Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (16)



            စတိတ်ရှိုးကို ကြီးကြပ်ရမှာ ကျနော့်အဖေ နဲ့ အခြားလူတွေလည်း ပါမှပေါ့ ဗျာ ။ အဲဒါ နဲ့ အဖေ့ကို လက်မှတ်တောင်းတော့ မင်းလက်မှတ်မလိုဖူး အစောင့်တွေက ရုံးကလူတွေစောင့်မှာ အကြံအဖန် မလုပ်နဲ့ တဲ့ 😁😁။

        အဲဒီတုန်းက ကော်နီတောင်မှ ပေါက်စနရှိသေးတယ် ဗျ ၊ ရှပ်ပြာ ရှပ်ပြာ နဲ့ သူ့ရဲ့ ကိုကိုချစ်ရေ့  ဆိုတဲ့ သီချင်းက နာမည်ကြီးနေချိန်ပေါ့ ၊ ပလေးဘှိုင်းသန်းနိုင်တို့ အများကြီးပဲ ဗျ ။ တမြို့လုံးလဲ ပျော်နေကြတယ်ဗျာ ။ 

        လက်မှတ်ရောင်းကြတာ ကိုဖိုးချိုတို့ ကိုမျိုးရွှေတို့ ဗျ ။ အစိတ်တန်းကို ၃၅ ကျပ်တို့ ဘာတို့ အပြင်မှာ ​မှောင်ခိုစျေး ဖြစ်နေပြီ ။ ဒါနဲ့ အကြံအဖန်ထုရတယ် ။

"ကိုမျိုးရွှေ...''

"ဘာလဲ ကွ ''

"ကျုပ်ကို အစိတ်တန်းက လက်မှတ် ရောင်းပေးအုံး ''

"ဟကောင် မင်းလည်း ရုံပေါက်စောင့်ရမလား  စက်ဘီးစတင်း ​​နေရမလား အတူတူရှိနေမှာလေ ဘာလက်မှတ် လိုမှာလည်းကွ ''

"ကျုပ်ဖို့ မဟုတ်ဖူးလေ ကျုပ်ဘော်ဒါတွေ ရှိတယ်ဗျ ဂျီကျနေကြလို့ ''

"သြော် လုပ်ပြီ မင်းအဖေဆီ သွားပြောကွ သူက ဆူနေအုံးမယ် ''

"ပေးလိုက်စမ်းပါကွာ ကိုကြီးညို သိရင် ဒီကောင့်ကို ဘယ်ရောင်းမလဲ ဟ ''
(ကိုချိုကြီးက ကျနော် ဂျီကြမှာ သိလို့ ကိုမျိုးရွှေကို ပြောလိုက်ပါတယ်)

"အေး ဘယ်နှစ်စောင် ယူမှာလဲ ''

"ဆယ်စောင်ယူမယ်''

"အေး ပိုက်ဆံ ၂၅၀ ကျပ် ယူခဲ့ ပေးမယ် ''

"OK လက်မှတ်ချန်ထားနော် မနက်ဖြန် ယူခဲ့မယ် ''

          ကျနော်လည်း လက်မှတ်ကို ဘယ်သူ့ဆီ အကြံအဖန်လုပ်ရောင်းရမလဲ စဥ်းစားရတာပေါ့ ။ တကယ်တန်းကျတော့ ဒါမျိုးမှ မကျွမ်းကျင်တာ ဘယ်ရောင်းတတ်ပါ့မလဲ ။ သူများပြောလို့သာ လက်မှတ်တစောင် တဆယ်လောက် မြတ်တယ်ဆိုပြီး သိရတာကိုး ။ 

        စဥ်းစားရင်းနဲ့ နောက်ဆုံး ဟိုလူရှုပ် သောင်းတန်ညွှန့်တို့တော့ သိမှာပဲ ဆိုပြီး သူ့အိမ်သွားမေးကြည့်တာပေါ့ ။ သူ့အိမ်ရောက်တော့ သောင်းတန်ညွှန့် နဲ့ ကိုသက်တူး တို့ နှစ်ယောက်က ကျင်းထဲကနေ ခုန်တက်နေတဲ့ ဘောလီဘော လေ့ကျင့်စဥ် လုပ်နေကြလေရဲ့ ။ 

      အဲလို မြေကျင်း ကျဥ်းကျဥ်းကျပ်ကျပ်ထဲကနေ အခုန်လေ့ကျင့်ရတာ အခုမှ သိရပါတယ် ။ ချွေးတွေ သံတွေ နဲ့ လေ့ကျင့်နေရင်း အကြိမ်ရေပြည့်အောင် ခဏစောင့်ခိုင်းပါတယ် ။ သူတို့က မနက်တခါ ညနေတခါ ကျင့်ရတာ တဲ့ ဗျ ။ 

         အဲဒါ လာရင်း ကိစ္စ စတိတ်ရှိုး လက်မှတ် အကြောင်းပြောပြတော့ သောင်းတန်ညွှန့်က....

" ဟေ့ကောင် ဂျပု မင်း နောက်နေတာလား ''

"ဘာလို့ နောက်ရမှာလည်း ဟ တကယ်ပြောတာ ''

"သေချာလို့လား အခုဆို အပြင်မှာ တစောင် ၄၅ ကျပ်နော် စျေးသာဖွင့်နေကြတာ ဝယ်လို့ မရဖူး ကွ ''

"တကယ်ပြောတာ ယူမလား မယူရင်လည်း ရောင်းပေး ငါ ပိုက်ဆံလိုတယ် ''

"လခွမ်း ပိုက်ဆံက လူတိုင်းလိုတာကွ တကယ်ရရင် ဟေ့ကောင် ငါ အကုန်ယူမယ် ဘယ်သူ့မှ မရောင်းနေနဲ့ တစောင်ကို ၄၅ ကျပ် ပေးမယ် ကွာ''

"ဟာ တကယ်လား ''

"အေးကွ မင်းသေချာရင် လက်မှတ်ယူခဲ့ ''

"ဒီလို လုပ် မနက်ကျတော့ လာခေါ်မယ် ငါနဲ့ ပါတီယူနစ်ရုံး လိုက်ခဲ့ ရုံးခန်းမှာ ငွေပေး လက်မှတ်ယူသွားလိုက် မကောင်းဖူးလား ''

"ကောင်းတာပေါ့ ကွာ လာခဲ့လိုက် ''

         ကျနော်လည်း ထင်ထားတာထက် ဂွင်တွေ့ပြီး ဒီတခါ တချက်ခုတ် နှစ်ချက်ပြတ် မစရတာ ကြာပြီ ဖြစ်တဲ့ သောင်းတန်ညွှန့် နဲ့ ကိုသက်တူးတို့ ကိုလည်း နည်းနည်း ပညာပေးရင်း နှစ်လုပ်တခါတည်း လုပ်ဖို့ စဥ်းစားထားပါတယ် ။ 

       နောက်နေ့ မနက် အစောကြီးထပြီး လိုအပ်တဲ့ ပစ္စည်း သွားရှာရပါတယ် ။ ရပြီဆိုတာ နဲ့  ရေမိုးချိုး အမေ့ရဲ့ ဝါထိန်ထိန် ထမင်းကြော်စားပြီး သောင်းတန်ညွှန့်တို့ဆီ သွားပါတယ် ။ သူတို့က ရေချိုးနေတုန်းပဲ ဒါနဲ့ မယောင်မလည်နဲ့ သူတို့ အခုန်လေ့ကျင့် တဲ့ ကျင်း ၂ ခုထဲကို မနက်က ကျိုးစားပမ်းစား ရှာလာရတဲ့ ဆူးလေဆူး လေးတွေ နဲနဲစီ ခပ်ကျဲကျဲလေး ဖြန့်ပြီး ထည့်ခဲ့လိုက်ပါတယ် ။ 

          အံမယ် နှစ်ယောက်သား ရှိုးစမိုး နဲ့ နေကာမျက်မှန်တွေ တပ်ပြီး ထွက်လာပါတယ် ။ ဟေ့ကောင် ဂျပု မင်းစက်ဘီး ထားခဲ့ ကားနဲ့ သွားမယ် တဲ့ ။ ထားလို့မရဖူး ငါက အလက (1) သင်တန်း ဆက်သွားရမှာ ဆိုတော့ စက်ဘီးကို အမိုးဖွင့် ဂျစ်ကားပေါ် တင်လာကြပါတယ် ။ 

      မြို့ထဲက အိုအေစစ်မှာ လက်ဖက်ရည် သောက်ကြပါတယ် ။ စျေးတက်နေပါပြီ လက်ဖက်တခွက် တကျပ် ဖြစ်နေပါပြီ ။ သောက်ပြီးတော့ ဟေ့ကောင် ရုံးဖွင့်ချိန်မဟုတ်သေးဖူး လေ တဲ့ ။ လာစမ်းပါ ဆိုပြီး ခေါ်သွားပါတယ် ။ 

      ရုံးထဲကို ကားဝင်သွားတော့ ပြူးတူးပြဲတဲ နဲ့ ကိုမျိုးရွှေ ထွက်လာပါတယ် ။ နောက်မှ ကျနော့်ကို မြင်သွားပြီး သြော် ဟေ့ကောင် အစောကြီး ဘယ်သွားမလို့လဲ တဲ့ ။ 

      ဘယ်မှ မဟုတ်ဖူး လက်မှတ်လာယူတာ ပေးတော့ ဆိုပြီး ပြောမှ အေးပါ အေးပါ ငါက ကားနဲ့ ဆိုတော့ ဘယ်လူကြီး လာလဲ မသိဖူးဆိုပြီး လန့်သွားတာဟ တိုင်းက လူကြီး လာစရာ ရှိတယ်လေ လို့ ပြောပါတယ် ။ 

      ကျနော်လည်း သောင်းတန်ညွှန့်တို့ကို ရုံးခန်းထဲ ခေါ်သွားပြီး စောင့်နေပါတယ် ။ သူတို့လည်း မရောက်ဖူးကြဘူးလေ ။ ဟိုကြည့် ဒီကြည့် လုပ်နေတုန်း ကိုမျိုးရွှေက သော့တွေ တချွင်ချွင် နဲ့ ဝင်လာပြီး အံဆွဲကို သော့ဖွင့်ကာ လက်မှတ် ဆယ်စောင် ထုတ်ပေးပါတယ် ။ 

"ကဲ ငါ့ညီတို့ ပိုက်ဆံတော့ သူ့သာ ပေးခဲ့ပေတော့ အကိုအလုပ်ရှိလို့ သွားအုံးမယ် ''

      ပြောပြောဆိုဆို ထွက်သွားတော့ မှ သောင်းတန်ညွှန့်က ပေစုတ်စုတ် ကျနော့်ကို ကြည့်ပြီး...

"ဟကောင် မင်းက ဟုတ်လားချည်လား ကွ.. ''

(အသံတိုးတိုးလေး နဲ့ ကပ်လာပြောနေတာလေ ဒါနဲ့...)

"ကျယ်ကျယ်ပြောပါ ဟ ဘာကြောက်နေတာလည်း ''

"လန့်တာကွာ ရုံးကြီးက ကြီးကျယ်ပြီး တိတ်ဆိတ်နေတော့ ကြောက်စရာကြီးကွာ မင်းက ဘယ်လိုလုပ် ရောက်နေရတာလဲ ကွ ''

"ထားစမ်းပါ ကဲ ပိုက်ဆံသာ ပေးတော့.. ''

"အေးပါ ကျေးဇူးရှင်ရယ် ပေးပါ့မယ် ရော့..ရော့....တကယ်ကျေးဇူးတင်တယ်  ဒီမယ် ၄၅၀ ရေကြည့်အုံး ''

"အမလေးကွာ မှောင်ခိုစျေးနဲ့ ဝယ်ရတာ ဘာကျေးဇူးတင်ရမှာလဲ ဟ ''

"မင်းက မသိလို့ကွ သူ့ရီးစားက စတိတ်ရှိုး လက်မှတ်မရရင် ပြတ်မယ်ဆိုလို့ ဒီကောင် ဒနန့်ခတ်အောင် ရှာ​နေတာ ဗျာ မင်းမနေ့က လာပြောတော့ တညလုံး မအိပ်ဖူး ခွေးကောင်ဂျပု လိမ်ပြောတာ မဟုတ်ပါစေနဲ့ တဲ့ ဟေ့ ဆုတွေတောင် တောင်းနေလေရဲ့ ''

"သြော် ဟုတ်လား တပည့်ကြီး''

"အံမယ် ဆရာကြီး လုပ်ချင်နေပြီ''

"ဟဲ ဟဲ စတာပါ ဘယ်သူလဲ မင်းနဲ့ ကြိုက်နေတာ က ''

"******လေ ကွာ ''

      (  နာမည်ကြီး ဓာတ်ဆီဆိုင်က အလန်းစားကြီးနဲ့ ဒီလူက ရီးစားဖြစ်နေတာကိုး ၊ ဘယ်လောက်ချောလဲဆိုရင် အဲဒီ အချိန်က ရုပ်ရှင်ရိုက်ဖို့ အထိ စီစဥ်ခဲ့တဲ့ အမျိုးသမီး ဗျ ၊ သောင်းတန်ညွှန့်နဲ့ ရမရ ကျနော်လည်း မသိလို့ နာမည်မရေးတော့ပါ ဘူး )

"သြော် ကောင်မလေး ကံဆိုးတာပဲဟေ့ ဒီလို အကုသိုလ်နဲ့ တွေ့ရတာ ''

"လခွမ်း လုပ်ပြီ ဟေ့ကောင်ဘာပဲ ပြောပြော ငါကျေးဇူးတင်တယ် ညနေမှောင်ရင် လာခဲ့ အိမ်မှာ ဝါးတီး ရှိတယ် အခု မင်းကို အလက (1) လိုက်ပို့မယ် သွားကြစို့''

         အေးကွ နေအုံးဆိုပြီး ကိုမျိုးရွှေကို လိုက်ရှာကာ လက်မှတ်ဖိုး ၂၅၀ ကျပ် ပေးပြီး အမြတ်ငွေ ၂၀၀ ကျပ်ကို အိတ်ကပ်ထဲ ကျကျနန ထည့်ပြီး ဆောင့်ကြွားဆောင့်ကြွား နဲ့ ကားပေါ်တက် လိုက်ခဲ့ပါတယ် ။ ဘဝ မှာ ငွေ ၂၀၀ ကိုင်ဖူးတာ ပထမဆုံး အကြိမ်ပါပဲ ။ နေ့စားဝန်ထမ်း လစာ မှ ၁၈၅ ကျပ်ပဲ ရတဲ့ ခေတ်ကလေ ဗျာ ။

          ကျနော်လည်း အလက (1) ကို ဂျစ်ကားနဲ့ လာတော့ ဝိုင်းကြည့်နေကြလေရဲ့ ။ ကားပေါ်က စက်ဘီးချပြီး နေကာမျက်မှန် နဲ့ စတိုင်ကျနေတဲ့ သောင်းတန်ညွှန့်တို့ကို နှုတ်ဆက်တော့ မယုနိုင်တို့က ဘယ်သူတွေလဲ တဲ့ ။ 

      မဖြစ်နိုင်တာ ဟယ် သူတို့ နဲ့ နင်က သူငယ်ချင်းလား တဲ့ ။ ကိုင်း သူအဲလိုပြောမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတယ် ဟုတ်လည်း ဟုတ်တာပဲကိုးဗျ ၊ နဂိုရုပ်ခံရှိပေမယ့် လူကမဝတ်တတ် မစားတတ် နဲ့ အဆော့မက်နေတဲ့ အနေအထားကိုး ဗျ😁😁😁။

          သင်တန်းဆင်းတော့ ရုံးကို မသွားသေးပဲ အိမ်ခဏပြန်တယ် ။  ဘာလဲ ညနေမှောင်ရင် ဝါးတီးသွားဆွဲမယ် ထင်နေကြသလား ။ လုံးဝ မသွားဖူး ဘာကြောင့်လည်း သိလား ကိုယ်က ဝါးမတီးခင် ကိုယ်ကအရင် အတီးခံရမှာ သေချာတယ် လေ ။ ဒင်းတို့ ခုန်တက်မယ့် ကျင်းထဲ ဆူးလေဆူးတွေ မလွတ်တမ်း မိုင်းထောင်ခဲ့တာ လေ ။    

            အိမ်ပြန်တာက မောင်ကျော့်ဆီကို သွားတာပါ ။ ဒီကောင် နဲ့ ဖိုးဌေးကို ခေါ်ပြီး စိန်မိုဗန်းမော်မှာ ခေါက်ဆွဲကြော် သွားစားကြတာပါ ။ နောက် မောင်ကျော် နဲ့ ဖိုးဌေးကို စတိတ်ရှိုးကြည့်မလား လက်မှတ်ပေးမယ် ဆိုတော့ ပျော်နေကြလေ ရဲ့ ဗျာ ။ အကြံအဖန်ကွက်တော့ မပြောလိုက်ပါဖူး ။    

           ကျနော်တို့ အဖွဲ့ ပင်ပန်းစွာ လေ့ကျင့်ရကျိုး နပ်ပါပြီ ။ ပွဲကျင်းပမယ့် ကွင်းကြီးထဲမှာ လေ့ကျင့်တဲ့ အဆင့်ရောက်ပါပြီ ။ လာကြည့်တဲ့သူတွေလည်း အများကြီးပါပဲ ။ ယူနီဖောင်းနဲ့ မဟုတ်ပဲ ဒီအတိုင်း မာဖီတွေ နဲ့ ကိုပဲ ညီညာလှပနေပါပြီ ။ 

         ညတွေမှာ ထိမ်ထိမ်ညီးနေတဲ့ ပွဲစျေးတမျှ စည်ကားလှတဲ့ ကွင်းကြီးထဲမှာလည်း လူတွေ အပြည့်ပါပဲ ။ ကျနော်တို့လည်း စက်ဘီးအပ် ဌာနမှာ လုပ်အားပေး လုပ်ကြရပါတယ် ။ စလိုက် နောက်လိုက် နဲ့ တကယ့်ကို လွတ်လပ်ပျော်ပါးခဲ့ကြရပါတယ် ။ 

         ဖိုးဌေး နဲ့ မောင်ကျော် အတွက် အဖေ့ဆီက အတင်းဂျီကျပြီး အစိတ်တန်း လက်မှတ် နှစ်စောင် ဝယ်ရပါတယ် ။ အလကားမရဖူးနော် ဝယ်ရတာ ဗျ ။ အဲဒါ ဖိုးဌေးနဲ့ မောင်ကျော်ကို ပေးလိုက်တော့ တကယ့်ကို အံ့သြနေကြလေရဲ့ ။ သူတို့ထင်ထားတာက ကျနော်ပေးတဲ့ လက်မှတ်က တဆယ်တန်းက လက်မှတ်လို့ ထင်နေတာတဲ့ ။ 

        အစိတ်တန်းလက်မှတ်က အဲဒီအချိန်မှာ ငွေရှိရင်တောင် ဝယ်လို့ မရနိုင်တော့တဲ့ အခြေအနေလေ ။ သူတို့ နှစ်ယောက် ပျော်နေကြတာထက် ပီတိ​ဖြစ်နေမိတာ ကျနော်ပါပဲ ။ 

         တခါတရံ မကောင်းတဲ့ အကျင့်စရိတ်ဟာ ချက်ခြင်းလဲ ပြောင်းလဲသွားတတ်ပါတယ် ။ ကျနော်က ငယ်စဥ်ကတည်းက လေးခွတလက် အမြဲအိတ်ထဲထည့် ပြီး လက်ကမြင်းခဲ့တာ အားလုံး အသိပါပဲ ။ တနေ့ပြတော့ ကျနော်တယောက်တည်း လမ်းလျှောက်နေတုန်း ခေါင်းကို တောက်ကနဲ လောက်စာလုံး လာမှန်တယ် ဗျ ။ 

       ပေါက်တော့ မပေါက်ဖူး နဲနဲ ဖုသွားတာပေါ့ ။ လောက်စာက မကွဲဖူးဗျ ။ ကျနော် လောက်စာလုံးကို ကိုင်ကြည့်ရင်း တွေးမိတယ် ဒီလောက် အလုံးသေးသေးလေးက ငါ့ခေါင်းကို လာမှန်တောင် တော်တော် နာတာပဲ  ငါ့ခေါင်းလောက် ရှိတဲ့ ခဲလုံးကြီး လာမှန်ရင် ဘယ်လိုခံစားရမလဲ ၊ စာလေးတွေ ခေါင်းက လောက်စာလုံးလောက်ရှိတာပဲ ။ သူတို့ဆိုရင် ဘယ်လောက်တောင် ဝေဒနာခံစားရမလဲ ဆိုတဲ့ အတွေးပေါ်လာပါတယ် ။ 

      အဲဒီနေ့က စပြီး ကျနော် လေးခွ မကိုင်တော့ဖို့ ဆုံးဖြတ်လိုက်တာ ယနေ့ထိ စိတ်ရော ကိုယ်ပါ သတ်မိတာဆိုလို့ ဂျပိုး နဲ့ ခြင်ပဲ ရှိပါတော့ တယ် ။ 

       နောက်ထပ် မကောင်းတဲ့ အကျင့်က ကျန်သေးတယ် ။ ဖြီးချတတ်တာ လေ ။ မသိဖူးလို့ သူများသိမှာ အထင်သေးမှာ ကြောက်ပြီး ဖြီးချတတ်တဲ့ အကျင့် အကြောင်း ပြောအုံးမယ် ဗျ ။ စောက်ကျင့် မကောင်းခဲ့တာကို ပြောရတာ ရှက်တော့ ရှက်စရာပဲ မတတ်နိုင်ဖူး ကိုယ့်ပေါင်ကို လှန်ထောင်းအုံးမယ် ။ 

        တနေ့ပေါ့ဗျာ ပါတီလူကြီးက ကျနော့်ကို ခေါ်ပြီး မင်း ​မြို့နယ်သမဝါယမ ရုံးကို သိလားတဲ့ ။ ကျနော်က သိပါတယ်လို့ ပြောလိုက်တယ် ။ အမှန်က ကျနော်သိထားတာနေရာက လမ်းသစ်လမ်းက ဂိုဒေါင်ကြီး ဗျ ။ အဲဒီကို အပြာစ သွားထုတ်ဖူးပြီး သမဝါယမ ရုံးကြီး ထင်နေတာလေ ။ 

     အေး သိရင် ဦးစီးမှူးကို သွားခေါ်ခဲ့ကွာ တယ်လီဖုန်းပျက်နေလို့ ကွ တဲ့ ။ ဒါ နဲ့ ကျနော်လည်း စက်ဘိးလေးနဲ့ ထွက်လာတာပေါ့ ။ ကိုယ်သိထားတဲ့ လမ်းသစ်က ဂိုဒေါင်ဆီ သွားတာပေါ့ ။ ဟိုရောက်တော့ အပေါက်တွေ ပိတ်ထားတယ် ဗျာ ။ မေးရမယ့်လူက မရှိ ဒုက္ခရောက်နေရပြီ ။ 

       လမ်းမပေါ် ပြန်ထွက်လာပြီး ဟိုမေး ဒီမေး မေးကြည့်တော့ မှ မြို့နယ်သမဝါယမ အသင်းရုံးက စိန်အမ်းလက်ဖက်ရည် အနောက်ဖက် မှာတဲ့ ။ သြော် ဖြစ်ရလေတယ် မြို့လယ်ခေါင်က လမ်းမကြီးဘေးမှာ ရှိတာကိုး ။ အများကြီး ကျော်လာရတာပေါ့ ။ ပြန်သွားတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါရော ။ 

      မောမောနဲ့ ရေသောက်ပါတယ် ။ စာရေးမတွေက ကျနော့်ကို မှတ်မျနေကြပါပြီ ။ သူတို့ကို နှိပ်စက်နေကျကိုး ဗျ ။ အဲဒါနဲ့ ဦးစီးမှူးရုံးခန်းထဲ ဝင်ပြီး လူကြီးက ခေါ်ခိုင်းလို့ လာခဲ့ပါ ဆိုပြီး ပြောတော့ အေး အေး လာမယ်နော် ခဏလေး လက်မှတ်ထိုးလိုက်အုံးမယ် တဲ့ ။ 

       ပြောပြီးတာ နဲ့ အမြန်ပြန်လာတာပေါ့ ။ ရုံးရောက်တော့ လူကြီးက အပေါက်ဝမှာ စောင့်နေတယ် ။ တွေ့ခဲ့လားတဲ့ ဟုတ်ကဲ့ ပြောခဲ့ပါတယ် လက်မှတ်ထိုးစရာလေး ရှိတာ ထိုးပြီးရင် လာခဲ့မယ်လို့ ပြောပါတယ် ဆိုတော့ အေး အေး တဲ့ ။ 

      ကျနော်လည်း လူ​ကြီး ရုံးခန်းနဲ့ ကပ်ရက်ရှိတဲ့ လမ်းစဥ်လူငယ်ရုံးခန်းထဲ ဝင်ပြီး စာဖတ်နေပါတယ် ။ ခဏနေတော့ လူကြီးရုံးခန်းထဲကနေ ကြိမ်းမောင်းနေတဲ့ အသံကျယ်ကြီး ထွက်လာတော့ ကျနော်တောင် လန့်သွားရပါတယ် ။ ဒါနဲ့ သွားပြီး ချောင်းကြည့်တော့ မျက်လုံးပြူးသွားရပါတယ် ကျနော်တွေ့လိုက်ရတာက........?

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...