Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (13)



            ကျနော်က ခေါ်လိုက်တော့ မအေးအေးမြင့်က မော့ကြည့်ပြီး 

"ဘာလဲ ငရှုပ် ပိုက်ဆံချေးမလို့ လား ''

"ဟာ လုပ်ပြီ ဒီမှာကြည့်လိုက်''

(သောင်းတန်ညွှန့် ပေးလိုက်တဲ့ ၁၅ ကျပ်ကို ပြလိုက်တယ်)

"ဟယ် အများကြီး နင်ကောက်ရတာလား ငါ့ ကို မုန့်ဝယ်ကျွေး''

 (ကိုင်း..အထင်ကြီးပုံများ အဲသလိုပါဆို ငွေလေး နဲနဲ ကိုင်နိုင်တာကို ကောက်ရလို့လား တဲ့ အေးလေ ကိုယ်ကလည်း အရှက်မရှိ အမြဲချေးနေကြကိုး ဗျ)

"မဟုတ်ဖူး ဟ ဟိုလူကြီး သောင်းတန်ညွှန့် နဲ့ စိုးဌေး တို့က ပေးလိုက်တာ ''

"အဲဒီ မသာ ဏှာဗူးတွေ နဲ့ မပေါင်းနဲ့ ဟဲ့ ငါကြည့်မရဖူး ''

"အေးပါ မပေါင်းပါဘူး အခုဟာ သူတို့က နင့်ကို မကောင်းကြံနေကြတာ ဗျာ ''

"ဟမ်   ဘယ်လို ဘယ်လို ပြောစမ်း ငါ ဒါးနဲ့ကို ထိုးအုံးမယ် ''

"သြော် တဆိတ်ရှိ ဒါးနဲ့ ထိုးဖို့ပဲ ဒီလိုဟ သူတို့က နင့် ဖင်ကို လက်ဝါးနဲ့ အသံမည်အောင် တချက်ရိုက်ရဲ ရင် ဒီငွေ ၁၅ ကျပ် ယူတဲ့ ငါလည်း ငွေလိုနေတယ် ဒီတော့ နင့်ကို တချက်ရိုက်ပြီး ငါ ထွက်ပြေးမယ် နင့်ဘာသာ ဆရာမ တိုင် တိုင် ၊ သူတို့ကို ဒါး နဲ့ပဲ ထိုးထိုး ငါ့ကိုသာ ပြဿနာ မရှာ နဲ့ ဒါ ပဲ ''

          ကျနော်လည်း ရှည်ရှည်ဝေးဝေး ရှင်းပြပြီး မအေးအေးမြင့် စကားပြန်ကို မစောင့်တော့ပဲ သူ့ဖင်ကြီး ဖြန်းကနဲ ရိုက်ပြီး ပြေးတာ တန်းနေတာပဲ ။ 

(ပြန်ပြောပြပြတာကတော့ မအေးအေးမြင့်က တရားခံ အစစ်နှစ်ယောက်ကို ဒါး နဲ့ လိုက်ထိုးတာ နှစ်ယောက်သား ရုံးခန်းအထိ ထွက်ပြေးကြရသတဲ့)

         အဲဒီနောက်မှ ပြဿနာရဲ့ ဇစ်မြစ် ကျနော့်ကို လိုက်ရှာပြီး မျက်နှာစုံညီ ရှင်းကြပါရော ။ ကျနော်လည်း အမှန်တိုင်း ပြောလိုက်တာပေါ့ ။ မအေးအေးမြင့်က ကျနော့်ဖက်က ဗျ😁😁 ဒီတော့ ကျနော်က နှစ်ချက် အဆော်ခံရပြီး ၁၅ ကျပ်ရလိုက်တယ်လေ ။ 

    ဟို မကြီးမငယ် နှစ်ယောက်ကတော့ ၅ ချက်စီ အဆော်ခံရပြီး ကျောင်းရှေ့ မြက်ပေါက် နေလေရဲ့ ။ သူတို့ငွေနဲ့ မုန့်ဝယ်စားရင်း သူတို့ မြက်ပေါက်တဲ့ နား သွား သွား စနေရတာ အရသာ ရှိချက်ဗျာ ။ ခံသာ ခံရတာ အဲဒီ နှစ်ယောက်လုံးက စိတ်မဆိုးဖူး ဗျ ။ ပြုံးပြုံးကြီးတွေ လုပ်ပြီး အေးပါ အေးပါ  မင်း လုပ်နိုင်တုန်း လုပ်ထားနော် တဲ့ 😁😁

           ဆယ်တန်းမှာ ထူးခြားတာက ကျောင်းလခ ၆ ကျပ်ကိစ္စပဲ ဗျ ။ ကျနော်က ၉ တန်းက လိမ်ပြီး လွတ်ငြိမ်းခွင့် လျှောက်ခဲ့တဲ့ ကိစ္စကို ကျောင်းတွေ ပြန်ဖွင့်တော့ ဆရာမတွေ ရီစရာ အဖြစ် ပြန်ပြောကြရင်း ဆယ်တန်း အတန်းပိုင် ဆရာမ ဒေါ်ပြုံးပြုံးဝင်း သိသွားမှာပေါ့ ။ 

     ကျနော် လျှောက်လွှာ မတင်တော့ လာမေးတယ် မင်း မတင်ဖူးလား တဲ့ ။ ကျနော်က ရီကြဲကြဲပဲ လုပ်နေပေမယ့် ဘေးက အကြောင်းသိတွေက ရီတာပေါ့ ။ ဆရာမက ခေါင်းပွတ်ပြီး အေးပါ မတင်နဲ့ ဆရာမ စိုက်ပေးလိုက်မယ် တဲ့ ။ 

      အံ့သြစရာပဲ ဗျ ဆရာမတွေရဲ့ စေတနာဟာ ကျနော်တို့အပေါ် ဘယ်လောက် မွန်မြတ်သန့်စင်ခဲ့ကြသလဲ ဆိုတာ တွေးမိတိုင်း ကြည်နူးရပါတယ် ဗျာ ။  

           ကျောင်းမှာ ဗရုတ်ကျသလို ရပ်ကွက်ထဲမှာလည်း အလှည့်ကျ မဟုတ်တာ အကုန််လုပ်နေတာပါပဲ ။ စပ်ချဥ်လဖက်ဆိုပြီး စလုပ်ခါစက မြင်းခြံက လုပ်တဲ့ စပ်ချဥ်လက်ဖက်က မန်ကျည်းရွက် နဲ့ ရောပြီး အချဥ်ဖောက်တာ ဗျ ။ 

     အဲဒီ လက်ဖက်နဲ့ ရောတဲ့ မန်ကျည်းရွက်နုက အရမ်းလတ်ဆတ်နေတဲ့ အရွက်နု နဲ့ မရောရပါဘူး ။ သူက နုလွန်း​ေတော့ အရည်ပျော်သွားပြီး အဆင်မပြေဖူး ။ မကြမ်း မနုလေး နဲ့ မှ အဆင်ပြေတာလေ ။ မကြမ်းမနုဆိုတာ တပင်လုံး ဝေဆာနေတတ်တာမျိုး ဗျ ။ 

        ကျနော် နဲ့ မောင်ကျော်ကတော့ မန်ကျည်းရွက်ခူးတာ လက်ချောင်းလေးတွေကို အသားမာတက် ညိုမည်းနေအောင် ခူးတာဗျ ။ လက်ဖက်နဲ့ ရောမယ့် မနုမကြမ်းဆိုရင် အပင်ပေါ်က မခူးတော့ဖူး ကိုင်းလိုက် ခုတ်ချပြီး အောက်ရောက်မှ စပယ်ရှယ် ခူးရောင်းရတာ ။ သူက အလေးချိန် နဲ့ ဝယ်တာ ဗျ ။ 

         မန်ကျည်းရွက် တုန်းရင် တောထဲသွားပြီး ကတက်ရွက် ၊ ပဒုမ္မာဖူး ၊ သမုန်းဖူး တွေ့ကရာ ခူးပြီး ယူလာကြတာပါပဲ ။ အိမ်အတွက် ဟင်းတခွက် ကြိုးစားပမ်းစား ရှာနေတယ် မထင်နဲ့ ကမြင်းကျော ထရင်း ခူးလာကြတာ ပါ ။ 

       ဘယ်လောက်ထိဆော့ကြသလဲ ဆိုရင် ဘောလုံးကွင်းကြီးရဲ့ တောင်ဖက်ဖျားမှာ ကန္တရပင်တွေ နဲ့ မွမ်းနံခြုံပင်တွေ ရှိပါတယ် ။ မြွေရှိတယ် ဆူးရှိတယ် ဒီတော့ ဘယ်သူမှ မသွားကြဖူး ။ အဲဒါကို ကျနော် နဲ့ မောင်ကျော်က ဒါးတချောင်း နဲ့ ဝင်ဖို့ လမ်းရှင်းတယ် ၊ ကန္တပင်စည်က ဆူးတွေ ရှင်းတယ် ။ မွမ်းနံခြုံတွေကို အောက်ခြေရှင်းတယ် ။ 

      အဲဒီ အုပ်လေးထဲ ဝင်ပြီး ဆော့နေရင် ဘယ်သူမှ မမြင်ကြတော့ဖူး လေ ။ အပြင်မှာ ရှုပ်နေပြီး အောက်ခြေမှာ ရှင်းနေတာကိုး ။ နေ့တိုင်း ကလေးတွေ လာဆော့နေတော့ မြွေလည်း မနေသာတော့ဖူး ပြေးရတာပဲ ။ 

        မွမ်းနံခြုံတွေက ဆူးရှိပြီး ပိတ်ပိန်းနေတော့ ပျားအုံတွေ ရှိတတ်တယ် ဗျ ။ ကျနော်တို့က အဲဒီ မွမ်းနံခြုံထဲက ပျားအုံကို ဘယ်တော့မှ မဖွပ်ကြဖူး ။ တခါဖွပ်ပြီး စားကြည့်တာ ရှားရှားပါးပါး ချဥ်နေတဲ့ ပျားရည်တွေဗျာ ။ အဲဒါကြောင့် မဖွပ်ကြတာ ဗျ ။ 

        နောက် ဘောလုံးအရှေ့ဖက်မှာ ကုက္ကိုတောရ ဆိုတဲ့ ဘုန်းကြီးကျောင်း ရှိပါတယ် ။ ဘုန်းကြီးက ဖိုးလုံးတို့ ပျိုးကန်ရွာ အဆက်တွေ ပါပဲ ။ သူ့ကျောင်းထဲမှာ ရေကန်ရှိပြီး ကန်ဘောင်ပေါ်မှာ တန်းစီ စိုက်ထားတဲ့ မန်ကျည်းပင်တန်းကြီး ရှိပါတယ် ။

       အဲဒီ မန်ကျည်းပင်တန်းကြီးပေါ် မှာ အပင်ပေါ်မှာ စိန်ပြေးတမ်း ကစားကြပါတယ် ။ ဆော့နေကြမို့ ဘယ်ကိုင်းကနေ ဘယ်လို ကူးရမယ်ဆိုတာ ကျွမ်းကျင်နေပါပြီ ။ မန်ကျည်းပင် ဆယ်ပင်တန်းကို ကိုင်းတွေ အခတ်တွေကအစ အလွတ်ရနေတာမျိုးပါ ။ 

     တနေ့ မိုးရွာပြီးခါစ သွားဆော့ကြတော့ ဖိုးလုံးက အပင်ခြင်း ကူးအပြေး မိုးရေနဲ့ ချော်နေတဲ့ သစ်ကိုင်း နင်းမိပြီး အောက်ပြုတ်ကျတယ် ဗျ ။ အားလုံး ကပျာကယာပြန်ဆင်းပြီး ပွေ့ထူတော့ အင့်ကနဲ အသံထွက်ပြီး မေ့သွားတယ် ။ 

       ဘုန်းကြီးသွားလျှောက်တော့ လိုက်လာပြီး ပြုစုမှ ပြန်သတိရလာတယ် ။ ဘုန်းကြီးလည်း အတော်စိတ်ဆိုးပြီး ရပ်ကွက်ထဲအထိ လာတိုင်တယ် ။ နောက်ကို လာဆော့ရင် ရိုက်လွတ်မယ်တဲ့ ။ 

       ထုံးစံအတိုင်း ခေါင်းဆောင်ကြီး နှစယောက်ကတော့ ဘယ်ပြေးလွတ်မလဲ ၊ အဆော်ခံရတာပေါ့ ။ ကျနော့်ကိုတော့ အမေထိမ်းတာ မနိုင်တော့ဖူး ဆိုပြီး ကျောင်း ၁၀ ရက် ပိတ်တာနဲ့ ပါတီယူနစ်ရုံး လိုက်ရမယ်လို့ ပြောတယ် ဗျ ။ 

          အဲဒါ နဲ့ ကျနော်လည်း အဖေနဲ့ အတူ ပါတီယူနစ်ရုံးကို လိုက်သွားရပါတယ် ။ အဲဒီ အချိန်တုန်းက ရှေ့မှာ ကွက်လပ်ကြီးဗျ ၊ တင်းနစ်ကွင်း နဲ့ ဘောလီဘောကွင်းကြီး ပဲ ရှိတာပါ ။ အခုတော့ ကွက်စိပ်ရိုက်ပြီး နေရာရောင်းစားပစ်လိုက်ကြပါပြီ ။ 

       ပါတီယူနစ်ရုံး ရောက်တော့မှ လူကြီးတွေ ရဲ့ ဖွဲ့စည်းပုံတွေ အုပ်ချုပ်ပုံတွေကို သိခဲ့ရတာ ဗျ ။ ကျနော်က ရုံးထဲမှာ ခွေးဝင်စားအဆင့်ပါပဲ ။ ဟိုလူက ခိုင်းလိုက် ဒီလူက ခိုင်းလိုက်ပါပဲ ။ ဖင်ပေါ့တော့ ဝန်ထမ်းအားလုံး ကျနော့်ကို ချစ်ကြတယ် ဗျ ။ 

          ပါတီယူနစ် စာရေးကြီးတွေဖြစ်တဲ့ ကိုဌေးဝင်း ၊ ကိုဖိုးချို နှစ်ယောက် ၊ လမ်းစဥ်လူငယ်ရုံး စာရေး ကိုမြင့်ဟန် နဲ့ အလွန်ပဏာသင့်ခဲ့တာပေါ့ ဗျာ ။ သူတို့ကလည်း ကိုကြီးညိုသား လူလည်လေးဆိုပြီး အလွန်ခင်တွယ်ပါတယ် ။ 

        အဲဒီ ကျောင်းပိတ်ရက်မှာ ပါတီယူနစ်ရုံးကို ရောက်ခဲ့တာဟာ ကျနော့်အတွက် အရေးပါတဲ့ နိုင်ငံရေး မြင်ကွင်းကျယ်တွေကို လေ့လာခွင့် ရခဲ့တာပါ ပဲ ။ နောက်ကျတော့ စနေ တနဂ်နွေ ကျောင်းပိတ်ရက်တွေ မှာ ကျနော်အဲဒီရုံးမှာပဲ အချိန်ဖြုန်းဖြစ်ပါတော့တယ် ။ 

       ကျနော်က စာ အလွန်ဖတ်ပါတယ် ။ ရုံးထဲက စာကြည့်ခန်းကြီးဟာ ကျနော့်အတွက်တော့ တကယ့်ကို ရတနာသိုက်ကြီးပါပဲ ။ ရှားပါးတဲ့ ဂီတကျမ်းတွေ ၊ ဆေးကျမ်းတွေ ကို ပညာတန်ဖိုး မသိ ၊ ဝါသနာလည်း နည်းလေတော့ မလေ့လာမိပါဘူး ။ ဒါပေမယ့် အဖိုးတန်ရှားပါး သမိုင်းစာအုပ်တွေ ၊ စစ်လက်နက်တွေ နဲ့ အခြားဗဟုသုတ များစွာကိုတော့ ဒီရုံးစာကြည့်တိုက်ကနေ ဖတ်ရှုခွင့် ရခဲ့ပါတယ် ။ 

         အဲဒီလို နေလာရင်း တနေ့ကျတော့ ဖိုးဌေးဆိုတဲ့ အိမ်နားက သူငယ်ချင်းက လက်ဖက်ရည်ဆိုင် သွားရအောင် လာခေါ်ပါတယ် ။ လက်ဖက်ရည်တခွက် ပြား ၆၀ ခေတ်ကပေါ့ ဗျာ ။ ရပ်ကွက်ထဲမှာလည်း တဆိုင်ပဲ ရှိတဲ့ လက်ဖက်ရည်ဆိုင် ချီတက်ရတာပေါ့ ။ 

       အဲဒီဆိုင်ကို သွားတော့ လမ်းမှာ တောကနေ  မြင်းခြံမြို့ပေါ် ပြောင်းလာတာ မကြာသေးတဲ့  လူကြီးတယောက် က ငါ့တူတို့ ဘယ်သွားမလို့လဲ ကွ တဲ့ ။ လက်ဖက်ရည်ဆိုင်ဆိုတော့ တခွက် ဘယ်လောက်လဲ မေးပြန်တယ် ။ ပြား ခြောက်ဆယ် ဆိုတော့ သူလည်း လိုက်သောက်မယ်တဲ့ ။ 

      သုံးယောက်သား လက်ဖက်ရည်ဆိုင်ထဲက တန်းလျှား မှာ သူက တဖက် ဖိုးဌေး နဲ့ ကျနော်က တဖက် ထိုင်ပြီး လဖက်ရည် မှာထားတာပေါ့ ။ စားပွဲပေါ်မှာ အဲဒီခေတ်က ရှားပါးပစ္စည်း ဓာတ်ဗူးလေး တလုံးနဲ့ အကြမ်းပန်းကန်းတွေ ရှိတာပေါ့ ။

     ပါလာတဲ့ တောသားကြီးက ဓာတ်ဗူးကို လက်နဲ့အုပ်ပြီး စမ်းကြည့်တယ် ။ ပါးစပ်ထဲက ကွမ်းကို ဖြီးကနဲ ထွေးထုတ်ပြီး ရေနွေး ငှဲ့တယ် ၊ နောက် ပုဂံထဲက ရေနွေးကို မကြည့်ပဲ လက်ဖက်ရည်ပိုင်ရှင်ကို ဟေ့ ရေနွေးက အေးနေပြီ လဲပေးအုံးကွ လို့ လှည့်ပြောပြီး ရေနွေးပုဂံကို အားပါးတရ ပါးလုပ်ကျင်းဖို့ အကုန်မော့ချပါရော.....
    
        ဟာ...ဖွီး..ဖွီး...ဆိုပြီး မှုတ်ထုတ်လိုက်တာ မျက်နှာခြင်းဆိုင် ထိုင်နေတဲ့ ဖိုးဌေးရော ကျနော်ကော ရှောင်ချိန် မရလိုက်ဖူး မျက်နှာတွေမှာ ရေနွေးတွေရော လက်ဖက်ခြောက်ဖက်တွေရော ပေတူးကုန်တာပေါ့ ဗျာ ။ ဖိုးဌေးက...

"ဟာ ဟေ့လူ ဘယ်လို လုပ်လိုက်တာလည်း ဗျ''

      ပြန်မပြောနိုင်သေးဘူး လက်လေးကာ​ပြပြီး ရေထသောက်တယ် ပလုပ်ကျင်းတယ် ခဏခဏ လုပ်ပြီးမှ ပြောနိုင်တယ် 

" ငါက အပြင်ကနေ စမ်းကြည့်ပြီး အေးနေတော့ မပူတော့ဖူး မှတ်ပြီး အားပါးတရ ပလုပ်ကျင်းဖို့ သောက်မိတာ ကွ ''

"ဟာ.. ဓာတ်ဗူးကို အပြင်က စမ်းကြည့်ရင် ဘယ်ပူမလဲ ဗျ ''

"သိဖူးလေကွာ ငါမှ မသုံးဖူးတာ တို့ရွာမှာ ဒါမျိုးမှ မရှိတာ ကွ ''

        ကိုင်း လူလည်နှစ်ကောင် တောသား နဲ့ တွေ့မှ ခံလိုက်ရတာပဲ ။ ဆိုင်ရှင် ကိုသန်းထွန်းကြီးကတော့ ရီလိုက်တာ အားပါးတရ လက်ဖက်ရည်တောင် မဖျော်နိုင်ဘူး ။ လူလည်နှစ်ကောင် ခံရ​ပြီဟ ဆိုပြီး ပြောနေသေးတာ ဗျာ ။ 

           ဖိုးဌေးကလည်း ကောင်းတဲ့မဟုတ်ဖူး ဗျ ၊၊ ကျောင်းမှာ ပြဿနာတက်ကြတာ ဒီကောင့်ကြောင့် တခါ ဖြစ်ဖူးတယ် ။ အသင်းတာဝန်ကျတဲ့ နေပေါ့ဗျာ ထုံးစံအတိုင်း ကျနော်တို့က ဘာမှ မလုပ်ဖူး အဆော့မပျက် ခရီးဆက်ပေါ့ လေ ။ 

     သံချောင်းခေါက်မှ အတန်းထဲဝင်တော့ ရေအိုးစင်မှာ ရေအိုးတွေ မှောက်တောင် ထားသေးတယ် ဗျာ ။ အံမယ် မယ်မင်းကြီးမတွေက ကျနော်တို့ ရေခပ်ရမယ့်တာဝန်ကို သူတို့လုပ်နေရတာ အခု မလုပ်တော့ဖူး ဆန္ဒထုတ်ဖော်တယ်ပေါ့လေ ။ 

         ကျနော်တို့ကလည်း လူပျင်းတွေလေ ဘာရမလဲ မသိချင်ယောင် ဆောင်နေတာပေါ့ ။ အတန်းပိုင်ဆရာမလည်း လာရော ရေအိုးတွေ မှောက်ထားတော့ ဘာဖြစ်တာလည်း တန်းမေးတာပေါ့ ။ 
တိုက်ချင်လို့ လုပ်ထားတဲ့ ကောင်မလေးတွေက ဝိုင်းတိုင်တာပေါ့ ။ 

       ဆရာမက ကဲ မင်းတို့ ငါးယောက် ရေသွားခပ်ကြတဲ့ ။ ရေအိုးက နှစ်အိုးထဲဆိုတော့ သုံးယောက်ဆိုရင် ရပြီ ။ အလယ်လူက လက်နှစ်ဖက် နှစ်အိုး ဘေးက တဖက်စီ ဆွဲ ဒီစနစ်ကိုး ဗျ ။ 

     အဲဒါနဲ့ အဆော်ခံရမှာ ကြောက်လို့ ဖိုးဌေး ၊ ဆွေဝင်းအေး နဲ့ ကျနော် သုံးယောက် ရေသွားခပ်ကြရပါတယ် ။ ဆယ်တန်း D က ရေစက် နဲ့ လှမ်းမြင်နေရတဲ့ အခန်းဆိုတော့ ကျနော်လမ်းကြောင်းကို အားလုံး မြင်နေကြပါတယ် ။ 

       ရေစက် နဲ့ အခန်းပြန်တဲ့ လမ်းမှာ ဘက်စကတ်ဘောလုံးကွင်း ရှိတယ် ဗျ ။ ကျနော်က ဘေးက အလယ်က ဖိုးဌေး တဖက်က ဆွေဝင်းအေး ပေါ့ ။ ရေအိုး နှစ်လုံးနဲ့ လူသုံးယောက် ဆွဲလာရင်း ကွင်းထဲက ဖြတ်တော့ ဖိုးဌေးက ဘက်စကတ်ဘော ဂိုးတိုင်တည့်တည့် သွားသတဲ့ ။ 

      တိုင်နားရောက်တော့ ဟေ့ကောင် ဒီဖက်လာခဲ့ ဆိုတာ မလာဖူး မင်းလာခဲ့တဲ့ ၊ မလာဖူးကွာ ရှေ့သွားစရာရှိရင် တည့်တည့်ပဲ သွားတတ်တယ် မင်းလာခဲ့ ဆိုတာ သူကလည်း  မလာဖူးတဲ့ ။ 

    အရွဲ့ပြီး ဒီအတိုင်း တည့်တည့်သွားတာ တိုင် နဲ့ အိုးနဲ့ တိုက်ပြီး ကွဲပါရောလား ။ ခပ်တည်တည်ပဲ ရေအိုးတလုံးထဲ သယ်သွားပြီး ထားလိုက်တယ် ။ ဆရာမက မျက်ထောက်နီကြီး နဲ့ ကြည့်ပြီး ရေအိုးတအိုးက ဘယ်မှာလဲ တဲ့ ။

      ဖိုးဌေးက ချော်ကျပြီး ကွဲသွားလို့ တဲ့ ။ တခန်းလုံး ဝါးကနဲ ရီကြတယ် ဗျ ။ 

      ဆရာမက စားပွဲကို ကြိမ်နဲ့ ရိုက်ပြီး နင်တို့ နှစ်ယောက် တမင် တိုင်နဲ့ တိုက်လိုက်တာ တခန်းလုံး မြင်တယ် ဟဲ့ လိမ်မနေနဲ့ လာစမ်း ဆိုပြီး တယောက် သုံးချက်စီ ဆော်တာပေါ့ ။ 

     မပြီးသေးဖူး ကျ​နော်တို့ ခုံတွေမှာ ထိုင်ပြီးမှ ဆက်ပြောတယ် အခု ရေအိုးတလုံးဖိုး နင်တို့ အားလုံး စိုက်လျှော်ကြရမယ် ကြားလားတဲ့ ။ ဟုတ်ကဲ့ပါပေါ့ ပြောပြီးတာ နဲ့ ဖိုးဌေးက မုန့်တော့ ငတ်ပြီဟေ့ တလုံး ၈ ကျပ် ၁၀ လောက် ရှိတယ် ကွ ။ ကျနော်ကတော့ အေးအေးဆေးဆေးပဲ နေစမ်းပါကွာ မငတ်ပါဖူး ငါ့မှာ အကြံရှိပါတယ် ။ 

       ဟေ ဘာအကြံလည်းတဲ့ ။ မုန့်ဖိုးလည်း ၁၅ ကျပ်လောက်ရမယ် ရေအိုးလည်း အလကားရမယ့် အကြံရှိတယ် ကွ ။ ဒီလို လုပ်ကြစို့..........

      မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...