Monday, May 31, 2021

အဖြူထည်လူငယ်များအတွက် ၈၈ & ၂၁ ဂျင်းဆိပ်ဖြေဆေး (5)



        ချန်ကေရှိတ်ရဲ့ တပ်တွေကို မြန်မာတွေက တရုတ်ဖြူတပ်တွေလို့ပဲ ခေါ်ကြပါတယ် ။ ကာကွယ်ရေး အင်အားနည်းတဲ့ နယ်စပ်စည်းရိုးကနေ အတွင်းပိုင်းထိ အင်အားကြီးမားစွာ နယ်ချဲ့လာတဲ့ တရုတ်ဖြူတပ်တွေကို မြန်မာအစိုးရက ကုလ မှာ တိုင်ကြားပါတယ် ။ 

        လွတ်လပ်ပြီးစ ၄ နှစ်အကြာမှာ ကျူးကျော်ခံရတဲ့ မြန်မာနိုင်ငံဟာ ကုလမှာ တရားဝင်တိုင်ကြားပေမယ့် အမေရိကန်က ကန့်ကွက်နေလို့ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူတပ်လို့တောင် နာမည်တပ်တိုင်ကြားခွင့်မရပဲ နိုင်ငံခြားမှတပ်လို့သာ တိုင်ခွင့်ရခဲ့ပါတယ် ။

         အမေရိကန်ကြောင့် အရာမထင်ပဲ မြန်မာတို့ ကိုယ့်အားကိုကိုး တိုက်ထုတ်ဖို့ စီစဥ်ကြပါတယ် ။ တရုတ်ဖြူတွေဟာ မော်စီတုံးကို တိုက်ရမယ့်အစား ကိုယ့်​မြေကိုယ့်ရေကို အထိပါးမခံတဲ့ မြန်မာ့တပ်မတော် နဲ့ တိုက်နေရပါပြီ ။ 

       လက်နက် လူသူ အင်အားခြင်း မမျှပေမယ့် တပ်မတော်သား တဦးခြင်းစီရဲ့ မာကျောမှု ၊ တိုက်ခိုက်ခြင်းစွမ်းရည် နဲ့ ကြံရည်ဖန်ရည် ကွာဟမှုတွေကြောင့် တရုတ်ဖြူတွေဟာ အင်အားကြီးပါလျှက် ဆုံးရှူံးမှု များလာပါတယ် ။ 

       နာမည်ကျော် အမေရိကန်ရဲ့ B 24 Librator Y2 ဗုံးကြဲလေယာဥ်ကြီးကို မြန်မာတို့ရဲ့ ဒါကိုတာ လေယာဥ်ပေါက်စတွေနဲ့ ပစ်ချနိုင်ခဲ့တာ အဲဒီခေတ် ကမ္ဘာ့သတင်းခေါင်းကြီး ဖြစ်ခဲ့ရပါတယ် ။ မသိသေးတဲ့ ကလေးတွေကို ဥပမာနှိုင်းပြောရမယ် ဆိုရင် ဆင်ကို ဆိတ်ဝင်ခွေ့ရသလိုပါပဲ ။ လေသူရဲ ဗိုလ်ပီတာ ကျဆုံးခဲ့ရတဲ့ ဖြစ်စဥ်ပေါ့ လေ ။

         တရုတ်ဖြူ နဲ့ အမေရိကန်တွေဟာ မြန်မာ့မြေမှာ လေယာဥ်ကွင်းဖောက်ပြီး ထောက်ပို့စနစ် အကောင်းဆုံး ပြင်ဆင်ခဲ့သလို နောက်ဆုံးပေါ် ဘန်ကာတွေနဲ့ စခန်းပြင်ထားတော့ မြန်မာတို့ ဘန်ကာဖြိုဖို့ အခက်တွေ့ရပါတယ် ။ 

     ဘန်ကာဖြိုဖို့ စမစ်ဖိုင်းယားလို လေယာဥ်လိုပါတယ် ။ အဂ်လန်ကို သွားဝယ်တယ် လုံးဝ မရောင်းပေးဖူး ။ ကံကောင်းချင်တော့ မိတ်ဆွေအသစ် အစ္စရေးက စမစ်ဖိုင်းယားတွေကို အပိုပစ္စည်းတွေရော စျေးချိုချိုနဲ့ ရောင်းပေးကြတယ် ။ 

         ၁၉၅၂ မှ ၁၉၅၈ အတွင်း တရုတ်ဖြူတွေဟာ မြန်မာ့တပ်မတော် နဲ့ ရွာလည်နေခဲ့ရပါတယ် ။ ပြည်တွင်းက ကရင်သူပုန်တွေ မော်လမြိုင်ရထားကို ဗုံးခွဲပြီး တက္ကသိုလ်ကျောင်းသူ ၄၀ ကျော် ဖမ်းသွားကာ တရုတ်ဖြူတွေဆီက လက်နက် ငွေကြေးနဲ့ မိုက်ရိုင်းစွာ လဲလှယ်ခဲ့တဲ့ ကာလတွေဖြစ်ပါတယ် ။ 

       စမစ်ဖိုင်းယားတွေနဲ့ ဘန်ကာတွေဖြို ခြေလျှင်တပ်တွေ နဲ့ အသေခံတိုက်ခိုက်ခဲ့တဲ့ ပွဲကြီးတွေမှာ တရုတ်တွေ များလွန်းလို့ စက်သေနတ်ပြောင်းပူပြီး ပစ်မရ ဖြစ်နေလို့ သေနတ်ပြောင်းကို သေးနဲ့ပန်းပြီး ပစ်ခဲ့ရသတဲ့ ဆိုတဲ့ တိုက်ပွဲသတင်းတွေဟာ မြန်မာလူထုကြားမှာ အိပ်ရာဝင် ပုံပြင်တွေ ဖြစ်ခဲ့ရတာပေါ့ ။ 

       ခြောက်နှစ်လောက် အပြင်းအထန် တိုက်ခိုက်နှင်ထုတ်မှသာ တရုတ်ဖြူတွေဟာ မာကျောလှတဲ့ မြန်မာ့တပ်မတော်ကို အလျှော့ပေးပြီး ထိုင်ဝမ်ကို ပြန်သွားကြပါတော့တယ် ။ အမေရိကန်ရဲ့ ရန်ငြိုးဟာ အဲဒီကာလကတည်းက အမြစ်တွယ်ခဲ့တာပါပဲ ။ အထူးသဖြင့် သူ့ရည်မှန်းချက် တရုတ်ကို ဖျက်ဆီးရေးမှာ မြန်မာတပ်မတော်ကြောင့် ပျက်ခဲ့ရတယ် ဆိုပြီး မြန်မာ့တပ်မတော် ပြိုကွဲပျက်ဆီးရေးကို တစိုက်မတ်မတ် လုပ်လာကြတာ အခုချိန်ထိပါပဲ ။ 

      မြန်မာ့တပ်မတော်ဟာ တရုတ်ဖြူစစ်ပွဲအတွက် နယ်စပ်မျဥ်းတလျှောက် အသက်စွန့် တိုက်ခိုက်နေချိန်မှာ ပြည်မရှိ ဦးနုဦးဆောင်တဲ့ နိုင်ငံရေးသမားများကတော့ စမာန်ခုတ် စားကျက်လုနေကြပါပြီ ။ 

       ဦးနုဟာ မူလတုန်းက ထွက်ပြေးဖို့ စီစဥ်ခဲ့ပေမယ့် ဗိုလ်နေဝင်းရဲ့ အာမခံစကားကို ယုံကြည်ပြီး ရောင်စုံသူပုန်တွေကို ပြန်တိုက်ပြလို့ တနိုင်ငံလုံး အာဏာဖြန့်ကျက်နိုင်ချိန်မှာ တိုင်းပြည်အတွက် ကြိုးစားလုပ်ခဲ့တာတွေ ရှိပါတယ် ။ 

     ကိုးရီးယား ပြည်တွင်းစစ်ဖြစ်တော့ ဆန်စျေးကောင်းလာပြီး တိုင်းပြည်ဝင်ငွေ တိုးလာပါတယ် ။ ပြည်တော်သာ စီမံကိန်းဆိုပြီး တည်ဆောက်ရေး အများအပြား လုပ်ပေးခဲ့ပါတယ် ။ 

       ဒေသ အသီးသီးရှိ ဆေးရုံများ နဲ့ ကျောင်းဆောင်များဟာ ဦးနုရဲ့ ပြည်တော်သာစီမံကိန်းအရ ဖြစ်ထွန်းလာရတဲ့ အသီးအပွင့်တွေပါ ပဲ ။ 

       နိုင်ငံရေး အကွဲအပြဲဟာ ဘယ်လိုမှ စေ့စပ်မရတော့ပါဘူး ။ နု /တင် အုပ်စု ဆွေ / ငြိမ်း အုပ်စုဆိုပြီး ကွဲသွားပါပြီ ။ ဖဆပလ အတွက် ရွှေရောင်ကာလကြီးဟာ လွတ်လပ်ပြီး ဆယ်နှစ်အကြာမှာ ချုပ်ငြိမ်းသွားပါပြီ ။ 

      တနိုင်ငံလုံးမှာ ပါတီအကွဲအပြဲတွေ ကြားထဲကနေ ပြည်သူတွေ စိတ်ဝမ်းကွဲကြပြီး လက်ရုံးတပ်ဖွဲ့ ကိုယ်စီ နဲ့  သောင်းကျန်းသတ်ဖြတ်ပြတာ ထိမ်းမရတော့ပါဖူး ။ ဒါနဲ့ ရွေးကောက်ပွဲ လုပ်မယ် ကြားထဲကနေ တပ်မတော်ကို ဒိုင်လုပ်ခိုင်းမယ် ဆိုပြီး စီစဥ်ကြတယ် ။ 

        ဒီနေရာမှာ နာမည်ကျော် ပေးစာ နှစ်စောင် ရှိတယ် ။ ဦးနေဝင်းဆီ ဦးနုက နိုင်ငံတော်တာဝန်ယူပြီး ရွေးကောက်ပွဲ လုပ်ပေးဖို့ ရေးတဲ့ စာ နဲ့  ဦးနေဝင်းက ၁၉၄၇ ခြေ / ဥ နဲ့ မညီလို့ တာဝန်မယူနိုင်ဖူး အမှန်တကယ် ယုစေချင်ရင် ၁၉၄၇ ခြေ / ဥ ကို ပြင်ဆင်ဖြည့်စွက်ပေးပါ ဆိုပြီး အကြောင်းပြန်တဲ့ စာ နှစ်စောင်ဟာ သမိုင်းဝင် ဖြစ်ခဲ့ရပါတယ် ။ 

      အချို့ကလည်း တပ်မတော်က အာဏာသိမ်းမှာ သိနေလို့ ဦးနုက နိုင်ငံရေးပရိယာယ် နဲ့ ကစားခဲ့တာလို့လည်း ရေးသားခဲ့ကြပါတယ် ။ 

     အဓိက အရေးကြီးတာကတော့ စစ်တန်းလျားက တပ်မတော်ကို နိုင်ငံရေးထဲ စတင်ပြီး ဆွဲသွင်းခဲ့ကြတာ နိုင်ငံရေး သမားတွေပါပဲ ဆိုတာ အခုလူငယ်တွေ သိစေချင်တာပါပဲ ။ 

      ဗိုလ်နေဝင်း တာဝန်ယူရဲဖို့ ဦးနုက လွှတ်တော်ခေါ် ဥပဒေပြင် ပြီး အာဏာလွှဲပေးခဲ့တယ် ။ အာဏာအလုံးစုံ ရသွားတဲ့ ဗိုလ်နေဝင်းဟာ အရေးတကြီး လုပ်ရမယ့် တရားဥပဒေ စိုးမိုးရေးကို ရဲရဲတင်းတင်း လုပ်ဆောင်ပါတယ် ။

       တပ်မတော် နဲ့ တူသော တပ်မတော်အစစ် ၊ ခေါင်းဆောင်နဲ့တူသော ခေါင်းဆောင်အစစ် ၊ စစ်သားနဲ့တူသော စစ်သားအစစ်များဟာ ဗွက်ပေါက်နေတဲ့ တိုင်းပြည်ကို ပတ်ကြမ်းတိုက် ဆေးကြောလိုက်တာ တနိုင်ငံလုံး ငြိမ်ဝပ်ပိပြားသွားပြီး ရိုးသားအေးဆေးစွာ နေလိုသော ပြည်သူများကြားမှာ ဗိုလ်ချုပ်ကြီး အစိုးရ ပြန်ဆင်းသွားမှာ စိုးရိမ်နေကြတဲ့ အထိ အောင်မြင်ခဲ့ပါတယ် ။

        တရားဥပဒေ စိုးမိုးရေးကို အဓိကထားလုပ်တဲ့အတွက် ဘေးထွက်ဆိုကျိုး ရှိကောင်းရှိမှာကို လူလည်ဗိုလ်နေဝင်း တွက်ဆမိတာပေါ့ ၊ ဒါပေမယ့် အကျိုး ၉၀ သား အတွက် အပြစ် ၁၀ သားကို သူဥပေက္ခာ ပြုထားပြီး တိုင်းပြည်အတွက် ရဲဝင့်စွာ ဆောင်ရွက်ခဲ့တာ သူ့ သမိုင်းပါပဲ ။

        ဗိုလ်နေဝင်းဟာ သူ့ကို လူမုန်းမှာတွေ သမိုင်းမလှမှာတွေ မစဥ်းပါဘူး ။ လုပ်သင့်လုပ်ထိုက်တယ် ထင်တာတွေကို အောင်မြင်စွာ လုပ်သွားပါတယ် ။ ဒီလိုနဲ့ ၁၉၆၀ မှာ ရွေးကောက်ပွဲ လုပ်ပေးတယ် ။ အနိုင်ရတဲ့ ဦးနုကို အာဏာလွှဲပေးခဲ့တယ် ။ 

       တည်မြဲဖက်ကို ဘက်လိုက်ခဲ့တဲ့ တပ်မတော် အရာရှိတွေကို ထုတ်ပယ်ခဲ့တယ် ။ ဒီတော့ တည်မြဲက နိုင်ငံရေးသမားတွေက ဗိုလ်နေဝင်းနဲ့ တပ်မတော်ကို အပုပ်ချလာပါပြီ ။ 

       တပ်မတော်ကို အားကိုးလေးစားနေတဲ့ ပြည်သူတွေ နဲ့ တပ်မတော်ကို သွေးကွဲအောင် စတင် လုပ်ဆောင်လာတာဟာ ဗကပ လို သူပုန်အဖွဲ့ ပြီးရင် နိုင်ငံရေးလောက မှာ တည်မြဲ အဖွဲ့က စခဲ့တာပါ ပဲ ။ 

          ဦးနုလည်း ရလာတဲ့ အာဏာနဲ့ တည်ဆောက်ရေး လုပ်နေပေမယ့် ၁၉၅၈ မှာ ပြည့်သွားတဲ့  လွတ်လပ်ပြီး ဆယ်နှစ်မှာ ခွဲထွက်လိုက ခွဲထွက်နိုင်သည် ဆိုတဲ့ ပင်လုံစာချုပ်ကို ကိုင်ပြီး ၁၉၆၂ မှာ တောင်းဆိုလာတဲ့ တိုင်းရင်းသားတွေကြောင့် ဦးနု အကြပ်တွေ့ရပါပြီ ။ 

        လွှတ်တော်မှာ အခြေအတင်ဆွေးနွေးနေကြရင်း တိုင်းပြည်ပြိုကွဲမယ့် အနေအထားထိ ရောက်လာပါပြီ ။ လွှတ်တော်အတွင်းမှာ နိုင်ငံရေးသမားတွေ မပြိုကွဲအောင် စည်းရုံးနိုင်မှာလား ၊ ဦးနု ထိမ်းနိုင်မှာလား ဆိုတာ သံသယ ဖြစ်စရာ ကောင်းနေပါပြီ ။ 

      တိုင်းပြည်ပြိုကွဲဖို့ မ​ပြိုကွဲ ဖို့ဆိုတာ မတ်လ ၂ ရက်နေ့ လွှတ်တော် ဆုံးဖြတ်ချက်က အရေးကြီးနေပါပြီ ။ အဲဒါကြောင့် မြန်မာ့တပ်မတော်ဟာ နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည်ပြိုကွဲ သွားနိုင်တယ်လို့ တွက်ဆပြီး မတ်လ ၁ ရက် ည ၁၂ နာရီမှာ အာဏာသိမ်းလှုပ်ရှားမှု စတင်ပြီး မတ်လ ၂ ရက်နေ့ မှာ တပ်မတော်က အာဏာအရပ်ရပ်ကို ရယူလိုက်ကြောင်း ကြေငြာလိုက်ပါတော့တယ် ။ 

      အဲဒီကာလတုန်းက အာဏာသိမ်းတာကို နိုင်ငံရေးတွေ နဲ့ တိုင်းရင်းသားနိုင်ငံရေး သမားတွေက လွဲပြီး သာမန်ပြည်သူတွေက လက်ခုပ်လက်ဝါး တီးပြီး ကြိုဆိုခဲ့ကြပါတယ် ။ အဲဒါ ဟုတ်မဟုတ် သိမှီသူတွေ အများအပြား ရှိနေပါသေးတယ် မေးကြည့်ကြပါ ။ 

        တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လာပါပြီ ။ တပ်မတော် နဲ့ ပြည်သူကို သွေးခွဲမယ့် နိုင်ငံရေး အင်အားစုတွေလည်း အဆမတန်များလာပါတယ် ။ 

  ဗကပ အဖွဲ့ 

 ရောင်စုံသူပုန်များ

 တည်မြဲဖဆပလ

 သန့်ရှင်းဖဆပလ 

 ခွဲထွက်ပြီးတစင်ထောင်ရန် စိတ်ကူးယဥ်နေသော တိုင်းရင်းသားခေါင်းဆောင်များ

တသက်လုံးက ကျွန်ခံခဲ့တဲ့ ပြည်ပသြဇာခံ မီဒီယာများ 

ပြည်ပမှ ကွန်မြူနစ်အုပ်စု နိုင်ငံများ 

ပြည်ပမှ အရင်းရှင်အုပ်စု နိုင်ငံများ

         ဒါတွေက ဗိုလ်နေဝင်း ဖြေရှင်းကျော်လွှားရမယ့် ရန်သူစာရင်းဖြစ်ပါတယ် ။ 

     ကဲ ခင်ဗျားတို့သာ သူ့နေရာမှာဆိုရင် ချက်ခြင်း ပျော့ခွေသွားလောက်တဲ့ အနေအထားနော် ။

     စီပွားရေး လုပ်ငန်းတွေ ၊ လယ်ယာမြေတွေ အားလုံး ပြည်ပနိုင်ငံခြားသားတွေ လက်ထဲမှာချည်းပါပဲ ။ 

       အဲဒီတော့ မွေးရာပါ ပြည်ပအကြွေး ရှိနေတဲ့ တိုင်းပြည် ၊ ပြည်တွင်းစစ်သာ မက ပြည်ပကျူးကျော်မှုကိုပါ တိုက်နေရတဲ့ တိုင်းပြည် ​ဖြစ်ပါတယ် ။ လွတ်လပ်ပြီး နောက် ဘယ်အချိန်မှာ အချမ်းသာဆုံး ဖြစ်ခဲ့သလဲ ဆိုတာ သိမြင်လောက်ပါပြီ ။ 

         ကဲ ၁၉၆၂ က စပြီး မြန်မာ့တပ်မတော်ဟာ စိတ်တိုင်းကျ စီမံဆောင်ရွက်ခွင့် ရတာ နဲ့ ဦးနေဝင်းဟာ လွတ်လပ်ပြီးစ စစ်ပွဲတွေမှာ လက်နက်ရောင်းမပေးကြလို့ ​တွေ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ကိုယ်ပိုင် လက်နက်ထုတ်ဖို့ ကြိုးစားပါတယ် ။ 

      ထိရောက်တဲ့ စွမ်းဆောင်ရည်ကတော့ နာမည်ကျော် ဂျာမန်လက်နက်ကုမ္ပဏီ နဲ့ ကမ္ဘာက မရိပ်စားမိအောင် ချိတ်ဆက်ပြီး G3. G4. စက်ရုံတွေ တည်ဆောက်ခဲ့တာပါပဲ ။ 

      ကမ္ဘာကို လှည့်စားဖို့ အတွက် ဂျာမန်တွေ နဲ့ ညှိနှိုင်းပြီး အရပ်သုံး ပစ္စည်း ထုတ်လုပ်သည့်အကြီးစားစက်ရုံတွေ တည်နိုင်ခဲ့ပါတယ် ။ အဲဒီခေတ်က ကပစ ထုတ် လူသုံးကုန်တွေဟာ ပြည်သူတွေ အတွက် များစွာ အသုံးတဲ့ခဲ့သလို ဂျာမဏီမိတ် ဖြစ်တဲ့အတွက် အရည်အသွေးလည်း ကောင်းကြပါတယ် ။ 

       တာယာ ၊ မောင်ဗမာစက်ဘီး နဲ့ အခြား စက်ရုံကြီးအများအပြားဟာ ဂျာမဏီက ကျွဲကူးရေပါ တည်ဆောက်ပေးခဲ့တာပါ ။ 

      ပြည်ပရန် ချုပ်ငြိမ်းသွားပေမယ့် ပြည်တွင်းမှာလည်း SSA ၊ KIA အစရှိတဲ့ လက်နက်ကိုင် ၁၃ ဖွဲ့လောက် ရှိနေပါပြီ ။ 

      အဓိက ရန်သူဖြစ်တဲ့ ဗကပကလည်း တပ်အင်အား ၇၀၀၀၀ လောက်အထိ တောင့်တင်းလာပြီး ကျန်အဖွဲ့တွေက  သုံးသောင်းကျော်ဆိုတော့ စုစုပေါင်း မြန်မာ့တပ်မတော်ရဲ့ ရန်သူအင်အား တသိန်းဝန်းကျင် ရှိနေပါပြီ ။ 

      ယခင် လွတ်လပ်ပြီးစ ရောင်စုံသူပုန်အင်အား နှစ်သောင်းကနေ  ၁၉၇၆ ခန့်မှာ အင်အား တသိန်းဖြစ်လာပါပြီ ။ 

      ရန်သူ အင်အား နှစ်သောင်းကို မိမိအင်အား နှစ်ထောင် နဲ့ ချေမှုံးနိုင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကတော့ အင်အား ၁ သိန်း နှစ်သောင်း နဲ့ ကိုယ်ပိုင် လက်နက်စက်ရုံနဲ့ ချေမှုံးဖို့ သာသာယာယာ ဖြစ်နေတဲ့ အနေအထားကို တွေ့ရပါတယ် ။ 

        ဗိုလ်နေဝင်းဟာ ၁၉၆၂ ကနေ ၁၉၇၄ အထိ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြီး ၁၉၇၄ မှာ မဆလ ပါတီထောင်ပြီး အုပ်ချုပ်ခဲ့ပါတယ် ။ မဆလခေတ်မှာ ပဲခိုးရိုးမရှိ ဗကပ တွေကို ဘယ်လိုရှင်းခဲ့ကြသလဲ ဆိုတာ လေ့လာပါ့မယ် ။ 

(မြန်မာ့တပ်မတော် နိုင်ငံရေးထဲ ပါဝင်လာရခြင်း နဲ့  ယခု အခြေအနေထိ တင်ပြချင်တာမို့ ဖြစ်စဥ်များကို ဆဝါးနိုင်ရုံမျှသာ တင်ပြနိုင်ပါတယ် ၊ တိကျသော ရက်စွဲများ ၊ အချက်အလက်များအား ယခင်က များစွာ တင်ပြခဲ့ဖူးပါတယ် ၊ အသေးစိတ်ရေးရလျှင် လပေါင်းများစွာ အချိန်ယူရဖွယ်ဖြစ်လို့ အကြမ်းဖျင်းသာ တင်ပြပါ့မယ်)

         မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...