Thursday, May 27, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ် သို့ (၉)




         10-5-2009 မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကဒ်ကမ်းဘဲလ် နဲ့ အရှေ့အာရှဖစိဖိတိရေးရာ အတွင်းဝန်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်လာပါတယ် ။ သူတို့က ဦးသန်းရွှေ နဲ့ တွေ့ဆုံခွင့်တောင်ဆိုပေမယ့် အညာသားက အဖတ်လုပ်ပြီး မတွေ့ပဲ ပြန်ုကြားရေးဝန်ကြီး ဦးကျော်ဆန်း နဲ့ ပဲ တွေ့ခွင့်ရခဲ့ပါတယ် ။  

        ကမ်းဘဲလ်တို့က နေအိမ်အကျယ်ချုပ်ကျနေသူ ဒေါ်စုကြည်နဲ့တွေ့ဖို့ တောင်းဆိုလို့ ဒေါ်စုကြည်သာမကဘူး NLD CEC တွေနဲ့ပါ နိုင်ငံတော်ဧည့်ရိပ်သာမှာ ပေးတွေ့ခဲ့ပါတယ် ။  ဦးဝင်းတင်က စစ်အစိုးရကို ယခုထက်ပို၍ ခပ်စပ်စပ်လေး ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ ကမ်းဘဲလ်ဟာ အခြားနိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပြီး ၂ ရက်နေသွားပါတယ် ။ 

    ရန်ကုန်ရှိ အမေရိကန်သံရုံးမှာ ကမ်းဘဲလ်က " အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုအား ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း " ပြောသွားပါတယ် ။ 

    အပြန် ဘန်ကောက်ရောက်တော့ 

"ဂုဏ်သိက္ခာမဲ့သော မြန်မာစစ်အစိုးရနှင့် ဆက်ဆံရသည်မှာ များစွာစိတ်ပျက်ဖွယယ်ကောင်းကြောင်း ၊ အပြစ်ကင်းစင်သည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတရားဖိနှိပ်ချုပ်ခြယ် ဖမ်းဆီးခံထားရသော်လည်း စစ်ခေါင်းဆောင်များအပေါ်ခွင့်လွှတ်နေသည်ကို အံ့သြဖွယယ်တွေ့မြင်ရကြောင်း "

      ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ် ။ ကမ်းဘဲလ်ရဲ့ မြန်မာပြည်ခရီးဟာ စစ်အစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံဖို့ မဟုတ်ပါဖူး ။ အတိုက်အခံပါတီကို အားပေးအားမြှောက်လာရင်း စစ်အစိုးရကို သတိပေးချင်လို့ လာတာပါ ။ 

     ဘာကို သတိပေးချင်တာလည်းဆိုရင် အမေရိကန်ရဲ့ ဗဟိုပြုမူဝါဒ အရွှေ့ကို ပြောမှ ရှင်းသွားပါတယ် ။ 2000 ပြည့်နှစ်အပြီး 21 ရာစုထဲ ဝင်လာတော့ အမေရိကန်ရဲ့ အရှေ့လယ်ပိုင်း ဗဟိုပြုမူဝါဒ ကနေ အရှေ့အာရှ  ပစိဖိတိ ဗဟိုပြုမူဝါဒသို့ စိတ်ဝင်စားလာလို့ ဖြစ်ပါတယ် ။

     21 ရာစုမှာ အမေရိကန်ကို ယှဉ်ပြိုင်လာနိုင်မယ့် တရုတ်ပြည်ကို နီးကပ် ထိမ်းချုပ်နိုင်ဖို့ အာရှ ပစိဖိတ် ဒေသကို မဏ္ဍိုင်ပြုဖို့ ဆုံးဖြတ်ကြပါတယ် ။  

      တရုတ်ကို အနီးကပ်စောင့်ကြည့်နိုင်ငံ မြန်မာနိုင်ငံ ဟာ အမေရိကန်အတွက် အရေးပါလာပါပြီ ။ ယခုလို ကမ်းဘဲလ် လာခဲ့တာဟာ တရုတ်က ပါတီပေါ်လစ်ဗျူရို ၉ ဦး မှ နံပါတ် ၃ အဆင့်ရှိသူ ဝမ်းကျားပေါင် မြန်မာပြည်ခရီးစဉ်လာရန် ရှိတဲ့အတွက် အမေရိကန်က ကြိုလာတာပါ ။ 

     ဝမ်ကြားပေါင်ဟာ 2003 မှ 2013 ထိ 10 နှစ်အတွင်း တရုတ်အစိုးရရဲ့ အထက်မြက်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှာထားသူ ဆရာကြီးဖြစ်ပါတယ် ။ TIME ရဲ့  2000 နှစ်ကို  Wen's World အဖြစ် သတ်မှတ်ပြီး သြဇာကြီးသူ သတ်မှတ်တဲ့ အဆင့်မှာလည်း အိုဘားဗားရှေ့က နေရာယူထားသူဖြစ်ပါတယ် ။ 

       ကမ်းဘဲလ်က ဝမ်ရဲ့ အရင်လာတယ်အတိုက်အခံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး မြှောက်ပေးခဲ့တယ် ။ ဒါတွေဟာ စစ်အစိုးရအနေနဲ့ ဝမ်ကြားပေါင်လာချိန်မှာ တရုတ် နဲ့ နီးကပ်စွာ ဖက်ကင်းတလဲမဆက်ပါနဲ့ အဲလိုလုပ်ရင် ငါတို့အမေရိကန်တွေက တိုက်အခံ NLD ပါတီကို အားပေးမယ်လို့ ဖိအားပေး ခြိမ်းခြောက်တာပါ ။ 

     ကမ်းဘဲလ်က ဘယ်လိုပဲ ခြိမ်းခြောက်နေပါစေ ဦးသန်းရွှေကတော့ အရေးလုပ် စဉ်းစားမနေပဲ သူလုပ်စရာရှိတာကို သူဘာသာ ခရီးရောက်အောင် စိတ်အေးလက်အေး ဆောင်ရွက်နေပါတယ် ။ 

    အဲလို အေးဆေးနေရတာ အကြောင်းရှိပါတယ် ။ အညာသားကြီးရဲ့ကံဇာတာတက်ချင်တော့ သူ့အတွက် အမေရိကန်ကို အကြပ်ပြန်ကိုင်ရမယ့် ဘုရားပေးတဲ့ လက်ဆောင်ရထားပြီလေ ။ 

    အဲဒါကတော့ အားလုံးသိထားတဲ့ အမေရိကန် ရေကူးချန်ပီယံ ဂျွန်ယက်တောပဲ ဖြစ်ပါတယ် ။ 4-5-2009 မှာ ယက်တောကြီးက အင်းယားကန်ထဲကနေ ဒေါ်စုကြည်ခြံထဲကို ရေကူးဝင်လာပါတယ် ။ အင်မတန်ပင်ပန်းလှတဲ့ အတွက် ၂ ညအိပ် ၃ ရက် အနားယူရပါတယ် ။ 

      6-5-2009 မှာ ပြန်အထွက်မှာ အစောင့်တွေက ဖမ်းပါတော့တယ် ။ ယက်တောကို စစ်ဆေးတော့ ရူးချင်ယောင်ပြီး တောပြောတောင်ပြော ပြောနေပါတယ် ။

     ဦးသန်းရွှေကတော့ ရူးချင်ယောင်ဆောင်နေတဲ့ ယက်တောကို ထောင် ၇ နှစ် အရူးကို ဖွက်ပေးထားတဲ့ ဒေါ်စုကြည်ကို တနှစ်ခွဲ အကျယ်ချုပ် နဲ့ နှပ်ထားလိုက်ပါတယ် ။
    
       21-7-2009 မှာ ဟီလာရီကလင်တန်က အာဆီယံ အစည်းအဝေး မှာ မြန်မာစစ်အစ်ုးရအနေနဲ့ နျူကလီးယား နည်းပညာတွေ ရယူဖို့ လုပ်ဆောင်နေတာ ရပ်ဆိုင်းဖို့ မြောက်ကိုးရီးယားနဲ့ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ပါတယ် ။ 

       အမေရိကန်တွေဟာ တရုတ်နဲ့ မြန်မာဆက်ဆံရေးကို ကန့်သတ်ဖို့ ၊ နျူအကြောင်းပြဖိအားပေးဖို့ နဲ့ ဒေါ်စုကြည်ကို အကျယ်ချုပ်က လွှတ်ပေးပြီး လွှတ်တော်ထဲ သွင်းကာ အာဏာရစေဖို့ အကွက်ရွှေ့နေတာကို ဘရွှေကြီးက နားမလည်တဲ့ ပုံစံနဲ့ ထုံပေပေလုပ်ပြီး ဘာတခုမှ မတုန့်ပြန်ခဲ့ပါဘူး ။ 

     အမေရိကန်တို့ဟာ တရုတ်ကို အနီးကပ်ထိမ်းချုပ်ဖို့ ဒေါ်စုကြည် အစိုးရ ဖြစ်မှ အဆင်ပြေမှာမို့  ဒေါ်စုကြည်ကို လွှတ်တော်ထဲ ရောက်ဖို့ ဖိအားပေးနေတာ သိနေတဲ့ ဦးသန်းရွှေဟာ သူ့အိတ်ထဲကဖား ဒေါ်စုကြည်ကို ဒီအတိုင်း ပဲ ကြည့်နေပါတယ် ။ 

      ဦးသနိးရွှေ ဇာတာတက်ပြီး စိတ်တိုင်းကျ ကစားနိုင်ဖို့ ယက်တောဆိုတဲ့ အမေရိကန်ဖားကြီး ကားကနဲ ထပ်ရောက်လာတော့ ဘရွှေတို့ ပြုံပန်းဝေဆာ ဖြစ်ရလေပြီ ။ 

       အမေရိကန် အစိုးရတိုင်းဟာ American is the firsf ဆိုတာကို အလွန်ဂုဏ်ယူကြလေ့ ရှိပါတယ် ။ အမေရိကန်နိုင်ငံသားတွေ အခြားဘယ်နိုင်ငံမှာပဲ ဒုက္ခရောက်နေပါစေ ကူညီပြီး အမေရိကန်ကို ပြန်ခေါ်ရမယ်ဆိုတဲ့ မူပေါ့ ။ 

     ဒီတော့ ရေကူးချန်ပီယံကြီးကို ပြန်ရအောင်ခေါ်ဖို့ အမေရိကန် သမ္မတ အိုဘားမား ရဲ့ တာဝန်ဖြစ်သွားရပါပြီ ။ ဒီတော့ အမေရိကန်လွှတ်တော်မှာ သြဇာကြီးတဲ့ ဆီနိတ်တာ Jim Webb ကို မြန်မာပြည်လွှတ်ပြီး ထောင် ၇ နှစ် ကျနေတဲ့ ယက်တော လွတ်မြောက်ရေးအတွက် ကြိုးစားရပါပြီ ။ 

        Jim Webb ဟာ 14-8-2009 မှာ ရောက်လာပြီး စစ်အစိုးရရဲ့ တွေရန်ခက်ခဲလှတဲ့ ခေါင်းဆောင် ဦးသန်းရွှေ နဲ့ တွေ့ခွင့်ရခဲ့တာ ထူးခြားမှု တခုပါပဲ ။ သူတို့ နှစ်ယောက်ဘာတွေ ဆွေးနွေးသဘောတူကြတယ် မသိပါဘူး Jim Webb ပြန်တော့ ထောင်ထဲက ယက်တောပါ ပါသွားလေရဲ့ ။ 

     Jim Webb  ဟာ 15-8-2009 မှာ ဒေါ်စုကြည်နဲ့ အင်းယားလိတ်ဟိုတယ်မှာ 45 မိနစ်ကြာ တွေ့ဆုံသွားရပါတယ် ။

      18-8-2009 မှာ Jim Webb ဟာ ဘန်ကောက်လေဆိပ်မှာ သတင်းထောက်တွေကို  " နေပြည်တော် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရတာ အောင်မြင်ကြောင်း နှင့် နအဖ အစိုးရရဲ့ အပြုသဘောဆောင်သည့် ဒီမိုကရေစီကြိုးပမ်းမှုများကို အသ္မှိတ်ပြုပါကြောင်း " ထူးဆန်းစွာ ပြောသွားပါတယ် ။ 

    ဘရွှေရဲ့ ဆွေးနွေးတောင်းဆိုမှုဟာ ဒါနဲ့ ရပ်မသွားပါဘူး ။ အမေရိကန်လွှတ်တော်မှာ ဥပဒေသစ် ၃ ခု ပြဌာန်းအတည်ပြုအောင် အဆိုတင်သွင်းခဲ့တဲ့ သြဇာကြီး အမတ် Jim Webb ဟာ 25-8-2009 မှာ နယူးရော့တိုင်းသတင်းစာရဲ့ အယ်ဒီတာ့အာဘော် မှာ

" ကျွနုပ်တို့ လျစ်လျူမရှုနိုင်တော့သည့် မြန်မာ" 

    ဆိုတဲ့ ခေါင်းစဉ်နဲ့

"မြန်မာအားဒီအတိုင်းပစ်ပယ်ထားပါက တရုတ်ဖက်သို့ ပိုမိုနီးကပ်သွားပြီး တရုတ်၏ သြဇာခံဖြစ်သွားမည်ဖြစ်ရာ ဒေသတွင်းတည်ငြိမ်ရေး တဖက်စောင်းနင်းဖြစ်ကာ အန္တရာယ်များပါကြောင်းနှင့် အတိုက်အခံပါတီအပေါ်  စစ်ခေါင်းဆောင်များက လိုလားနှစ်သက်မှု မရှိသလို တရုတ်ကလည်း အလားတူ သဘောထားနေပါကြောင်း "   ရေးသားခဲ့ပါတယ် ။ 

     { သူဆိုလိုတာကတော့ စစ်အစိုးရကို တရုတ်ဖက် ရောက်မသွားစေရန် အမေရိကန်က ကူညီစေဖို့ နဲ့  စစ်အစိုးရ မနှစ်သက်တဲ့ အတိုက်အခံကို မထောက်ပံ့တော့ဖို့ ပြောတာပါပဲ}

      အဲဒီလို Jim Webb ရဲ့ တိုက်တွန်းမှုကတကြောင်း အမေရိကန်ရဲ့  Pivotal diplomacy အရ လည်းကောင်း အိုဘားမားရဲ့ အစိုးရဟာ မြန်မာအပေါ် သဘောထား ပျော့ပျောင်းစွာနဲ့ ညင်သာစွာ ချည်းကပ်ဖို့ မူဝါဒ ပြောင်းရပါတော့တယ် ။

       ဒီနေရာမှာ အမေရိကန်တွေက pivotal သုံးဖို့ ကြံစည်အကွက်ပြောင်းတုန်း ရှိပါသေးတယ် ။ အညာသားကြီးက အဲဒီ Povital ကို Jim Webb နဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာပဲ သုံးခဲ့ပြီး ဖြစ်ကြောင်း တွေ့ရပါတယ် ။ 

      ဦးသန်းရွှေဟာ ယက်တော ၊ ဒေါ်စုကြည် နဲ့  မြောက်ကိုရီးယား နျူတွေကို Povit ထားပြီး နိုင်ငံရေးကစားသွားလို့သာ သူလိုချင်တဲ့ စစ်တပိုင်း အစိုးရကို ၂၀၁၀ မှာ ဒေါ်စုကြည်မပါပဲ အနှောက်အယှက်မရှိ သာသာယာယာ ဖွဲ့စည်းပေးနိုင်ခဲ့တာပါ ။

    ဦးသန်းရွှေအတွက် အမေရိကန်ဆီက ဒေါ်စုကြည်နဲ့ ပါတ်သပ်တဲ့ ဖိအားတွေကို ဖယ်ရှားပြီးနောက် အရေးကြီးတဲ့ ကိစ္စတခု ဆုံးဖြတ်ရပါတော့မယ် ။ အဲဒါကတော့ သူနားပြီးတဲ့ နောက်မှာ တပ်မတော်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားရမလဲဆိုတဲ့ ပြဿနာပါပဲ ။ 

     သာမန်အားဖြင့် ဒု ချုပ်ကို လွှဲအပ်ရမှာ ဖြစ်ပေမယ့် ဦးသန်းရွှေက အရက်အလွန်အကျွံသောက်တတ်တဲ့ ဦးမောင်အေးကို စိတ်မချပါဘူး ။ ဒါကြောင့် သူနဲ့ အတူနားစေဖို့ ဆုံဖြတ်ထားပြီး အခြားဆက်ခံသူရှာနေတာပါ ။ 

     ပထမတော့ နံပါတ် ၃ သူရရွှေမန်းကို လျှာထားခဲ့ပုံပါပဲ ။ နီးစပ်သူအသိုင်းအဝိုင်းများက ပြောဆိုနေကြပေမယ့် ဦးသန်းရွှေနှုတ်ကတော့ တခါမှ မပြောဖူးဘူးလို့ ကြားသိရပါတယ် ။ အဲဒီလျှာထားမှုဟာ တရားဝင်ဟုတ်ပေမယ့် ပယ်ဖျက်မှုကတော့တရားဝင်ဖြစ်သွားပါတယ် ။ 

      2009 မေလ မှာ သူရရွှေမန်းရဲ့ ပြုံယမ်းခရီးစဉ် ပေါက်ကြားမှုကြီးကြောင့် နိုင်ငံတကာမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံခဲ့သာ အဖြစ် အမည်ပျက်နေလို့ သူရရွှေမန်းသာ တပ်ချုပ်ခန့်လိုက်လျှင် မကြာခင် ကျင်းပပေးမယ့် ရွေးကောက်ပွဲ မှာ အယုံအကြည်နည်းသွားလိမ့်မယ် လို့ အကြောင်းပြပါတယ် ။ 

     နောက်တချက်က ဦးရွှေမန်း သားဟာ ဦးခင်ရွှေ သမီးနဲ့ လက်ထပ်ပြီး စီးပွါးရေးအုပ်စုတွေ ထူထောင်ကာ သောင်းကျန်းနေလို့ သူရရွှေမန်းသာ တပ်ချုပ်ဖြစ်သွားရင် တိုင်းပြည်ရော တပ်မတော်ရော အပျက်ဖက် ဦးတည်သွားနိုင်တယ်လို့ ယူဆတာလည်း ပါနေပြန်ပါတယ် ။ 

 ( ပြုံယမ်းခရီးစဉ် ပေါက်ကြားမှု မဖြစ်ခဲ့လျှင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်)

      ဦးသန်းရွှေဟာ တပ်ချုပ်လောင်းလျှာ စာရင်းတွေယူပြီး စစ်ရုံးသို့ခေါ်ပြီး သူကိုယ်တိုင်တာဝန်ပေးကာ အနီးကပ်စောင့်ကြည့် လေ့လာအကဲခတ်ပါတယ် ။ 

    တနှစ်လောက်ကြာမှ တပ်ချုပ်လောင်းစာရင်ထဲက ရခတ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ကို လျှာထားအတည်ပြုကြောင်း စာရင်းထွက်လာပါတယ် ။ 

     လျှာထားအတည်ပြုစာရင်းထွက်လာခါရှိသေးတယ် တိုင်းမှူးတွေ နဲ့ ကွပ်ကွဲမှုမှူး များဟာ ဗိုလ်ချု့ပ်မြင့်အောင်ထံ အလုအယက် ဂါကြရာ ဦးသန်းရွှေသိသွားပြီး စိတ်ဆိုး၍ ပယ်ဖျက်လိုက်ပါတယ် ။  

    ပြီးတော့ ချွေးသိပ်တဲ့အနေနဲ့ အစိုးရသစ်မှာ ကာကွယ်ရေးဝန်ကြီး ခန့်မယ်လို့  ပြောခဲ့ပေမယ့် ဗိုလ်ချုပ်မြင့်အောင်က လက်မခံပဲ တပ်ကနေ အပြီးထွက်သွားခဲ့ပါတယ် ။

    အဲဒီနောက် ဘယ်သူမှ ထင်မှတ်မထားတဲ့ တတိယမျိုဆက် အရာရှိ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို စီနီယာများအား ကျော်လွန်၍ တပ်ချုပ်ကြီး အဖြစ် လျာထားအတည်ပြုလိုက်ပါတယ် ။ 

     ဦးသန်းရွှေဟာ ရွေးကောက်ပွဲနီးလာလေ အလု့ပ်ပိုလုပ်လေ ဖြစ်နေပါတယ် ။ ပြည်ပခရီး ထွက်ခဲလှသော ဦးသန်းရွှေဟာ တရုတ် မြန်မာ သံဆက်သွယ်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ 
4-9-2010 ကနေ 7-9-2010  ထိ ၄ ကြာခရီးကို ထွက်ခွါလာခဲ့ပါတယ် ။ 

   တကယ်တန်းကျတော့ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ လာတွေ့တာပါ ။ ဦးသန်းရွှေနဲ့အတူ ဗိုလ်ချုပ်မင်းအောင်လှိုင်လည်း ပါခဲ့ပါတယ် ။ သူကိုယ်တိုင် တရုတ်ကို လာရတဲ့ အကြောင်းက 

- ရွေးကောက်ပွဲကို တရုတ်က အသိအမှတ်ပြု ထောက်ခံပေးဖို့

- တရုတ်မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တွေအရေးကို ညှိနှိုင်းဖြေရှင်းပေးရတော့မယ့် တပ်ချုပ်အသစ် ကို တရုတ်သမ္မတနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ် ။ ဦးသန်းရွှေ အကြောင်းသိနေတဲ့ CNN သတင်းဌာနကတော့ "မြန်မာခေါင်းဆောင် တရုတ်ထံကဘာလိုချင်သလဲ" ဘာညာ နဲ့ ကလိပါသေးတယ် ။ 

    အပြန်ခရီးမှာ ဝမ်ကြားပေါင်က ပါတီ နဲ့ အစိုးရ ပူးတွဲချိတ်ဆက်မှုဟာ အရေးကြီးကြောင်း အကြံပေးပါတယ် ။ ကဲ ဦးသန်းရွှေ တယောက် 2010 ရွေးကောက်ပွဲကို ဘယ်လို လုပ်ပေးမလဲ ? ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ စီနီယာတွေကို ဘယ်လိုထိမ်းမလဲ ဆိုတာကတော့ ,,,,,,,,,,,,,,,,,,,,,?

         မျိုးဝင်း
 
 Ref: The Diplomatic 17en Oct:2016 " The problem with the
          pivot- part. 2. by Jared McKinney.
          16th Aug:2009 France   24News •
          6th Sept:2010  Asia News  "Than Shew 's visit to China
          gets  underway•
           21st July 2009 New York Times , by Mark landler's 
           article•

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...