနားက ယောကျာ်းလေး သူငယ်ချင်းတွေ ပဲ သိလိုက်တာပါ ။ 

       အတွင်းခံဘောင်းဘီ မပါတဲ့ မြင့်သိန်းလည်း ရှက်ရမ်း ရမ်းပြီး ဖင်ထိုင်ခုံ မဟုတ်တဲ့ စာရေးစားပွဲပေါ် ခုန်တက်ပြီး အာပြဲကြီး နဲ့ ဘယ်ကောင်ချွတ်တာလည်း ကွ ဘာညာ နဲ့ အော်ပါရောလား ။

          သူအော်တော့မှ ရှေ့တန်းက ကောင်မလေးတွေလည်း ဘာဖြစ်ပါလိမ့်ဆိုပြီး နောက်ကို တပြုံကြီး လှည့်ကြည့်ကြပါတယ် ။ စာသင်ခုံပေါ်က ထီးထီးကြီး အော်ဟစ်နေတဲ့ မြင့်သိန်းကို ကြည့်နေတုန်း ဘယ်ကောင်က ထပ်ပြီး ပုဆိုးဆွဲချွတ်လိုက်တယ် မသိပါဘူး ဗြုတ်ကနဲ ဝက်ဝံပုဆိုးက မြင့်သိန်းခြေထောက်အောက် ပုံကျသွားပါရောလား😁😁😁

     ကောင်မလေးတွေလည်း အို... ဟာ.... ဟင်...နဲ့. ခေါင်းလေးတွေ ဆတ်ကနဲ ရှေ့ပြန်လှည့်သွားပြတာများ ဖြိုးကနဲ ဖျတ်ကနဲ တညီတညာထဲပါပဲ ဗျာ ။ 

     စာရေးစားပွဲပေါ်က ဖင်ဟောင်းလောင်း နဲ့ မြင့်သိန်းကတော့ ဟာကွာ ဆိုပြီး ပုဆိုးလေး ကပျာကယာ ပြန်ဝတ်ပြီး အိမ်ပြန်ပြေးပါရော ဗျာ ။ ဆရာမ ဝင်လာတော့ ကောင်မလေးတွေက တိုင်ကြတာပေါ့ ။ 

      ဆရာမက တရားခံ မရှာဖူးဗျာ ကျနော့်နားရွက် လာဆွဲပြီး မင်း လုပ်တာ မဟုတ်လား တဲ့ ။ ဖြစ်ရလေ ဗျာ ပထမတရားခံက ကိုစိုးဌေး သေချာတယ် ၊ နောက်ထပ်ဆွဲချွတ်တာ ကျနော် မမြင်လိုက်ပေမယ့် ကိုစိုးဌေး နဲ့ သောင်းတန်ညွှန့် ၂ ယောက်ထဲက တယောက်ယောက်ပဲ ဗျ ။ 

       ကျနော်လည်း မဟုတ်ဖူး ဆရာမ ကျနော့်ခုံနဲ့ အဝေးကြီး ဘယ်သူလုပ်မှန်း မသိဖူး လို့ ပြောပြပါတယ် ။ သိရင်ပြော မပြောရင် မင်းနာမယ်တဲ့ ။ ကိုင်း..လူဇိုးစာရင်းဝင် ဆိုတော့ အဲလိုပဲ ဗျ ။ ပြောလိုက်ရင် ဟိုမသာကြီးတွေ မကြီးမငယ် နဲ့ အရိုက်ခံကြရမှာ ​သေချာတယ် ။ 

      အဲဒါ မပြောလို့တဲ့ ၂ ချက်ဆော်ပြီး မြင့်သိန်းကို နောက်နေ့ မလာရင် သွားခေါ်ရမယ်တဲ့ ၊ ပါမလာရင် ကျနော့်ကို မိဘတွေ ခေါ်ခိုင်းမယ်တဲ့ ဗျာ ။ မသာမြင့်သိန်းဆီကို ကျောင်းဆင်းတာနဲ့ မနည်းပြန်ချော့မော့ ပြီး ခေါ်လာရတယ် ။ 

        အဲဒါကို တရားခံအစစ် ကိုစိုးဌေး နဲ့ ကိုသောင်းတန်ညွှန့်တို့က တဟီးဟီး တဟားဟား နဲ့ ပြန်ပြောပြီး ရီနေကြလေရဲ့ ။ သူတို့က တည်ကြည်ခန့်ညား စွာ နေတတ်လို့ ဆရာမတောင် မသိကြောင်း ကျနော်လို ဗရုတ်သုတ်ခကောင်သာ ခံရကြောင်း ဘာညာပေါ့ ဗျာ ပြောနေ​ကြတာ  ပြောနေကြတာ တွေ့အုံးမယ်.....

         ကျနော်လည်း ဒီလူနှစ်ယောက်ကို ပညာပြဖို့ ဂွင်ရှာနေတုန်း တဲ့တဲ့ တိုးပါပြီ ဗျာ ။ နှစ်ယောက်သား ငွေကုန်ခံပြီး ဒီလို စတာဗျ ...

"ဟေ့ကောင် ဂျပု မင်း သတ္တိရှိလား ကွ ''

"ရှိတာပေါ့ ဟ မင်းတို့နဲ့ လူချင်းတော့ မချရဲဖူး ချောင်းရိုက်ကြေး ချမလား..''

"အမလေး ကွာ အဲဒါ ပြောတာ မဟုတ်ဖူး ကွ မင်း သတ္တိရှိရင် မအေးအေးမြင့် ဖင်ကြီးကို ဖြန်းကနဲ တချက်ပဲ ရိုက်ပြ ရိုက်ရဲရင် ဆယ့်ငါးကျပ် ပေးမယ် ''

      ဟိုက်..မသာတွေ ငါ့ကို အကြီး ကြီး ကြံနေပြန်ပြီ ။ မအေးအေးမြင့် ဆိုတာ ကျောင်းမှာ နာမည်ကြီး ။ အနိမ့်ဆိုတဲ့ ရွာကနေ ကျောင်းလာတတ်တဲ့ တောသူဗျ ။ သူ့လွယ်အိတ်ထဲမှာ ဒါးမြှောင်တချောင်းပါတယ် ။ ထိကပါး ရိကပါး လုပ်လို့ ဒါးနဲ့လိုက်ထိုးတာ နှစ်ယောက်ရှိပြီ ။ 

          သူကလည်း ဒီခေတ်လို ပြောရရင် အကိတ်ဆိုတော့ အန္တရာယ်များတာပေါ့လေ ။ ကျနော် နဲ့ တော့ ရင်းနှီးတယ် ဗျ ခင်လည်း အတော်ခင်ရှာပါတယ် ။ ကျနော့်ကို ရီစရာ ကလေးတယောက်လိုပဲ သဘောထားပြီး ခင်ရှာတာပါ ။ 

      သူတို့ ပေးမယ့် ၁၅ ကျပ်ကလည်း မက်လောက်စရာ ပမာဏ ရှိနေတာရယ် ဒီ နှစ်ယောက်ကိုလည်း ပညာပြန်ပေးချင်တာရယ် ကြောင့် ကျနော် ကြံစည်ရတာပေါ့ ဗျာ ။ 

       OK တမနက် စဥ်းစားလိုက်တာ အကြံရပြီ နေ့လည်ထမင်းစား နားချိန်မှာ ကိုစိုးဌေးတို့ကို လုပ်မယ် ၁၅ ကျပ် အရင်ပေးထား မင်းတို့ကို မယုံလို့ ဆိုပြီး ငွေအရင်တောင်းလိုက်တယ် ။ 

      သေချာလား ငါတို့ကို မဘတ် နဲ့ နော် တဲ့ ။ ယောကျာ်းကွ ကြည့်ထား အခုပေး အခုလုပ်ပြမယ် ဆိုတော့ သောင်းတန်ညွှန့် က ထုတ်ပေးတယ် ဗျ ။ အခုသွားရိုက်နော် ငါတို့က ဒီကနေ စောင့်ကြည့်နေမှာတဲ့...

      ကျနော်လည်း ငွေယူပြီး မအေးအေးမြင့် ဆီသွားလိုက်ပါတယ် ။ သူ့ဘေးနားသွားရပ်ပြီး 

"ဒီမယ် မအေးအေးမြင့်........''

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...