ညနေစောင်းလာတာနဲ့ ကျနော်တို့လည်း ကျွေးဖို့ စီစဉ်ကြပါပြီ ။ ဧည့်ခံတဲ့နေရာက ပြောင်းသွားပါပြီ ။ မန္တလေး မြင်းခြံ နဲ့ မြင်းခြံ နဘူးအိုင် လမ်းဆုံမှာ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ဆိုပြီး နေရာအကျယ်ကြီး ယူထားကာ အဆောက်အဦးတွေ ဆောက်ထားပြီး အဲဒီနေရာမှာ ဧည့်ခံကြရတာပါ ။
ကျနော်တို့ပြင်ဆင်နေတုန်း ဝန်ကြီးရဲ့ PSO က ပြောပါတယ် ဝန်ကြီးက ဆီလုံးဝ မစားဖူးတဲ့ ထမင်းဖြူ နဲ့ ငါးခြောက်ဖုတ်ပဲ စီစဉ်ပေးပါတဲ့ ။ ဒါနဲ့ ငါးခြောက်က ရေနွေးမြည်းဖို့ အသင့်ရှိနေလို့ အမြန်ဖုတ်ကြပါတယ် ။
မြို့နယ်အဆင့် လူကြီးတွေလည်း ရောက်လာပါပြီ ။ မျက်လုံးတောင်းမှောက် စိုးရိမ်နေတာ ကောင်စီလူကြီး ဖြစ်ပြီး ပါတီလူကြီးတွေကတော့ အေးအေးဆေးဆေး ရီရီမောမော ပါပဲ ။
ဝန်ကြီးနားနေတဲ့ အိပ်ခန်းဆီကို ကျနော်တို့ပဲ အဝင်အထွက် လုပ်ကြရပြီး ကျန်တဲ့လူကြီးတွေ မဝင်ကြရပါဖူး ။ ခဏနေမှ ဝန်ကြီးထွက်လာပါတယ် ။ ထမင်းစားပွဲ ထိပ်မှာနေရာယူပြီးမှ ကျန်သူတွေက အသီးသီး နေရာယူဝင်ထိုင်ကြပါတယ် ။
ဟင်းပွဲတွေက စုံလင်စွာနဲ့ စားပွဲပေါ်မှာ အပြည့်ပါပဲ ။ ဒါပေမယ့် ထုံးစံအတိုင်း ကျနော်တို့ စားချင်တဲ့ ရှားပါးဟင်းလျှာ ပုဇွန်ထုပ် ၊ ဂဏန်း ၊ ငါးသလောက်ဥ အစရှိတဲ့ ဟင်းတွေက သူတို့ လက်လှမ်းမမှီတဲ့ စားပြဲ အလယ်မှာလေ ။ ဘယ်သူက ဝန်ကြီးရှေ့မှာ မတ်တပ်ထ ဖင်ကုန်းပြီး ဟင်းနှိုက်ရဲ မလဲဗျာ ။
ဝန်ကြီးရှေ့မှာက ထမင်းဖြူ နဲ့ ဆားပန်းကန်ရယ် ငါးခြောက်ဖုတ် နဲ့ သံပုရာသီး ခြမ်းလေးတွေရယ် သပ်သပ်ရပ်ရပ် လှီးဖြတ်ထားတဲ့ အသီးအရွက်လေးတွေရယ် ပဲ ရှိပါတယ် ။
ဝန်ကြီးက စားပွဲပေါ်က ဟင်းတွေ ထမင်းတွေကို ကြည့်ပြီး
"ဒီဆန်က ကောင်းမဲ့ပုံပဲ ကွ တပြီဘယ်လောက် လဲ ''
"နှစ်ကျပ် ပြားလေးဆယ် ပါ ဝန်ကြီး ''
"ကြည့်လိမ်ကြကွ ငါက ဥက္ကဌကြီး မဟုတ်ဖူးနော် ခွေးမသားတွေ ''
ဝင်ပြောတဲ့ ကောင်စီလူကြီး လန့်သွားပါတယ် ။ ပါတီလူကြီးက ဝင်ထိမ်းရင်း ပြောပါတယ်
"ဒီဆန်က အပြင်ကဝယ်ထားတာပါ အပြင်ဈေး လေးကျပ်ကျော် ရှိပါမယ် ဝန်ကြီး ကျနော့်ကလေးတွေ ဝယ်တာဆိုတော့ သူက မသိလို့ ပါ ''
"အေး အဲဒီလို လုပ်စမ်းပါ ကြ နေအုံး ပုဇွန်ထုပ်တွေကရော ''
"ကဲ ကိုအောင်မြင့်ရေ ဒီနားခဏ ပုဇွန်က ဘယ်ဈေးလဲ တဲ့ ''
ကျနော်တို့ လမ်းစဉ်လူငယ် အတွင်းရေးမှူးကို အနားခေါ်ပြီး ဝန်ကြီးနဲ့ မိတ်ဆက်ပေးပြီး ဒီပွဲ စီစဉ်သူ လမ်းစဉ်လူငယ် အတွင်းရေးမှူးမို့ သူအသိဆုံး ဖြစ်ကြောင်း ပြောပြပြီး မေးစေပါတယ် ။
"ပုဇွန်က အခု ရှားနေတဲ့ အချိန် ဆိုတော့ တပိဿာ ငါးကျပ်ပါ ဝန်ကြီး ''
ဝန်ကြီးက ဈေးတွေ အတော်များများ မေးပါတယ် ။ ကိုအောင်မြင့်က အမှန်တိုင်း ပြောပါတယ် ။ ကောင်စီလူကြီးက မျက်နှာပျက်နေပါတယ် ။ ဈေးတွေ မေးမြန်းပြီးနောက် စားကြသောက်ကြပါတယ် ။
နောက်ပြီးတော့ ကောင်စီလူကြီးကို သီးသန့်ခေါ်ပြီး စကားပြောပါတယ် ။ ဝန်ကြီးရဲ့ PSO ပြောတာက ကောင်စီလူကြီးကို တိုင်ထားတဲ့လူ ရှိတယ်လို့ သိရပါတယ် ။ ဘာကိစ္စမှန်းတော့ မသိပါဘူး ။
ဝန်ကြီးက ပါတီလူကြီးတွေနဲ့ စကားပြောတော့ လျှပ်စစ်စီမံကိန်းတွေ ၊ ရန်ကုန် မန္တလေး အမြန်လမ်းမကြီး စီမံကိန်းတွေ နဲ့ နေပြည်တော်စီမံကိန်းတွေ ကို ပြောပြပါတယ် ။ ကျနော်တို့ကတော့ ပုံပြင်တွေလိုပဲ သဘောထား နားထောင်နေခဲ့မိပါတယ် ။
(ဦးသန်းရွှေရဲ့ စီမံကိန်းတွေဟာ ဦးနေဝင်း ချမှတ်ခဲ့တဲ့ စီမံကိန်းအများစုကို အကောင်အထည်ဖော်ခဲ့တာပါပဲ)
အဲဒီ ဝန်ကြီး ပြန်သွားတာနဲ့ ဌာနဆိုင်ရာတွေ အလုပ်များတော့ပါပဲ ။ မီးကြိုးတွေ ပြန်ပြင်ဆွဲရပါတယ် ။ သိသာထူးခြားတာက ယနေ့ မြင်းခြံမြို့ ရဲ့ အဝင် အထွက် လမ်းမကြီး တလျှေက်ရဲ့ ဘေးဖက် ဝဲ ယာ က အုံ့မှိုင်းနေတဲ့ ထနောင်းပင်နဲ့ မဲဇလီပင်တန်းတွေဟာ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က မဆလ ဝန်ကြီးဦးစိန်ထွန်း ဆဲ ဆို ပြီး ပြုစု စိုက်ပျိုးခိုင်းခဲ့လို့ ဖြစ်ထွန်းနေတာပါ လို့ သိသူ နည်းပါးသွားပါပြီ ။
သစ်တောဝန်ထမ်းတွေဟာ လမ်းဘေးမှာ တဲထိုးပြီး နေ့စားလုပ်သားတွေ နဲ့ ထိမ်းသိမ်းခြင်း ၊ စိုက်ပျိုးခြင်းတွေကို ပြုလုပ်ခဲ့ကြရပါတယ် ။ စံပြနဲ့ သစ်ပင်ရှည် ကြားထဲက မယ်ဇလီပင်တန်းတွေ ကြားထဲမှာ သူတို့ တဲလေးတွေ ထိုးပြီး စောင့်ရှောက်ခဲ့ရပါတယ် ။
အဲဒီလိုနဲ့ ကျနော်အိမ်ပြန်ရောက်တော့ အကျင့်က ပျက်လာပါပြီ ။ ဟင်းမကောင်းရင် မစားချင်တော့ပါဘူး ။ အသားဟင်း မပါရင် ထမင်းဇလုံဆွဲပြီး အိမ်နားက ရင်းနှီးတဲ့ အိမ်သွားစားပါတယ် ။ စောခိုင်တို့ အိမ်ကတော့ ပင်တိုင်ပဲ ။ သူ့အဖေက ကျန်းမာရေးဌာနက သားသတ်လိုင်စင်တွေ ကိုင်ရတဲ့ သူဆိုတော့ အသားငါး ပေါတယ်ဗျ 😁😁
စောခိုင်တို့က သဘောလဲ ကောင်းပါတယ် ။ ကျနော်သွားစားပြီရင်လည်း စားကြ ဆိုပြီး ချကျွေးတာပဲ ။ ဒါပေမယ့် ကျနော်က အကောင်းသာ ကြိုက်တာ နဲနဲပဲ စားတာဗျ ။ ဟင်းတုံးဆို တတုံးပဲ ပိုမစားဖူး ။ ထမင်း နဲနဲ ဟင်းနဲနဲ ပဲ စားပါတယ် ။
စောခိုင်အမေက ကျနော် သုံးရက်လောက် မလာရင် အိမ်လာမေးပြီ သူ့အိမ်ဟင်းလာမတောင်းလို့ တဲ့ ။ အမေ့ကို ပြောသေးတယ် ညည်းသားက သဘော်ခွေး အေ့ တဲ့ ။ ကျနော်က ဘာသဘော်ခွေးလည်း ဒေါ်လေးအုန်းရ ဆိုတော့ မင်းက အကောင်းလဲကြိုက်တယ် စားတော့လည်း နဲနဲပဲ စားတယ် အဲဒါ အမွေးပွ သဘော်ခွေးလေးတွေ နဲ့ အတူတူပဲ လေ တဲ့ ။
ပေါက်တီးပေါက်ရှာ ပြောတတ်ပြီး သဘောကောင်းတဲ့ စောခိုင်တို့ရဲ့ အမေ ဒေါ်လေးအုံး နဲ့ စောခိုင်အဖေ ဦးမောင်မောင်တို့က ရပ်ကွက်ထဲမှာ သူတပါးကို အမြဲကူညီတတ်သူတွေ ဖြစ်ပါတယ် ။
စောခိုင်အဖေဆိုလို့ ဆေးရုံနဲ့ ပတ်သက်တဲ့ အကြံအဖန်ပြောပါအုံးမယ် ။ ကျနော်တို့ ဘင်ခရာ အဖွဲ့က တရက်မှာ စစ်တပ်က ဘော်လီဘောပြိုင်ပွဲ ကွင်းဖွင့်ပွဲ ကျင်းပပါတယ် ။ ကျနော်တို့ ဘင်ခရာ အဖွဲ့ကို ဖိတ်စာ နဲ့ ငွေလေးရာ နဲ့ လာဖိတ်ပါတယ် ။
ဘင်ခရာ အဖွဲ့ လည်ပတ်ရပုံကို ပြောပါအုံးမယ် ။ ဘင်ခရာ အဖွဲ့ကို အခမ်းအနားတွေမှာ ဖိတ်ချင်ရင် သက်ဆိုင်တဲ့ ဌာနက ငွေလေးရာ နဲ့ အကျွေးအမွေး တာဝန်ယူကြရပါတယ် ။
အကျွေးအမွေးက အနည်းဆုံး လက်ဖက်ရည်တခွက် ပဲ ပလာတာ တပွဲ ( တဦးကို နှစ်ကျပ်ဖိုး ) ပေါ့ ။ ငွေလေးရာက ဘင်ခရာ ပစ္စည်းတွေက ပျက်ဆီးတတ်တဲ့ သားရေမျက်နှာပြင်တို့ လက်အိတ်တို့ အခြားအထွေထွေ အတွက် ရံပုံငွေပါပဲ ။
ပွဲ အနေအထားအရ ငွေနည်းနည်းပဲ သုံးနိုင်ရင် ကျနော်တို့ကလည်း လူလျှော့ပြီး သုံးကြရပါတယ် ။
အထက်က စစ်တပ်ဘော်လီဘောပြိုင်ပွဲမှာ တပ်ကြပ်ကြီးက ပြောရှာတယ် ။ တပ်ရင်းမှူးက ပြောတယ်တဲ့ ဘင်ခရာတပ်ဖွဲ့ကို ခမ်းခမ်းနားနား လိုချင်တယ် ငွေ ငါးရာ နဲ့ ဖြစ်အောင် စီစဉ်ပါ ဆိုပြီး ခိုင်းလိုက်တော့ သူလည်း အကြပ်ရိုက်နေကြောင်း ပြောပါတယ် ။
လူအင်အား တရာ သုံးရရင် ငွေက တရာလောက် လိုနေပါတယ် ။ ကိုအောင်မြင့်ကလည်း ရပါတယ် ပေါ့ လွယ်လွယ်ပြောလိုက်ပါတယ် ။ ကျနော်လည်း လူတရာစာအဖွဲ့သားတွေ ဖိတ်စာရေးပြီး ကိုအောင်မြင့်ကို မေးမိတယ် ။
"အကိုကြီးက ရံပုံငွေ လျော့ယူမှာလား ''
"ရံပုံငွေ လျော့လို့ မရဖူးလေ စာရင်းဇယား အတိအကျ နဲ့ သွားရတာ ကွ''
"ဒါဆို ကျွေးတာ လျော့လိုက်ပေါ့ လက်ဖက်ရည်ပဲ တိုက်လိုက်ပါ ''
"အေးကွ အဲလိုလုပ်လို့တော့ ရတယ် ဒါပေမယ့် ငါက ထုံးစံလည်း မဖျက်ချင်ဖူး ငွေ တရာကလည်း မလွယ်ဖူးကွ''
ကျနော်လည်း ဘယ်လို ကြံရ ကောင်းမလဲ စဉ်းစားပြီး ကိုအောင်မြင့်ကို
"ကဲ အကိုကြီး ဒီလိုလုပ်ရင် ရနိုင်မယ် ဗျ ''
"အေး ဘယ်လို လုပ်ကြမလဲ ''
"ဆေးရုံအုပ်ကြီးကို စာရေးလိုက် လမ်းစဉ်လူငယ် သင်တန်းဖွင့်မှာ ဖြစ်လို့ ဓာတ်ဆားထုပ် ကူညီပါရန် ဆိုပြီး စာထုတ်လိုက် ''
"ဟကောင် ဘယ်က သင်တန်းဖွင့်မှာ မို့လည်းကွ ဖွင့်စရာမှမရှိတာ ''
"မြင်းခြံမြို့နယ်ထဲမှာ ရပ်ကွက် ၁၉ ခု ၊ ကျေးရွာအုပ်စု ၈၆ အုပ္စု ၊ ကျေးရွာပေါင်း ၁၈၅ ရွာ ရှိတယ် အဲဒီ ဆေးရုံအုပ်ကြီး အကုန်သိမယ် ထင်နေလား ''
"ဟေ မင်းကတော့ တကယ့်ကောင်ပဲ ကွာ ကဲ ဘယ်ရွာထည့်မလဲ ''
"တောင်ရှေ့ရွာ ထည့်လိုက် ''
"တောင်ရှေ့ရွာ ဆိုတာ ဘယ်နားကလဲ ကွ ''
"ကဲ မြင်းခြံသား အကိုကြီးတောင် မသိဖူး မို့လား သူက တောင်သာနဲ့ ပိုနီးတယ် နန်းမြင့်တောင် နဲ့ တောင်သာတောင်ကြားထဲက ချောင်ကျကျရွာလေးပဲ ၊ မြင်းခြံနယ်ထဲပေမယ့် တောင်သာစျေးပဲ သွားကြတော့ မြင်းခြံကလူတွေ မသိကြဖူး ''
"ဟိုက်...မင်းက အလွန်ခြေရှည်တဲ့ကောင်ပဲ ကွ အေး မင်းသွားလိုက် ''
သူလဲ စာရေးပြီး တုံးထု လက်မှတ်ထိုးပေးလိုက်ပါတယ် ။ ဆေးရုံသွားတော့ အေးအေးဆေးဆေးပဲ ဓာတ်ဆားထုတ် ၂၀၀ ရလာပါတယ် ။ တောင်စျေးထဲက မှောင်ခိုတန်းထဲ သွားရောင်းတာ တထုပ် တကျပ် နဲ့ နှစ်ရာ ရခဲ့ပါတယ် ။ ကိုအောင်မြင့်ဆီ ပြန်သွားတော့ ဘယ်မှာလဲ ဓာတ်ဆားထုတ် တဲ့ ။
ရောင်းခဲ့ပြီ တထုပ် တကျပ်ရတယ် ရော့ ၂၀၀ ဆိုပြီး ပေးလိုက်ပါတယ် ။ ဟကောင် ငါက တရာပဲ ရမယ် ထင်တာ မင်းက ၂၀၀ ရလာပါလား ကွ တဲ့ ။ အဲလို အကြံအဖန် တွေလည်း အကျင့်မကောင်းစွာ လုပ်တတ်ပါတယ်ဗျာ ။
ဖွင့်ပွဲပြီးတော့ အဲဒီငွေ နဲ့ ကျနော်တို့ အဖွဲ့လိုက် ဘုရားလမ်းထိပ်နားက ဒေါင်းပဒေသာဆိုင်မှာ လက်ဖက်ရည် မှာ သွားသောက်ကြပါတယ် ။
မြင်းခြံမြို့ရဲ့ အထင်ကရ သုံးဆူဘုရားပွဲကတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ နဲ့ မတူပါဘူး ။ သူက တမြို့လုံး အဆို အတီး အက တွေနဲ့ အလှပြကားတွေ နဲ့ လှည့်လည် သီဆိုတီးမှုတ်ကြတဲ့ ပွဲတော် ဖြစ်ပါတယ် ။
ဘုရားသုံးဆူ ရဲ့ ရာဇဝင်ကလည်း အံ့သြစရာ ဗျ ။ တံငါသယ်တွေက မြစ်ထဲမှာ ရေဆန်ပြီး တက်လာတဲ့ ဘုရားဆင်းတု သုံးဆူကို ပင့်လာပြီး ပူဇော်ထားကြတာပါ ။
(ရေဆန်ကျွန်း ဆိုတာ ရှိပါတယ် ၊ သူက သဘာဝ အတိုင်းရေဆန်ပြီးတက်လာတဲ့ အာနိသင် ရှိပါတယ် ၊ ပုံပြင်မဟုတ်ကြောင်း ဦးသိန်းစိန် လက်ထက်မှာ ကလေးမြို့ အနီး ချင်းတွင်းမြစ်ထဲက ရေဆန်ကျွန်းတုံးကြီး တွေ့လို့ ဘုရားဆင်းတု ထုခဲ့တာ သက်သေပါပဲ)
အဲဒီ ဆင်းတုတွေကို အမှတ် ၆ ရပ်ကွက်မှာ ပူဇော်ထားပြီး တနှစ်တခါ မြို့ အနှံ့အပူဇော်ခံကြတဲ့ ပွဲတော် နှစ်စဥ်ကျင်းပ ကြပါတယ် ။ ဆေးလိပ်ခုံ သူဌေးသားတွေက အပြိုင်အဆိုင် အလှပြ စတိတ်စင်နဲ့ ကားကြီးတွေ တီးဝိုင်းတွေ နဲ့ နိုင်ငံကျော် အဆိုတော်တွေ ငှားရမ်းပြီး ဖျော်ဖြေကြပါတယ် ။
အဲဒီပွဲမှာ တံငယ်လုပ်စားသူ မိန်းကလေးတွေက ဖိနပ်မပါပဲ ဘုရားပင့်ရတယ်လို့ ဆိုပါတယ် ။ ကျနော်ကတော့ မမြင်ဖူးပါဘူး ။ နောက်ပြီး ကလေးတွေ အတွက် အိမ်တွေက စားစရာလေးတွေကို လင်ဗန်းတွေထည့်ပြီး အိမ်ရှေ့မှာ ချပေးထားလေ့ရှိပါတယ် ။
လျှောက်လည်ကြည့်ရင်း ဇီးသီးခြောက် နှိုက်စား ၊ မာလကာသီး ယူစား နဲ့ လမ်းဘေးရေချမ်းစင်က ရေသောက်ရင်း လည်ပတ်ကြရတာပါ ။
မောင်ကျော်က တံငါသယ်တွေ ဘုရားပင့်တာ သွားကြည့်ကြစို့တဲ့ အဖော်စပ်တာ နဲ့ နှစ်ယောက်သား စက်ဘီးလေးနဲ့ ထွက်ခဲ့ပါတယ် ။ ဘုရားတွေ ပူဇော်ထားတဲ့ နေရာမှာလည်း မတွေ့ပါဖူး ။ ဒါနဲ့ အမှတ် ၆ အောက်ထဲကနေ လေးအိမ်တန်းဖက်ထိ လျှောက်ကြည့်တာ ဘာမှ မတွေ့ရပါဘူး ။
ဒါနဲ့ မောလာတော့ အမှတ် ၆ ရေစက် အောက်နားက အသိခြံထဲ သွားကြပါတယ် ။ မာလကာပင်တွေ နဲ့ စောင်းလျှားပင်တွေ ရှိပါတယ် ။ အဲဒါတွေ ခူးစားပြီး ပြန်ခဲ့ကြတာပေါ့ ။
(ဆရာမ ခင်ခင်ထူးတို့ တချိန်က နေခဲ့တဲ့ ခြံဆိုတာ ဆရာမရေးတဲ့ နွေသီး ဆိုတဲ့ ဆောင်းပါးလေး ဖတ်ပြီး မှ သိရပါတယ်)
အချိန်တွေ တရွှေ့ရွှေ့ ကုန်ဆုံးရင်း စာမေးပွဲ ရာသီ ရောက်လာချိန်မှာ ကျနော်လည်း မတတ်နိုင်တဲ့ သူငယ်ချင်းတွေကို အိမ်မှာ စုပြီး စာကျက်ဖို့ စီစဥ်ရပါတယ် ။
အဖေက မီးချောင်းတွေ နဲ့ ထိန်လင်းနေအောင် လုပ်ပေးထားပါတယ် ၊ ဘလက်ဘုတ် တချပ် နဲ့ အချင်းချင်း စာရှင်းပြနိုင်အောင် လုပ်ပေးပါတယ် ။ ညဆိုရင် ကျနော် နဲ့ မျက်စောင်းထိုးက လူမနေတဲ့ ဝန်းထဲမှာ ထိန်လင်းနေတဲ့ မီးရောင်က အဆောက်အဦးထဲမှာ အိမ်နားလေးက သူငယ်ချင်း ကြီးငယ်တွေ စာလာကျက်ကြပါတယ် ။
ရပ်ဝေးက ဆိုလို့ အမှတ် ၁ ရပ်ကွက်ထဲက မျိုးခိုင်ဆိုတဲ့ သူငယ်ချင်း ကတော့ ကျနော်နဲ့ အတူစား အတူသွား ကျနော်အိမ်မှာပဲအိပ်ခိုင်းပြီး ကူညီခဲ့ပါတယ် ။
စာကျက်ပြီဆိုရင် ဖိုးဌေးက အညံ့ဆုံးပဲ ။ သူအော်ကျက်နေတဲ့ စာတပုဒ်ကို ဘေးနားက ကြားနေတဲ့ လူက အလွတ်ရနေပြီ သူက မရသေးဖူး ။
အဲဒီအချိန်မှာ လဲ့လဲ့ တခေါက် ရောက်လာပါသေးတယ် ။ အားလုံးနဲ့ မနှစ်ကတည်းက ခင်မင်ပြီးသားတွေလေ ။ သူငယ်ချင်းတွေက ဘယ်လောက် ချစ်စရာကောင်းလဲ ဆိုရင် လဲ့လဲ့ ရောက်နေလို့ အလိုက်တသိ တယောက် ပြန်မသွားကြဖူး ။
ပေကပ်နေကြတာ ဗျာ ၊ အံမယ် ဖိုးဌေးဆိုရင် ထမင်းစားပြန်တာတောင် မျိုးခိုင် နဲ့ တင်မိုးကို (စောခိုင်ညီ) မှာခဲ့သတဲ့ ၊ အဲဒီကောင်ကို အလစ်မပေး နဲ့ သေချာကြည့်ထား ဆိုပဲ ဗျ ။
အူကြောင်ကြောင် နဲ့ မင်းသမီး ပြန်သွားမှ မင်းတို့ကောင်းတွေ တကောင်မှ အလိုက်မသိကြဖူး ဆိုတော့ စပ်ဖြီးဖြီး နဲ့ မင်းကို မယုံလို့ ကွ တဲ့ ။ အတော်ပေါင်းသင်းထိုက်တဲ့ သူငယ်ချင်းတွေပါ ဗျာ ။
ကျနော်ကလည်း စိတ်မဆိုးပါးဘူး ကျွဲမှီးတော့ တိုတာပေါ့ လေ ။ သူတို့က ကိုယ့်ရီးစားအပေါ် တန်ဖိုးထား စောင့်ရှောက်တာကိုက ကျေးဇူးတင်ပါပဲလေ ။
၁၉၈၀ လွန်ကာလ များက ကျနော်တို့ မြန်မာလူမျိုးတွေ ရဲ့ ဓလေ့ထုံးစံ နဲ့ ကိုယ်ကျင့်တရားဟာ အဲသလို ရှိခဲ့ကြတယ်ဆိုတာ လူငယ်တွေ အတွက် ပုံပြင်မဟုတ်တဲ့ ဖြစ်ရပ်မှန်တွေပါပဲ ။
စာမေးပွဲ ဖြေခါနီးတော့ ထုံးစံအတိုင်း ဒေါ်ရွှေလဲ့ တို့ လာပါပြီ ။ ရွှင်လန်းတက်ကြွနေတဲ့ လဲ့လဲ့ဟာ တအိမ်ပြီး တအိမ် နှုတ်ဆက်နေလေရဲ့ ။ ကျနော့်အိမ်မှာတော့ စာကျက်တဲ့ သူတွေ တပုံကြီးနဲ့ တရုန်းရုန်း ဖြစ်နေပြီပေါ့ ။
ကဲ စာမေးပွဲ ဖြေခါနီးမှာ အနီးကပ်နေရပြီ ဖြစ်တဲ့ လဲ့လဲ့နဲ့ ကျနော် ဘယ်လို ရှေ့ဆက်ကြမလဲ ဆိုတော့............?
မျိုးဝင်း
No comments:
Post a Comment