မူလတန်းကျောင်းထဲကို ဂျစ်ကားတစီး ဝင်လာပါတယ် ။ ကားပေါ်မှာ မင်းကျောင်းတိုက်က ဘုန်းကြီးတွေ ပါလာပြီး ကျနော်တို့ဆီ လာပါတယ် ။ သူတို့ နဲ့ အတူ ကိုအောင်ဝင်းလည်း ပြန်ပါလာတာတွေ့ရပါတယ် ။
ကိုအောင်ဝင်းက ဘုန်းကြီးတွေ သွားခေါ်လာတာလို့ အဲဒီကျမှ သိရပါတယ် ။ ဘုန်းကြီးတွေက မင်းတို့ ဘာတွေ လျှောက်လုပ်နေကြတာလည်း ဒီလူတွေက သပိတ်သီးချင်း သွင်းတုန်းက တီးခတ်ပေးတဲ့ လူတွေကွ ဘာမဟုတ်နဲ့ ပြဿနာ မရှာကြနဲ့ ဆိုပြီး ပြောပါတယ် ။
နောက် ကျနော်တို့ကို ကားနဲ့ ခေါ်လာပြီး စက်ဘီးတွေ မင်းကျောင်းတိုက်ထဲ ယူခဲ့ပေးဖို့ မှာထားလိုက်ပါတယ် ။ အဲဒီနောက်မှ ကျနော်တို့ ပြန်ခဲ့ကြပါတယ် ။
ဒေါက်တာမောင်မောင်က ပါတီစုံရွေးကောက်ပွဲ လုပ်ပေးမယ် ပြောတာလည်း မရတော့ပါဖူး ။ နိုင်ငံရေးသမား ကြောင်ဖားကြီးတွေက ဒေါ်စုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ် ဆွဲတင်လာပါတယ် ။ ကွန်မြူနစ် သခင်တင်မြ နဲ့ ရုပ်ရှင်မင်းသားကြီး ထွန်းဝေ တို့က အဓိက ဇာတ်လိုက်ပါပဲ ။
ဆူပူမှုတွေ ဆိုးဝါးလာနေပြီး ရန်ကုန် နဲ့ အချို့နယ်တွေ မှာ ခေါင်းဖြတ်မှုတွေ နဲ့ လူပေါင်းများစွာကို သတ်ဖြတ်လာကြပါပြီ ။ ကျနော်တို့ တွေးဆထားသလို တပ်မတော်က အာဏာသိမ်းမယ့် ရက်လည်း နီးကပ်လာပါပြီ ။
မြင်းခြံမြို့အနေအထားကလည်း ရပ် ရွာ တွေထဲမှာ မဆလ ခေါတ်က လူရာမဝင်တဲ့သူတွေ ၊ စာရိတ္တမကောင်းသူတွေ နဲ့ အလုပ်အကိုင်မရှိတဲ့ ကလေကချေ များဟာ လူတွင်ကျယ် လုပ်နေကြပါပြီ ။ ကံကောင်းတာက ဘုန်းကြီးတွေက နိုင်နိုင်နင်းနင်း ထိမ်းထားနိုင်တဲ့ အတွက် လူသတ်တာတွေ မရှိခဲ့ကြပါဘူး ။
ဆန်ဂိုဒေါင်တွေ ဖောက်ယူခြင်း ၊ ပုလဲဓာတ်မြေသြဇာတွေ ဖောက်ယူခြင်း ၊ ဓာတ်ဆီများ ယူကြခြင်းတွေ ပြုလုပ်ကြပါတယ် ။ ဆန်ဂိုဒေါင်တွေကတော့ အနားရှိတဲ့ အရပ်သားတွေ ယူကြတာပါ ။ ဓာတ်မြေသြဇာ နဲ့ ဓာတ်ဆီကတော့ မြို့နယ် သပိတ်အဖွဲ့က ယူပြီး ရောင်းစားကြတာပါ ။
ကျနော်တို့ တွက်ဆသလို 18-9-1988 မှာ တပ်မတော်က အာဏာသိမ်းပါတယ် ။ ညနေ လေးနာရီ သတင်းမှာ ကြေညာပါတယ် ။ ထူးခြားမှုကို သတိထားမိတာက ရေဒီယို အစီအစဥ်ဟာ ညနေ လေးနာရီမှ စကြတာ ပုံမှန်ဖြစ်ပေမယ့် အဲဒီနေ့က ကျနော် ဖွင့်မိတာ သုံးနာရီ ခွဲလောက်ကတည်းက စစ်ချီသီချင်းတွေ လွှင့်နေပါပြီ ။
အဖေက ရေဒီယိုက စောလှပါလားတဲ့ ။ ကျနော်က အာဏာသိမ်းလို့ ဖြစ်မယ် အဖေ ဆိာတော့ အေးကွ ဒါမှ တိုင်းပြည် အေးချမ်းမှာ လို့ ပြောပါတယ် ။ တကယ်လဲ မှန်နေတာပါပဲ ။ စသ်တပ်က လူတွေ မတရား သတ်လားဆိုတာ အနည်းငယ် ရေးပြချင်ပါတယ် ။ ယခင်အသေးစိတ် ရေးဖူးပါတယ် ။
ညနေမှာ ကြေညာတာနဲ့ မြင်းခြံ သပိတ်အဖွဲ့က ဂဠုန်နီတွေဟာ သရဏဂုံ တင်ကြပါတယ် ။ နောက် ချက်ခြင်းပဲ မြို့လယ်လမ်းမပေါ်ရှိ တမာပင်များ ကုက္ကိုပင်များကို လမ်းလယ်သို့ ခုတ်လှဲ ပိတ်ဆို့ပါတယ် ။
ရပ်ကွက်တွေထဲမှာလည်း ကန္တာရကိုင်းတွေ ထွန်စက်နောက်တွဲတွေ နဲ့ ရရာစုပြီး ပိတ်ကြပါတယ် ။ ကျနော်က မင်းတို့ အဲဒါတွေ ဘာလို့လုပ်နေကြတာလဲ ဆိုပြီး မေးတော့ စစ်သားတွေ လာလို့ မရအောင်တဲ့ ။
ကျနော်က ရီမိတာပေါ့ ဗျာ ။ ဘာလို့ရီတာလဲ တဲ့ ၊ ဟကောင်တွေရ စစ်သားတွေက တောထဲ တောင်ထဲ လျှိုထဲ ခြောက်ထဲ သွားနေကြလေ မင်းတို့ ဆူးကိုင်း စစ်ဖိနပ်နဲ့ နင်းသွားမှာပေါ့ ကွ ဆိုတော့ ဒါးနဲ့ ဝင်ခုတ်မတဲ့ ။
ည ၁၁ နာရီမှာ မြင်းခြံတောင်ဖက်အဝင်က စွန်းလွန်းတံတား ကို ပိတ်စောင့်နေတဲ့ ဂဠုန်နီတွေ နဲ့ ဘုန်းကြီးတွေရှိရာကို မိုးကာအုပ်ထားတဲ့ စစ်ကားတွေ ဝင်လာပါပြီ ။ တံတားထိပ်မှာ တားထားရင်း ဝင်ခွင့်မပေးနိုင်ကြောင်း ဖြစ်ပါတယ် ။
စစ်ကြောင်းမှူးက ဘုန်းကြီးတွေကို မိုးကားအုပ်ထားတဲ့ စစ်ကားအား လှပ်ပြလိုက်ပါတယ် ။ ရှေ့ဆုံးက ပွှိုင့် 5 နှစ်လက် နဲ့ နောက်က G3. G4 တွေ ပွေ့ထားတဲ့ ရဲဘော်တွေ အပြည့်ပါတာ တွေ့ရပါတယ် ။ အဲလိုကား အစီး ၃၀ ဆိုတော့ သရဏဂုံ တင်ထားတဲ့ ဂဠုန်နီတင် မကဖူး ဆွမ်းသွပ်ပေးမယ့် ဘုန်းကြီးပါ မျိုးပြုတ်မယ့် အနေအထားဖြစ်နေပါတယ် ။
ဒီတော့ ဘုန်းကြီးတွေက လိမ္မာပါးနပ်စွာပဲ ကဲ ကဲ လမ်းဖွင့်ပေးလိုက်ကြဟေ့ ဒါ မြင်းခြံတပ်ကွ ရှေ့တန်းပြန်လာကြတာ ဆိုပြီး လမ်းဖွင့်ပေးပါတယ် ။ လမ်းမကြီး ပိတ်ထားလို့ ဟိုကွေ့ ဒီကွေ့ ရှောင်ကွင်းမောင်းသွားကြပါတယ် ။
မနက် ခြောက်နာရီမှာ ဆူညံပွက်လောရိုက်နေပါပြီ ။ ယောကျာ်းမှန် အကုန်ထွက် စစ်တပ်မြို့ထဲ လာနေပြီ လက်နက်တွေ ယူခဲ့ကြနဲ့ အော်ဟစ်လူစုနေပါတယ် ။ ကျောင်းနားက ပေါက်ပေါက်ဖောက်တဲ့ အိမ်က စန်းလွင်တို့ ညီအကိုနှစ်ယောက်က ဒါးတယောက်တချောင်းစီ နဲ့ ဦးဆောင်လူစုနေလေရဲ့ ။
ကိုကျော်စိုး နဲ့ ကိုစောလှိုင်တို့ကတော့ တယောက် ဒါးနဲ့ တယောက် လှံနဲ့ သွားကြလေရဲ့ ။ မောင်ကျော်က တုတ်ကြီးနဲ့ ထွက်လာသေးတယ် ။ ဟေ့ကောင် လာ လာ ဆိုပြီး သူ့ဒုတ်ကြီး သိမ်းထားပြီး နှစ်ယောက်သား ဘာမှ မယူပဲ မြို့ထဲ သွားကြပါတယ် ။
လက်နက်ပါရင် သေနတ်နဲ့ ပစ်မှာစိုးလို့ ဘာမှ မယူနဲ့ကွလို့ ပြောပြရပါတယ် ။ လူငယ်ရုံထိပ်ရောက်တော့ စစ်တပ်နဲ့ တွေပါပြီ ။ လူတွေက ပိတ်ဆို့ထားပါတယ် ။ လမ်းလည်မှာ မော်တော်ပီကယ်ရုံကို တွန်းလှဲပြီး မီးရှို့ထားပါတယ် ။
စစ်တပ်က လော်စပီကာနဲ့ လမ်းဖယ်ပေးဖို့ အော်ပါတယ် ။ လော်စပီကာကို ဆိုက်ကားနဲ့ တင်လာတာပါ ။ ဆိုက်ကားပေါ်မှာ ကျည်ဆံပုံးလည်းပါတယ် ဗျ ။ ဆိုက်ကားဆရာက ဦးခွေးသိုးတဲ့ အေးကျင်း အမှတ် ၄ ဇောတိကလမ်း အရှေ့ထိပ် တောင်ဖက်ခြမ်းက လူကြီးပါ ။ သူလည်းကြောက်နေတာ နောက်ရက်ဖျားယူရတာပဲ ။
လူတွေက ရဲတင်းလာပြီး ဂျင်ကလိတွေ ၊ ပုလင်းမိုင်းတွေ နဲ့ ပစ်ကြပါတယ် ။ စစ်သားအချို့ ထိခိုက်ဒဏ်ရာ ရတော့မှ အရာရှိက ပစ်တော့မယ်လို့ သုံးကြိမ် သတိပေးပါတယ် ။ နောက်မဆုတ်တော့ အောက်ဖက်ခြေထောက်တွေ ပစ်ပါတယ် ။
အတုံးအရုံး မှန်တာပါပဲ ။ လူတွေလည်း ပြေးကြရတာပေါ့ ။ ကျနော်နဲ့ မောင်ကျော်က အိုအေစစ် နားက လှမ်းကြည့်နေတော့ ပစ်ပြီဆိုတာ နဲ့ သူရဲကောင်းပီပီ ရှေ့ဆုံးက ပြေးတာပါပဲ ။ ဘယ်ပြေးလဲဆိုတော့ အိမ်ထိပြန်ပြေးတာပဲ ။
စစ်တပ်က ပစ်ခတ်ပြီး ရှေ့ကို တလမ်းပြီး တလမ်း တိုးလာပါတယ် ။ စိန်အမ်း လက်ဖက်ရည်ဆိုင်နားကနေ ကမ္ဘာလုံး အအေးဆိုင်ဖက် အပေါ် ပစ်လိုက်တဲ့ ကျည်ဆံက တိုက်နံရံ မှန်သလား သံဓာတ်တိုင် မှန်သလား မသိဖူး မျက်စောင်းတိုက်ထဲက အိမ်ထဲထိုင်နေတဲ့ ကုလားအဖိုးကြီး မှန်ပြီး သေသွားပါတယ် ။
နောက်စစ်ကြောင်းက ရှေ့ဆက်သွားရင်း အလက ၁ မရောက်မှီ ဦးချန်ထွန်း ဝပ်ရှော့ အနီး ရပ်တံ့နေပါတယ် ။ လူတွေကတော့ အလက ၁ ရှေ့ကနေ ပိတ်ဆို့ထားပြီး လက်တကမ်းပဲ လိုတော့တဲ့ သပိတ်ဌာနချုပ် မင်းကျောင်းတိုက်ကို ကာကွယ်နေကြပါတယ် ။
စစ်ကြောင်းက ရပ်ထားတုန်း မင်းကျောင်းတိုက်ဆီက မီးကျည်တလုံး တက်လာတော့ မှ လမ်းဖွင့်ပေးပါလို့ အော်ပြောပါတယ် ။ လူတွေက ပွှိုင့် 22 တလက် နဲ့ သွေးကြွပြီး ဖယ်မပေးနိုင်ဖူး ဘာညာ နဲ့ အော်နေတုန်း စစ်တပ်က အဝါရောင် ကျည်တောင့်ကြီးနဲ့ ကျောင်းဝန်းတံခါးထိပ်က အလှတပ်ထားတဲ့ အဂ်တေ အလုံးကြီးကို ဒိန်းဆို ပစ်လိုက်တော့ ဝုန်းကနဲ ပြိုကြသွားတဲ့ အဂ်တေ လုံးကြီး နဲ့ အတူ လူတွေ ပြေးလိုက်ကြတာ ဖိနပ်ချည်း အချိန် တရာ လောက် ရလိုက်ပါတယ် ။
ဒါတွေက ကိုကျော်စိုးတို့ ပြန်ပြောတာပါ ။ ဖြစ်စဥ်က ကိုကျော်စိုးတို့ ညနေထိ ပြန်မလာလို့ သေပြီလားဆိုပြီး စိုးရိန်နေတုန်း နှစ်ယောက်သား ဗိုက်လေးတွေ နှိပ်ပြီး ပြန်လာကြတာ တွေ့ရပါတယ် ။
မေးကြည့်တော့ အထက်ပါ ဖြစ်စဥ်ကို ပြောပြီး သူတို့လည်း မလှမ်းမကမ်းက မင်းကျောင်းတိုက်မှာတော့ အသေခံဂဠုန်နီတွေက ပြန်ဆော်မှာပဲ ဆိုပြီး သွားချောင်းကြည့်တာ တဲ့ ။
ကျောင်းထဲမှာ ဘယ်သူမှ မရှိပဲ စစ်တပ်က စာရွက်စာတမ်းတွေ ယူသွားသတဲ့ ။ ဒါနဲ့ သူတို့ ပြန်လာတော့ လမ်းတွေမှာ စစ်သားတွေက စောင့်တဲ့နေရာ စောင့်နေပြီး တချို့က မြို့ထဲ ပတ်နေကြပြီတဲ့ ။
ဒါးတွေ လှံတွေ နဲ့ ဆိုတော့ ပုန်းပြီး ရှောင်ကွင်း ပြန်လာရသတဲ့ ။ ဒါး နဲ့ လှံကို ထားပြီး ခပိတည်တည် ပြန်ရင် ရတာကို နှမျှောတော့ မထားခဲ့ဖူးတဲ့ ။ အဲဒါ လူရှင်းတဲ့ စျေးအိမ်သာဖက်က ပြန်နေတုန်း ကင်းလှည့်နေတဲ့ အဖွဲ့ကို မြင်တော့ တိုက် နှစ်လုံးကြား ဝင်ပုန်းရသတဲ့ ။
စစ်သားတွေ ရောက်မှပဲ ကိုစောလှိုင် ကိုင်ထားတဲ့ လှံက ဖုတ်ဆို ပြုတ်ကျပါရော ။ စစ်သားတွေက သေနတ်နဲ့ ချိန်ပြီး ဗိုက်တွေ ကန်တယ်တဲ့ ။ တောင်းပန်လို့ ဒါး နဲ့ လှံ ထားခဲ့ ပြန်တော့ဆိုလို့ ပြန်ခဲ့ကြရတာတဲ့ ဗျာ ။ ကံကောင်းလို့ အသတ် မခံရတာပါ ။
လမ်းတွေ ပိတ်ထားတာ ရှင်းတော့ ပညာပါတယ် ။ တွေ့တဲ့လူ ရှင်းခိုင်းတယ် ။ တနေရာကျတော့ ထွန်စက်နောက်တွဲကြီး ပိတ်ထားတယ် ။ အနီးဆုံးကို ခေါ်တယ် ခင်ဗျားရွှေ့ထား အပြန်ခါ တွေ့ရင် ခင်ဗျား နဲ့ တာဝန်ပဲလို့ ကြိမ်းခဲ့ပြီး ရှေ့ဆက်သွားပါတယ် ။
သူတယောက်ထဲ ဘယ်ရွှေ့နိုင်မလဲ ဒါပေမယ့် သူက ဥာဏ်ကောင်းတယ်
"ဟေ့ ဒီနားကလူတွေ ဒါကြီး လာရွှေ့ကြနော် လာမရွှေ့လို့ သူတို့အပြန် ကျုပ်ကို ပြဿနာရှာရင် ဂဠုန်နီက ဘယ်သူတွေ သပိတ်ခေါင်းဆောင် ဘယ်သူတွေဆိုတာ ကျုပ်က လိုက်ပြမှာနော် ''
အဲလိုလည်း အော်လိုက်ရော အလျှိုလျှို ထွက်လာပြီး ဟကောင် အာပြဲကြီးနဲ့ အော်မနေနဲ့ ဟ မင်းအမေ့လင် စစ်သားတွေက တကယ်ပစ်တာ ဟ ဆိုပြီး ဝိုင်းရွှေ့ပေးလိုက်ပါတယ် ။
မြင်းခြံမှာ အိမ်ထဲက တယောက် မဆီမဆိုင်သေရပြီး လျှမ်းလျှမ်းတောက် သပိတ်ကြီးဟာ မီးကို ရေနဲ့ ငြိမ်းသလို ရှဲကနဲ ငြိမ်းသွားပါတယ် ။
ရပ်ရွာတွေက ငွေကြေးပြည့်စုံသူတွေကို ရပ် ကျေး ဥက္ကဌတွေ ခန့်ပါတယ် ။ ကလန်ကဆန် မလုပ်နဲ့ သတင်းပို့တာ နဲ့ ရဲ သို့မဟုတ် စစ်တပ်က ရောက်လာပြီး သူ့အိမ်ရှေ့တင် လှိမ့်ပိန့်ရိုက်ပါတယ် ။ ပြီးမှ ရဲစခန်းထပ်ခေါ် ထပ်ရိုက်ပါတယ် ။ သိပ်ဆိုးရင် တရားစွဲ ထောင်ချပါတယ် ။ ထောင်ကျရင် ပြန်မရောက်တာ များပါတယ် ၊ ရဲဖက်စခန်းမှာ သေကုန်တာပါပဲ ။
၈၈ အာဏာသိမ်း နဝတ အဖွဲ့ဟာ ချက်ခြင်း အရေးယူမှုတွေ လုပ်ပါတယ် ။ သပိတ်မှာ ဝေလေလေ အဆင့်တွေ အရေးမယူပါဘူး ။ သပိတ်ဥက္ကဌ ဆရာတော် ဥူးသုန်က မြေဆီကိစ္စ ၊ ဓာတ်ဆီကိစ္စအတွက် သူတာဝန်ခံလို့ ထောင်ဒဏ် နှစ်လေးဆယ် ကျခံရပါတယ် ။
အဲဒီမှာ စစ်ဆေးကြတော့ ဘယ်လိုတွေ သတင်းရယူထားတယ် မသိပါဘူး ။ ဘင်ခရာက လူတွေထဲမှ ခေါင်းဆောင်လုပ်သူတွေ ပါနေပါတယ် ။ စစ်ဆေးရုံးထဲမှာ သူတို့ကို ဆင့်ခေါ်ထားသလို သပိတ်ထဲ မပါတဲ့ ကျနော်တို့ကိုလည်း ခေါ်ပါတယ် ။
အမှတ် ၁၂ ကျောင်းထဲမှာ ကျနော်တို့ကို သတ်ဖို့ ကြံစည်ခဲ့တဲ့ ကောင်တွေ မျက်နှာငယ်လေးတွေ နဲ့ တွေ့ရသလို မယုယုနိုင်လည်း အတူတွေ့ရပါတယ် ။ သူက မိန်းကလေး ခေါင်းဆောင်ကိုး ဗျ ။ သူတို့ကို မေးပြီးပါပြီ ။
ကျနော့်ကို သက်သေမေးပါတယ် ၊ ပထမဆုံး ဘင်ခရာ ပစ္စည်းတွေ စုံမစုံ ကြည့်ပါတဲ့ ။ ကျနော်က စာရင်းနဲ့ ပေးခဲ့တာကို သူတို့ထွက်ဆိုထားလို့ လာခေါ်တာကိုး...ကျနော် ပစ္စည်းတွေ စစ်ကြည့်တော့ ဆိုက်ဒရမ် အသစ်တလုံး နဲ့ ဗျူကယ် (အသစ်စက်စက်) တခု ပျောက်နေပါတယ် ။
ကျနော်က သပိတ်ဘင်ခရာ က ကောင်တွေကို မျက်လုံးခြင်းဆိုင်တည့်တည့်ကြည့်တော့ သူတို့ အရမ်းကြောက်နေပါပြီ ။ အဲဒီခေတ်က ပုဒ်မ ၆ / ၁ ဆိုတာ သိပ်ကြောက်စရာကောင်းပါတယ် ။
ကျနော့်စကားတခွန်းဟာ ကျနော်တို့ကို သေကြောင်းကြံခဲ့တဲ့ လူယုတ်မာတွေကို ဂလဲ့စားချေခွင့် ရပါပြီ ။ ကျနော်ဘယ်လို ဖြေမလဲဆိုတော့.........?
မျိုးဝင်း
No comments:
Post a Comment