Saturday, July 3, 2021

ပျော်ရွှင်ခဲ့ရ ငယ်ဘဝ (18)



          စာထဲမှာ ရေးထားတာက လဲ့လဲ့အနေနဲ့ ကိုကြီးမျိုးဝင်းကို ဘာညာ ကွိကွ ပေါ့ ဗျာ. ,,.

         အဲဒီအချိန်က ဒါမျိုးကိစ္စကို မိန်းကလေးဖက်က စပြီး ရေးဖို့ဆိုတာ အတော်ဖြစ်ခဲတဲ့ ကိစ္စကြီးပဲ ဗျ ။ နောက်ပြီး ပိုဆိုးတာက အင်မတန်လှတဲ့ လဲ့လဲ့လို မိန်းကလေးက ပေစုတ်စုတ် နေတတ်တဲ့ ကျနော့်လို လူကို စရေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ ။

        ကျနော် အိမ်ပေါ်မှာ အဲဒီစာကို အကြိမ်ပေါင်းများစွာ ဖတ်နေတုန်း အမေတက်လာပြီး ဟဲ့ကောင် ဘာဖြစ်လာတာတုန်း မကျည်းရွက်က နည်းနည်းလေး ရှိသေးတယ် လေ တဲ့ ။

      အမေ့ကို ကျနော်မတက်ချင်သေးဖူး ညနေမှ ချက်တော့ အမေရာ ဆိုတော့ အမေက ပြုံးကြည့်ပြီး ဘာလဲ မိလဲ့ ပေးတဲ့စာ အခုမှ တွေ့ပြီး ဖတ်မိလို့လား တဲ့ ။

       ကျနော် ဆတ်ကနဲ တုန်သွားတာပဲ ။ ဟင် အမေက ဘယ်လိုသိတာလဲ ဆိုတော့ ရွှေသီးတွေ့ပြီး ဖတ်ပြီးလို့ တရပ်ကွက်လုံး လျှောက်ပြောနေတာ မင်းမှ မသိတာ နမော်နမဲ့ နဲ့ ကိုယ့်အိတ်ထဲက စာ ကိုယ်မသိဖူးလား တဲ့ ။ 

          တကယ်တန်းကျတော့ လဲ့လဲ့က ကျနော့်ကို ကားဆီလိုက်ပို့တော့ ကိုကြီးမျိုးဝင်း လွယ်အိတ်ထဲမှာ ပါတယ်နော်လို့ သတိပေးတာ မုန့် မဟုတ်ဖူးကိုး ၊ သူ့စာပါတာ ပြောတာကို ကျနော်က မုန့်ထင်ပြီး ထပ်မရှာတာလေ ။ ကံဆိုချင်တော့ စာက ချုပ်ရိုးပြဲထဲကနေ အတွင်းထဲ ဝင်သွားတော့ မတွေ့တော့ဘူး ပေါ့ ။ 

       ကိုရွှေသီးက ပြုံးစိစိ နဲ့ ကြည့်သွားတာ ဒါကြောင့်ကိုး ။ သူကလည်း ဝမ်းသာအားရ ပတ်ဝန်းကျင်ကလူတွေကို လျှောက်ပြောထားတာကိုး ။ အင်း လဲ့လဲ့က အိမ်နားလေးမှာ လူချစ်လူခင် အတော်များထားတော့ အဲဒီခေတ်က ဟဲဗီးသတင်း ဖြစ်နေတာပေါ့ ။ 

         မြင်းခြံနဲ့ ဆီမီးခုံ ၂၇ မိုင်ပဲ ဝေးတာနော် ဒါပေမယ့် ကလေးသာသာဆိုတော့ ဘယ်သွားနိုင်မလဲ ဗျာ ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသေးတယ် ဗျ ။ အဲဒီဇတ်ထားလိုက်အုံး မယ်ဗျာ ။ 

        မြို့ပေါ်မှာ သင်တန်းဖွင့်တော့ ကျနော်ပြောဖူးတဲ့ ပန်းပွားအဖွဲ့ခေါင်းဆောင် ကောင်မလေး မေဦးခိုင်တို့ ညီအမလည်း သင်တန်းလာတက်ပါတယ် ။ သူတို့အိမ်နဲ့ အလက ၁ နဲ့ က လမ်းသွယ်လေးပဲ ခြားတဲ့ တောင်ဖက် မြောက်ဖက်ကိုး ဗျ ။ 

         သင်တန်းတက်ကြရင်း အကြံအဖန်တွေလည်း လုပ်တတ်လာတယ် ဗျ ။ သင်ပေးတာက ကိုဖိုးချို နဲ့ ကိုမျိုးရွှေပဲ ။ ကျနော်က သူတို့ဆီ မုန့်ဖိုးတောင်းတော့ နှစ်ယောက်သား ငွေပြတ်နေတဲ့ အချိန်လေ ပေးစရာ မရှိဖူး ။ ကိုမျိုးရွှေက ငါတို့လည်း ငွေပြတ်နေတယ် ဒီလိုလုပ် ဆိုပြီး အကြံပေးပါတယ် ။ 

         အဲဒီခေတ်က သကြားတို့ ရွှေဝါဆပ်ပြာတို့ ဆိုတာ ငွေပဲဗျ ။ ဝယ်သူအလွန်ပေါတယ် ။ သူတို့က ကျနော့်နာမည် နဲ့ ရွှေဝါဆပ်ပြာ ဘယ်လောက် ၊ သကြား ဘယ်နှစ်ပိဿာ ရောင်းချပေးပါရန် ဆိုပြီး စာထုတ်ပေးတယ် ။ ယုံချင်ယုံ မယုံချင်နေ ပါတီယူနစ် တံဆိပ်တုံး နဲ့ ပါတီလူကြီး လက်မှတ်ကို ကိုမျိုးရွှေက ထုပေး ထိုးပေးတာ ဗျာ ။ 

         သူတို့က လက်မှတ်တွေ ရာထောင်ချီ ထိုးရမယ်ဆိုရင် လူကြီးအစား ထိုးပေးနေကြဗျ ။ ဆန္ဒမဲ လက်မှတ်တို့ လျှောက်လွှာပေါင်းစုံတို့ပေါ့ ။ အဲဒီစာရွက်နဲ့ မြို့နယ်သမသွားတယ် ကျသင့်ငွေ ပေးတော့ ဘောက်ချာဖွင့်ပေးတယ် ။ 

      ပစ္စည်းထုတ်ပြီး ပြန်လာတော့ ကိုမျိုးရွှေ ပြောတဲ့လူဆီ သွားပို့တယ် အမြတ်တင်ပြီး ငွေပြန်ရလာပါတယ် ။ အဲသလို လုပ်ပြီး ငွေရမှန်း ကျနော်သိလာပါပြီ ။ ဒီထက်လွယ်တာ ဘာရှိအုံးမလဲ ဗျာ ။ 

         ပိုပြီး ကံကောင်းတာ ပြောရအုံးမယ် ဗျ ။ ပါတီလူကြီးက ဘာတွေ သဘောကောင်းနေတယ် မသိဖူး တနေ့ ကျနော့်ကို မင်းစက်ဘီး အသစ် မလိုချင်ဖူးလား တဲ့ ။ လိုချင်တာပေါ့ ဦးရာ ဆိုတော့ အေး အေး ငါပေးမယ် ဆိုပြီး မောင်ဗမာ စက်ဘီး ပါမစ် သူကိုယ်တိုင် ရေးပေးတယ် ဗျ ။ 

        နောက်ပြီး မြို့နယ်သမကို သူကိုယ်တိုင် ဖုန်းဆက်ပြီး ကျနော့်ကို စက်ဘီးထုတ်ပေးဖို့ ပြောတယ် ။ ကျနော်လည်း ဘယ်လောက် အ သလဲ ပြောအုံးမယ် ။ လူကြီးက အဲလို ဖုန်းဆက်ပြောတော့ မြို့နယ်သမဆီ စာရွက်လေး ကိုင်ပြီး သွားတာပေါ့ ။ 

       ရောက်တော့ ကျနော့်ကို သိနေတဲ့ သမဦးစီးမှူးက ငါ့တူရေ ငွေ ၈၅၀ ကျပ် သွင်းပြီး ထုတ်ယုလို့ ရပြီနော် တဲ့ ။ 

      ကျနော်လည်း အဲဒီကျမှ သြော် ငါ့ကို လူကြီးက အလကားပေးတယ် ထင်နေတာ ဝယ်ရမှာကိုးလို့ သိရတာဗျ 😁😁😁 အပြင်စျေးက ၃၀၀၀ ကျပ်လောက် ရှိမှာပေါ့ ဗျာ ။ 

     ဒါနဲ့ ရုံးကို ပြန်သွားပြီး လူကြီးဆီ ဝင်တွေ့ပါတယ် ။ ပြီးတော့ သူ့ပါမစ်စာရွက်ကို ပြန်ပေးလိုက်တော့.....

"ဘာဖြစ်လို့လဲ ကွ ''

"ဘာမှ မဖြစ်ဖူး စက်ဘီးဖို့းက ၈၅၀ ကျပ်တဲ့ ကျနော်က ဘယ်ကငွေနဲ့ ဝယ်လို့ရမှာလဲ ''

"ဟ မင်းအဖေဆီက တောင်းပေါ့ ကွ အပြင်မှာ ၃၀၀၀ လောက် တန်တဲ့ စက်ဘီးရမှာပဲလေ ''

"အဖေ့တော့ ပြောမနေတော့ဖူး သူတောင် တလ ၃၀၀ လောက်ရတာ ဘယ်ဝယ်ပေးပါ့မလဲ သူ့အကြောင်း  သိရဲ့သားနဲ့ ဦးကပ်စီး''

"ဟားးဟားးအေး ကိုညို့ကို ငါပြောလိုက်အုံးမယ် မင်းက ကိုယ့်ဖအေကို ဦးကပ်စီးတဲ့ အတော်လာတဲ့ ကောင်ပဲ ကွ  ဒီကိစ္စ ဘယ်လို လုပ်ပေးရမှာလဲ ကွ ''

"ငွေ မှ မရှိတာ မထုတ်တော့ဖူးလေ ပါမစ်ပြန်ယူထားလိုက်တော့ ဦး''

"ပြဿနာပဲကွာ ကဲ  ကဲ  မင်းအဖေအစား ငါပေးလို​က်ပါ့ မယ် နောက်မှ မင်းအဖေဆီက ဖြေးဖြေးချင်း ပြန်တောင်းယူတော့ မယ် ''

      အဲလိုပြောပြီး ငွေ ၈၅၀ ကျပ် ထုတ်ပေးပါတယ် ။ အဲဒီအချိန်က မြို့နယ်သမကို စက်ဘီးစီးပြီး ပြန်သွားရတဲ့ အရသာက တိမ်တွေပေါ် ညိမ့်ညိမ့်ညောင်းညောင်း စီးသွားနေရသလိုပါပဲ ဗျာ ။ 

      အပြန်မှာ စက်ဘီး တစီးကို စီးလာပြီး နောက်တစီး အသစ်လေးကို ညာလက်နဲ့ ဆွဲပြီး နှစ်စီးတွဲ ပြန်လာရတာ အရသာ ရှိချက်ဗျာ ။ ရုံးရှေ့က စက်ဘီးဆိုင်မှာ စက်ဘီးအသစ်လေးကို အမဲဆီထည့် နပ်ကြပ် ခွေချိန် လုပ်ပြီးတာ ကိုယ်ပိုင်စက်ဘီး လေးနဲ့ ဝံ့ကြွားလို့ ရသွားပါပြီ ဗျာ ။ 

       ကျနော် စက်ဘီးသစ်လေး နဲ့ ပျော်ရွှင်နေတာကို ပါတီလူကြီးရော အဖေကော ကြည့်ပြီး ကြည်နူးနေကြမှာ သေချာပါတယ် ။ ကျနော်ရှေ့မှာ သူတို့ နှစ်ယောက်ဆုံတော့ လူကြီးက လှမ်းခေါ်ပြီး.....

"ကဲ ဟေ့ကောင် မင်းအဖေဆီက စက်ဘီးဖိုး တောင်းပေးတော့''

"ဟာ ဦးကလည်း ငါ့ဘာသာ ဖြေးဖြေး တောင်းမယ်ဆို ကိုယ့်ဘာသာ တောင်းလေ ''

"အံမာ မပေးနိုင်ပါဘူး ဗျာ မြင်းဂြိုလ်တပ်ပေးတာ နဲ့ အတူတူဖြစ်နေတာပဲ ကိုယ့်ဘာသာ စိုက်ဝယ်ပေးထားတာ အဆုံးခံလိုက်ပေါ့ ''

(အဖေက အဲလိုပြန်ပြောတာဗျ လူကြီး ရီနေပြီး... )

"ငါတော့ ပခန်းသား သားအဖ နှစ်ယောက်ကြား ဆုံးပြီထင်တာပဲ ဟေ့ ''

        အဲသလိုပြောပြီး ရီနေတာပဲ ဗျ ။ အဖေကိုမေးကြည့်တော့ မပေးပါဘူး မင်းတို့ချင်း ကြည်ဖြူလို့ ငါမသိပဲ အပေးအယူလုပ်ထားတာပဲ တဲ့ ။ 
(တကယ်တန်း သွားပေးတော့ လူကြီးက မယူပါဘူး တဲ့ ဗျာ)

          ကိုမျိုးရွှေက ကျနော့်ကို လူကြီးကြိုက်လေး တဲ့ ။ သူက အဲဒီခေတ်ကတည်းက မိုးကြိုးသွားတို့ ဒဂ်ါးပြားတို့ မောင်ကောင်းတို့ အရောင်းအဝယ် လုပ်နေပြီဗျ ။ 

         ဒဂ်ါးပြားဆိုလည်း ဘယ်လှည့် ညာလှည့် ရှိကြောင်း ဆံထုံးပြေနေတာ ဆံထုံးမပြေတာ ရှိကြောင်း မိုးကြိုးသွားက ဘယ်လို အစရှိသဖြင့် အာပေါင်အာရင်း သန်သန် နဲ့ မစားရ ဝခမန်း အင်မတန် ပြောပြတတ်ပါတယ် ။ 

           ရုံးထဲမှာ ကိုမြင့်ဟန်ကတော့ သီချင်းအလွန်ဝါသနာ ပါတယ် ဗျ ။ ရုံးမှာ အကောင်းဆုံး ဇိမ်ခံပစ္စည်းက ပိုင်အိုးနီးယား ကက်ဆက် နဲ့ ​ဆောင်းဘောက်အကောင်းစားကြီး ရှိတာပါပဲ ။ ညနေခင်း လူခြေတိတ်ခြေ ဆိုရင် တိုက်ခန်းထဲမှာ ဖွင့်ထားတဲ့ သီချင်းသံဟာ အင်မတန် ငြိမ့်ညောင်း သာယာလှပါတယ် ။ 

         ကိုမြင့်ဟန် ခဏခဏ ငှားဖွင့်တာက ရာဇာဝင်းတင့် ရဲ့ နွဲ့ဆိုးခွေ ပါပဲ ။ မဆလ ခေတ်မှာ သီချင်းတိတ်ခွေတခုကို ၄၅ ကျပ်ပေးရတယ် ။ အငှားဆိုင်တွေ မှာ တရက်ကို သုံးကျပ် နဲ့ ငှားဖွင့်ပြီး နားထောင်ကြတဲ့သူတွေ များပါတယ် ။ 

     ကိုမြင့်ဟန်က အဲဒီ ရာဇာဝင်းတင့် အခွေ ငှားဖွင့်တာ ခွေငှားခက ၄၅ ကျပ်ထက် များနေလို့ ရီနေကြရပါတယ် ။ သူဖွင့်လွန်းတော့ ကျနော်တို့ကို တခွေလုံး အလွတ်ရကုန်ပါပဲ ။ သူ့နာမည်ကိုလည်း ရာဇာမြင့်ဟန် ဆိုပြီး စကြပါတယ် ။ (အဲဒီခေတ်က ရာဇာနေဝင်း မပေါ်သေးပါဘူး)

         ကိုမြင့်ဟန်က သဘောအကောင်းဆုံးလူပါပဲ ။ သူနဲ့ဆက်ဆံရသူတိုင်း သူ့ကို ခင်မင်ကြတဲ့ လူချည်းပါပဲ ။ 

......ထူးခြားတာက လမ်းစဥ်လူငယ် အတွင်းရေးမှူး ကိုအောင်​မြင့်ပါပဲ ။ နဖူးပြောင်ပြောင် ကွမ်းတပြစ်ပြစ် နဲ့ ကိုအောင်မြင့်က စိတ်ဆတ်တယ် ဗျ ။ လေးအိမ်တန်းရွာကပါ ။ သဘောကောင်းတယ် မဟုတ်မခံ ဖြစ်လာရင် ထိုးမယ် ကြိတ်မယ်ဆိုတဲ့ လူစားဗျ ။ 

       နောက် တွဲဖက်အတွင်းရေးမှူးက ဒေါ်စန်းစန်းယု အမှတ် ၄ ရပ်ကွက်ထဲက အလွန်သဘောကောင်းတဲ့ အမကြီးပါပဲ ။ တမိသားစုလုံး အညာမှာ ရှားပါတဲ့ ဖြူဖွေးနေတဲ့ အသားရေ ပိုင်ရှင်တွေ ဗျ ၊ ဘယ်အချိန်ကြည့်ကြည့် ရှင်းသန့်နေတဲ့ မိသားစုပါဗျာ ။ 

         ကျနော်လည်း သင်တန်းမှာ နည်းပြဖြစ်နေပါပြီ ။ ကိုတာတို့က မသင်ပေးတော့ဖူး ၊ ကျနော်တို့နဲ့ လွဲထားပါတယ် ။ နောက်လူငယ်တွေကို ရဲတင်းစွာ နေရာပေးရဲတာ ထူးခြားမှု တခုပါပဲ ။ 

       မဆလ ပါတီ ကျဆုံးသွားရတာ လူငယ်ပညာတတ်တွေကို ခွေထားတဲ့ အချက်လည်း ပါတယ် ဗျ ။ တင်းပြည့်ပါတီဝင် ဖြစ်လာဖို့ အတွက် ဘွဲ့ရတယောက် အတွက် အလွန်ခဲယဥ်းပါတယ် ။ အပေါ်ကသာ ဘွဲ့ရပညာတတ်တွေကို နေရာပေးရွေးချယ်နေတာ မှန်ပေမယ့် အောက်ခြေက အဲလို မဟုတ်ပါဘူး ။ 

       မဆလ ဗဟိုကနေ ဘွဲ့ရပညာတတ်တွေ တင်းပြည့်ပါတီဝင် ဖြစ်တာနဲ့ ဦးစားပေးအဆင့်အနေနဲ့ တာဝန်ကြီးကြီးတွေ ပေးလေ့ရှိပါတယ် ။ အဲဒီအခါ လက်ရှိ လူကြီးတွေက မကြိုက်ကြတော့ပါဖူး ။ သူတို့ လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးတယ်လို့ မြင်လာကြပါတယ် ။ 

     အဲဒါကြောင့် ဘွဲ့ရပညာတတ်တွေ တင်းပြည့်ပါတီဝင် လျှောက်လာရင် ခွေထားကြတော့ပါပဲ ။ ဒီလို နဲ့ လူငယ်တွေ နေရာမရတော့ပဲ ခုနစ်အို ရှစ်အိုတွေ ကြီးစိုးနေတဲ့ နိုင်ငံရေးလောကကြီး ဖြစ်သွားပြီး မဆလ ပျက်သွားရတာပါပဲ ။ 

      ဒါပေမယ့် မဆလပါတီက လေ့ကျင့်ပေးထားတဲ့ ကိုတာတို့ ကိုအောင်မြင့်တို့ ကိုမြင့်ဟန် တို့ကျတော့ အဲဒီ ရှေးဟောင်း မဆလ ကြီးတွေ နဲ့ ကွာဟသွားပါပြီ ။ မြန်မာပြည် ကံဆိုးတာက လမ်းစဥ်လူငယ် စီမံအဆင့် သင်တန်းဆင်းထားသူတွေရဲ့ စီမံခန့်ခွဲမှု ခေတ်အထိ မရောက်လိုက်ပဲ ပါတီပျက်သွားရတာပါပဲ ။

      မဆလ ပါတီဟာ ခိုးမရအောင် လာဘ်စားမရအောင် ဦးနေဝင်းက ချုပ်ကိုင်နိုင်ခဲ့လို့ စာရိတ္တပိုင်းမှာ ဂုဏ်ထူးထွက်ခဲ့ပေမယ့် စီမံအုပ်မှု ကဏ္ဍမှာတော့ သူ့လူ ငါ့လူ အုပ်စုမွေး နေရာပေး ပြီး ရာထူးမပြုတ်ရေးအတွက် မလုပ် မရှုပ် မပြုတ်မူ နဲ့ စီမံခဲ့လို့ ပါတီပြိုကြသွားရခြင်း ဖြစ်ပါတယ် ။ 

          ကျနော်တို့ သင်တန်းတွေ ဖွင့်ထားဆဲကာလမှာ လူစိတ်ဝင်စားတဲ့ သင်တန်းက ဘင်ခရာသင်တန်းပါပဲ ။ နောက်ပြီး လေ​ကြောင်းသင်တန်း စိတ်ဝင်စားကြပါတယ် ။ လေကြောင်းသင်တန်းကို စိတ်ဝင်စားကြတာ ရဟတ်ယာဥ် စီးခွင့်ရတဲ့ အတွက်လည်း ပါဝင်ပါတယ် ။ 

           ကျနော်က လေကြောင်းသင်တန်းသား မဟုတ်ပေမယ့် ရဟတ်ယာဥ်စီးဖူးပါတယ် ။ သင်တန်းသားတွေ မိတ္ထီလာလိုက်ပို့တော့ ရုံးအဖွဲ့နဲ့ ကပ်လိုက်သွားရင်း စီးဖူးခဲ့တာပါ ။ ငြိမ်းညောင်းမယ်မထင်နဲ့ ဗျ တချက်တချက် ဝုတ်ကနဲ  ဝုတ်ကနဲ  အောက်ကို ငါးပေ ဆယ်ပေလောက် ရုတ်ချည်း ကျကျသွားတာ ကြောက်စရာကြီး ဗျ ။ 

        ကျနော်တို့သင်တန်းက ပုံမှန်အတိုင်းသွားနေရတာပါပဲ ။ သင်တန်းသား အသစ်တွေ အများကြီးပါလာတော့ ပျော်စရာကြီးပေါ့လေ ။ 

         ဆယ်တန်းဖြေထားတာ စာမေးပွဲ ကျပါတယ် ။ ကျနော့်တသက်မှာ ပထမဆုံး စာမေးပွဲ ကျဖူးတာပါပဲ ။ ကျဆို အဖော်ညှိလို့ ကောင်းတာ တခန်းလုံးနီးပါး ကျခဲ့တာပါပဲ ။ နောက်တနှစ် ထပ်နေတော့ X E ခန်း ဖြစ်သွားပါပြီ ။ 

         ကျောင်းဖွင့်စမှာ မြစ်ရေတက်လာတော့ သဘော်တင်ရွာက သူငယ်ချင်းတွေက လာခေါ်ကြပါတယ် ။ သူတို့ ရွာလူကြီးလည်း ရင်းနှီးပြီးသားပါပဲ ။ ဒါနဲ့ အမှတ် ၁ ရပ်ကွက်သားတွေ နဲ့ တပြုံကြီး လိုက်သွားကြပါတယ် ။ 

        မြစ်ရေတက်နေတော့ ပင်လယ်ပြင်ကြီးလိုပဲ လယ်​မေတွေအားလုံးရေမြှပ်ပြီး ရေပြင်ကျယ်ကြီး ဖြစ်နေပါပြီ ။ ရွက်လှေဆိုတာ အဲဒီကျမှ စီးဖူးတာပါ ။ လှေပေါ်မှာ စျေးသည် အမျိုးသမီးတွေ နဲ့ ကျနော်တို့ အုပ်စုပါပဲ ။ 

      ရွက်တိုက်ရင်း သွားနေတဲ့ လှေဟာ တနေရာရောက်တော့ ဒုတ်ဆို ရပ်သွားပါတယ် ။ ပတ်ပတ်လည်ကြည့်တော့လည်း ရေတွေချည်းပဲ ။ ရေနစ်ဖူးတဲ့ ကျနော် ဇောချွေးတော့ နဲနဲပြန်နေပါပြီ ။ အဲလိုနေတုန်း လှေသမားက ကဲ ကဲ ယောကျာ်းသားတွေ ဆင်းအုံး ဆိုတော့ သူငယ်ချင်းတွေ ဆင်ကြတာပေါ့ ။ 

        ကျနော်လည်း ပုဆိုးတိုတိုပြင်ဝတ်ပြီး ဖိနပ်လေး လှေပေါ် ထားကာ လှေနံရံကနေ စွပ်ကနဲ ဆင်းလိုက်ပါတယ် ။ လှေတဖက်ခြမ်းက သူငယ်ချင်းတွေ ဆင်းတာကြည့်တော့ ရေက ပေါင်လည်လောက် ရှိတာကိုး ။ 

      ကျနော်ဆင်းတဲ့ဖက်အခြမ်းက လျှိုရှိတာ မသိဖူးလေ ။ ဒီတော့ ဗြုတ်ဆို ရေထဲမြှပ်တာပါပဲ ။ ဒါပေမယ့် အရိပ်အကဲ ကြည့်နေတဲ့ လှေဆရာရဲ့ တပည့်က အမြန် ဂုတ်ဆွဲထားတော့ မနစ်လိုက်ပါဘူး ။ လှေပေါ် ကုတ်ကပ်ပြန်တော့ လှေသမားက မေးတယ် ။ 
ရေမကူးတတ်ဖူးလားတဲ့ ။ အင်း လိုဖြေတော့ အဲဒါ ဘာလို့ ဆင်းတာလဲ တဲ့ ။ 

      သြော် ခင်ဗျားတို့ပဲ ယောကျာ်းသားတွေ ဆင်းဆိုလို့ ကျုပ်လဲ ယောကျာ်းဆိုတော့ ဆင်းတာပေါ့ ဗျ ဆိုတော့ အားလုံးဝိုင်းရီကြပါတယ် ။ နောက်မှ လှေကို ရိုးထဲ ပြန်တွန်းချပြီး ခရီးဆက်ကြပါတယ် ။

       သဘော်တင်ရွာရောက်တော့ သူငယ်ချင်းအိမ်မှာ တရုန်းရုန်း ဖြစ်နေတုန်း ရွာလူကြီးက လာပြီး နှုတ်ဆက်ရင်း သူ့အိမ်ခေါ်ပါတယ် ။ လှေမဆန့်လို့ မလိုက်တော့ဘူးလို့ ပြောလိုက်ပါတယ် ။ 

       ခဏနားပြီး ငါးမျှားထွက်ဖို့ ပြင်ဆင်ကြပါတယ် ။ လှေ နှစ်စင်း နဲ့ သွားမျှားကြမယ်ပေါ့လေ ။ အိမ်ရှင်တွေက ဘာချက်ထားရမလဲ တဲ့ ။ အမဲသား နဲ့ ဝက်သား တခုခု ချက်လိုက်မယ်တဲ့ ။ မီးဖိုထဲမှာ တံစိုးထိုး အခြောက်လှမ်းထားတဲ့ အသားတွဲ လှမ်းပြရင်း ဝယ်မနေနဲ့ အဲဒီအသားခြောက် ချက်လိုက်ဗျာ လို့ ပြောလိုက်ပါတယ် ။

        သြော် မင်းတို့က ခွေးသားလည်း စားကြသလားတဲ့ ။ အဲဒီကျမှ ခွေးသားကို မျှင်းပြီး အမဲသားလို အခြောက်လှမ်းစားကြမှန်း သိရတော့တယ် ။ ခွေးသားဆို မစားဘူး ငှားမျှားသွားမှာပဲ ရလာမယ့် ငါးသာ ချက်ပေးဗျာ ဆိုပြီး ပြောရင်း လှေနှစ်စင်းနဲ့ ငါးမျှား ထွက်လာကြပါတယ် ။ 

       လှေတွေကို ဘေးခြင်း ယှဥ်ထားပြီး ငါးမျှားနေကြပါတယ် ။ မှတ်မှတ်ရရ ကျနော်တို့ လှေက လက်ညှိုးလောက်း ငါးလေး သုံးကောင် ပဲ မိပြီး တဖက်လှေက နှစ်ကောင်ပဲ မိပါသေးတယ် ။ အဲလိုနေတုန်း တဖက်လှေက သူငယ်ချင်းတွေ စနောက်နေကြရင်း သူတို့လှေက မှောက်ပါရော ။

     သူတို့ လှေမှောက်သွားတော့ မလှမ်းမကမ်းက ကျနော်တို့ လှေပေါ်ကို တယောက်က တရုတ်သိုင်းကားထဲကလို ကိုယ်ဖော့ပညာနဲ့ လွှားကနဲ ခုန်ကူးလာပါရော ။ 

       သူလည်းခုန်ကူးလိုက်ရော ကျနော်တို့ လှေပေါ်ကို ဇာတ်ကားတွေထဲကလို ဖတ်ကနဲ ကြောင်ကျ မကျပဲ ဒုန်းကနဲ့ ခွေးကျ ဝက်ကျ ကျလာပါရော ။ အဲဒီအရှိန်နဲ့ ကျနော်တို့ လှေလည်း တခြမ်းစောင်းပြီး မှောက်ပါရောဗျာ ။ 

      ရေနစ်ဖူးတဲ့ ကျနော်လည်း မှောက်ခုံကြီးဖြစ်ပြီး ပေါ်နေတဲ့ လှေကို မလွတ်တမ်း ဖက်ကိုင်ထားပါတယ် ။ အဲဒီအချိန် မှာ လှေရဲ့ ရေပေါ် ပေါ်နေတဲ့ ဝမ်းဗိုက်အောက်အခုံးကနေ နီရဲရှည်မျှောနေတဲ့ ကြောက်စရာ အကောင် တကောင် တွန့်လိမ် တွန့်လိမ် နဲ့ ကျနော် လှေကို ဖက်ထားတဲ့ လက်ဆီကို လာနေတာ တွေ့လိုက်ရပါတယ် ။ 

       လှေကို ကိုင်ထားတဲ့ လက်ကို ရုတ်လိုက်ရမှာလား ၊ ရေက ဘယ်လောက်နက်မှန်း မသိဖူး ၊ ဒီအတိုင်း လှေကို မလွတ်တမ်း ဖက်ထားပြီး အကိုက်ခံရမလား ၊ ကိုက်မယ့်အကောင်လည်း ကြည့်အုံးလေ ရဲရဲတောက်နေတဲ့ အနီရောင်...........

             မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...