ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ လေဆင်နှာမောင်းကြီးဟာ ဧရာမကျွန်းတိုင်ကြီးတွေကို တလုံးစီ အပေါ်သို့ ဆွဲယူသွားပါတယ် ။ ပြန်ကြလာတဲ့ ကျွန်းတိုင်ကြီးတွေ မှန်သမျှ သုံးပိုင်းကျိုးပြီးမှ ကျလာပါတယ် ။
ရသေ့ကြီး ဦးခန္တီရဲ့ ပြိုင်ဖက်လည်း ပါးစပ်ကနေ
"အဌမုံအင်း အဌမုံအင်း ပြေးကြ ပြေးကြ "
....ဆိုပြီး အော်ရင်း တောင်အောက်ကို ဆင်းပြေးကြပါတယ် ။ ဒီလိုနဲ့ ရသေ့ကြီး ဦးခန္တီဟာ မန္တလေးတောင်ပေါ်မှာ သာသနာပြုလုပ်ငန်းတွေကို အနှောက်အယှက် ကင်းစွာ လုပ်ဆောင်နိုင်ပါတော့တယ် ။
ယခုရေးသားခဲ့တဲ့ အဌမုံအင်း ပညာဆိုတာ အင်းပညာထဲမှ အင်မတန် အဆင့်မြင့်လှတဲ့ ပညာလို့ ဆိုကြပါတယ် ။ အချို့အင်းဆရာတွေဆိုရင် တကယ်မရှိတဲ့ ဒဏ္ဍာရီပညာလို့တောင် ပြောကြပါတယ် ။
အင်းပညာရပ် အများစုဟာ သူ့လိုင်းနဲ့သူပဲ အသုံးချလို့ ရပါတယ် ။ အခံပညာဆိုရင် ခုခံတဲ့နေရာမှာပဲ သုံးကြရတယ် တိုက်ခိုက်လို့ မရပါဘူး ၊ အတိုက်ပညာဆိုလည်း အတိုက်ပဲရပါတယ် သူအဆော်ခံရရင် မစွမ်းတော့ဘူး ခံရတာပဲ ။
အဌမုံအင်းကတော့ အတိုက်ရော အခံကော ဘက်စုံသုံးလို့ ရပြီး သုံးသူစွမ်းရင် စွမ်းသလောက် အတိုင်းအဆမရှိ စွမ်းအင်ထုတ်ပြနိုင်လို့ ဒဏ္ဍာရီ ပညာ လို့ ပြောနေကြတာပါ ။
ဦးသာပိုဟာ သူ့ဆရာပြောလိုက်စကားအတိုင်း လိုက်လုပ်ပါတယ် ။ သူ့ကို မှာလိုက်တာက အင်းပညာ နဲ့ ဒီဘဝမှာ ထွက်ရပ်ပေါက်အောင် ကျင့်ကြံလို့ မရတော့ဖူး ၊ ဒီတော့ ဓာတ်လုံးဝိဇ္ဇာအဖြစ် ကြိုးစားချင် ကြိုးစားကြည့်ပါ ဆိုပြီး နည်းအချို့ ပေးလိုက်ပါတယ် ။
ဒါကြောင့် ဦးသာပိုဟာ ရန်ကုန် ဝဂ္ဂီအရပ် မှာ နေထိုင်ရင်း ဖိုထိုးပါတယ် ။ သူအိမ်ထောင်ကျပြီး ဆေးကုတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေပါတယ် ။ သူထိုးနေတဲ့ ဓာတ်လုံးကလဲ အဆင့်မြင့်လာပါပြီ ၊ လုံပေါ်တက်ပျံဝဲတဲ့ အဆင့်ရောက်လာပါပြီ ။
အဲဒီ အချိန်မှာပဲ ဝဂ္ဂီအရပ် မီးလောင်ပါတော့တယ် ။ တရပ်ကွက်လုံး ပြာကျသွားချိန်မှာ ထူးဆန်းစွာ ဦးသာပိုရဲ့ အိမ်တလုံးပဲ ကွက်ကျန်နေပါတယ် ။ ဝဂ္ဂီအရပ်သားတွေ ပုံပြင်သဖွယ် ပြောနေခဲ့ရပါတယ် ။
ဦးသာပိုကယ်ခဲ့တဲ့ ဂျပန်ခေတ်မှာ ဘက်နက်နဲ့ အထိုးခံရပြီး သေမလိုဖြစ်နေတဲ့ လှမိုးဆိုတဲ့ တော်လှန်ရေးသမားတယောက် ရှိခဲ့ပါတယ် ။ သူက ဦးသာပိုနဲ့ မြန်မာ့တိုင်းရင်းဆေးအတွက် ကြီးမားလှတဲ့ အပြောင်းအလဲကြီး တခု ဆက်စပ်ဖော်ဆောင်ပေးနိုင်ခဲ့ပါသေးတယ် ။
ဦးသာပိုဟာ လူတွေကို သူ့ရဲ့ အင်းပညာ ဆေးပညာတွေ နဲ့ ကယ်တင်ရင်း နာမည်ကြီးလာပါတယ် ။ တပည့်တွေလည်း များပြားလာပါတယ် ။ တပည့်တွေက ဆရာရယ် ပညာပြပါအုံးလို့ ဇွတ်ပူဆာကြလို့ အိမ်အပေါ်ထပ်မှာ သူ့ကို ကြိုးနဲ့ ချည်ခိုင်းပြီး တပည့်တွေကို အိမ်အောက်ဆင်းစေပါတယ် ။
တပည့်တွေ အိမ်အောက်ရောက်တော့ ဦသာပိုက လက်ပိုက်ပြီး ပြုံးပြုံးကြီး စောင့်နေလေရဲ့ ။ အံ့သြလွန်းလို့ အိမ်ပေါ်ပြန်တက်ကြည့်တော့ ချည်ထားတဲ့ ကြိုးတွေက ဖြေထားတာ မဟုတ်ပဲ အပုံလိုက်ကျန်နေသတဲ့ ။ လူကို သေးငယ်အောင် ဖန်ဆင်းပြီး ထွက်သွားတဲ့ သဏ္ဍန်ပါပဲ ။
တွံ့တေးမှာ ဦးသာပိုကလည်း နာမည်ကြီး နေတော့ ခေတ်ကာလအရ သူပုန်တွေကလည်း ဆူပူရင်း ဦးသာပိုကို ပညာစမ်းကြပါတယ် ။ သေနတ်ပေါင်းစုံနဲ့ ပစ်ကြတာ ကျည်မထွက်ဖူးတဲ့ ။ တယောက်က စိတ်တိုတိုနဲ့ ခြောက်ချက် ဆက်ပစ်ပြီး နောက်ထပ် ပစ်ဖို့ အားထုတ်နေတုန်း ဦးသာပိုက
"နောက်ထပ်ပစ်ရင် မင်းကို ပြန်မှန်တော့မယ် တော်တော့ ''
အဲလို ပညာစမ်းတဲ့ ပွဲကို လူတွေကြည့်နေတုန်း လူအုပ်ထဲမှာ ဦးသာပိုကို သိထားတဲ့သူ ပါနေပါတယ် ။ အဲဒီလူကတော့ မန္တလေးတောင်ပေါ်မှာ ဦးသာပိုရဲ့ အဌမုံအင်းပညာကို ပထမဆုံး မြင်ခဲ့ရတဲ့ ကောင်လေးဖြစ်ပါတယ် ။ သူက
" ဟာ ဆရာ့ကို သိပြီ မန္တလေးတောင်ပေါ်မှာ ကျွန်းတိုင်တွေ ချိုးပစ်တဲ့ ဆရာမဟုတ်လား ''
"အေးဟုတ်တယ် ''
"ဆရာရယ် ဒါကျနော့်သားပါ သူ့ကို ဆရာ့တပည့်အဖြစ် အပ်ချင်ပါတယ် လက်ခံပေးပါ ''
ကလေးတယောက်ကို ပညာသင်ဖို့ အပ်နေလို့ မိသားစုလို သဘောထားနိုင်ရင် လက်ခံမယ် ဆိုလို့ တခါတည်းအပ်လိုက်ပါတယ် ။ အဲဒီပညာသင် ကလေးကတော့ မောင်စိန်လှိုင်လို့ ခေါ်ပါတယ် ။
(ယခု အကြောင်းတွေကို ပြောပြသူပါ)
မောင်စိန်လှိုင်ဟာ ဆရာ့ဖြစ်သူနဲ့ ဆေးကုသွားတိုင်းလိုက်ပါတယ် ။ အခြားတပည့်တွေထက် မောင်စိန်လှိုင် နဲ့ ဝက်ကြီးဆိုတဲ့ တပည့်နှစ်ယောက်ဟာ လက်စွဲတော်တွေ ဖြစ်လာပါတယ် ။
ဦးသာပိုဟာ အတိုက်အခိုက်တွေကို ကုစားပေးရာမှာ ဦးစွာ ဆန်ဖြူတောင်းပါတယ် ။ နောက် သူမန်းတဲ့အခါ ဆန်ကဝါကျင်ကျင် ဖြစ်သွားပါတယ် ။ အိမ်ရှင်ကို သူလက်ညှိုးထိုးပြတဲ့ နေရာအား ဆန်တွေ ပက်ခိုင်းပါတယ် ။
ဆန်စေ့တွေဟာ လေပွေဝှေ့သလို လည်နေပြီး တနေရာထဲမှာ စုသွားပါတယ် ။ ဒီတော့မှ အဲဒီနေရာကို တူးဆွစေပါတယ် ။ ထူးဆန်းစွာပဲ မြေကြီးထဲမြှပ်ထားတဲ့ အင်း ၊ ဆံချည်ထွေး ၊ အရိုးခေါင်း အစရှိသည်ဖြင့် တခုခု တွေ့ရပါတယ် ။
တူးဖော်ပြီးတာ နဲ့ ဦးသာပိုဟာ အဆိုပါ တူးရတဲ့ ပစ္စည်းကို သူကိုယ်တိုင်ယူလာပြီး စွန့်ပစ်ပါတယ် ။ တန်ပြန်လုပ်ကြမှာ စိုးလို့တဲ့ ။ အမုန်းမီးမပွားအောင် ရည်ရွယ်တာပါ ။
တနေ့တခြား နာမည်ကြီးလာတဲ့ ဥွီးသာပိုဟာ အိန္ဒိယမှ လေယာဥ်ဖြင့် လာပင့်ရသည်အထိ ဆေးလိုက်လာပါတယ် ။
တနေ့ ဦးသာပိုဆီကို သူကယ်တင်ပေးဖူးတဲ့ ကိုလှမိုး ရောက်လာပါတယ် ။ ရိုးရိုးလှမိုးမဟုတ်တော့ ပါဘူး ။ ဗိုလ်မှူးလှမိုးဖြစ်နေပါပြီ ။
ဗိုလ်မှူးလှမိုးဟာ ဦးသာပိုကို အရေးတကြီး ကားနဲ့လာခေါ်ပြီး အကျိုးအကြောင်း ပြောပြပါတယ် ။ ခေါင်းဆောင်ကြီးဦးနေဝင်း ရဲ့ သမီး Dr ဒေါ်လဲ့လဲ့ဝင်း တယောက် သတိမေ့သွားတာ ကြာပြီ ဖြစ်တယ် ။
မြန်မာပြည်မှာ ကုမရလို့ အဂ်လန်သွားကုတာလည်း လက်လွတ်လိုက်လို့ ပြန်လာပြီ ဖြစ်ကြောင်း ယခုထိ တပ်မတော်စစ်ဆေးရုံမှာ တင်ထားရကြောင်း ဦးသာပို အနေနဲ့ လိုက်လံကြည့်ရှု ကုသပေးဖို့ တောင်းဆိုပါတယ် ။
ဦးသာပိုက လိုက်ကြည့်တဲ့အခါ အထူးကု ဆရာဝန်ကြီးတွေက အထင်သေးဟန် နဲ့ ကြည့်နေပြတာကို ဦးသာပို မနှစ်သက်ပါဖူး ။ ဒါကြောင့် ဦးသာပိုက လူနာကို စမ်းကြည့်ပြီး
"လှမိုးရေ လူနာကို ငါက သတိရယုံ ကုရမှာလား လူကောင်းပကတိ ဖြစ်အောင်ကုပေးရမှာလား ''
သူက ဗိုလ်မှူးလှမိုးကို မေးတာ ဖြစ်ပေမယ့် ဘေးနားက အထူးကုဆရာဝန်ကြီးက
"သတိရရင် တော်ပါပြီ ကျန်တာ ကျုပ်တို့ ဆက်ကုပါ့မယ် ''
ဒါနဲ့ ပြန်လာကြပါတယ် ။ ဦးသာပိုကို ဗိုလ်မှူးလှမိုးက ညတိုင်း ဝဂ္ဂီအရပ်ဆီကနေ လာပြီး ခေါ်ပါတယ် ။ ခုနှစ်ရက်မြောက် ကုသပေးပြီးချိန်မှာ လနဲ့ချီပြီး သတိလစ်နေတဲ့ ဦးနေဝင်းသမီး ဒေါ်လဲ့လဲ့ဝင်းတယောက် သတိရလာပါပြီ ။
သူမ သတိရလာပြီး မုန့်ဟင်းခါးဆွမ်းကပ်တဲ့ နေ့မှာပဲ ဦးနေဝင်းက အထူးကုဆရာဝန်ကြီးတွေကို အကျိုးအကြောင်းမေးမြန်းပြီး ဆရာကြီး ဦးသာပိုတို့လို မြန်မာ့ဆေးပညာရှင်တွေ ရှိနေတုန်း တိုင်းရင်းဆေးသိပ္ပံကျောင်းတွေ တည်ထောင် မြေတောင်မြှောက်ပေးဖို့ အမိန့်ပေးပါတော့တယ် ။
ယနေ့ မြင်တွေ့နေရတဲ့ တိုင်းရင်းဆေးသိပ္ပံပညာရပ်များ ကျယ်ပြန့်လာရခြင်းရဲ့ ကျေးဇူးရှင်ဟာ ဦးသာပိုပဲ ဖြစ်ပါတယ် ။
ဦးသာပိုဟာ သူကုသပေးပြီး သတိရလာတဲ့ လူနာကို ကြည့်ပြီး လှမိုး ငါ့တာဝန်ကျေပြီ ပြန်ပို့တော့ လို့ ပြောတာနဲ့ ပြန်ပို့ပါတယ် ။
ဦးနေဝင်းသမီး Dr ဒေါ်လဲ့လဲ့ဝင်းကို သတိရပြီးနောက် ဂျပန်နိုင်ငံမှ အထူးကုဆရာဝန်များနဲ့ ဆက်လက်ကုသခဲ့ရာ ကာလ အနည်းငယ် အတွင်း ဆုံးပါးသွားရပါတယ် ။
အဲဒီအခါကြမှ ဗိုလ်မှူးလှမိုးတယောက် ဦးသာပို မေးစဥ်က လူကောင်းပကတိအတိုင်း့ဖစိအောင် ကုပေးပါလို့ ပြောဖို့ နောက်ကျခဲ့တဲ့ သူ့ကိုယ်သူ အပြစ်တင် မဆုံးဖြစ်နေမိပါတော့တယ် ။
ဦးသာပိုဟာ တဖြေးဖြေး မြင့်တက်လာတဲ့ ပညာရပ်တွေကြောင့် မြေတွင်းက သိုက်တွေအထိ ဝင်ထွက်သွားလာနိုင်ပါပြီ ။ တနေ့ သူ့တပည့် ဝက်ကြီးကို ခေါ်ပြီး သိုက်ကြီးတခုဆီ သွားပါတယ် ။
အင်းချ မန္တန်ရွတ်တာနဲ့ သိုက်ဟာ မြေပေါ်ရောက်လာပါတယ် ။ လောဘမထိမ်းနိုင်သေးတဲ့ တပည့်ကို နေခဲ့စေပြီး ဦးသာပို တယောက်ထဲ ဝင်သွားပါတယ် ။
အဆောင်ဆောင် အခန်းခန်းတွေ နဲ့ စနစ်တကျ ထိမ်းသိမ်းထားတဲ့ ရတနာတွေကို ဦးသာပို လိုက်ကြည့်ပေမယ့် သမာဓိအားကို ကောင်းစွာဆောက်တည်ထားလို့ လောဘအလျှင်း မရှိပါဘူးတဲ့ ။
ပြန်ထွက်လာတော့ သိုက်စောင့် အဖိုးကြီးတယောက်က ဦးသာပိုရဲ့ သီလ သမာဓိ ပညာကို လေးစားလို့ပါ ဒီပစ္စည်းက သိုက်နဲ့ မဆိုင်ပါဘူး သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်ပါတယ် လက်ဆောင်ယူသွားပါလို့ အတင်းပေးနေလို့ ယူခဲ့ပါတယ် ။
အိမ်ရောက်တော့ ပစ္စည်းကို စစ်ဆေးချိန်တွယ်ကြည့်ရာ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ဟသ်ာရုပ်လေး ဖြစ်ပြီး အလေးချိန် ၂၅ ကျပ်သားရှိကြောင်းတွေ့ရပါတယ် ။
တပည့်တွေနဲ့ အရုပ်လေးအကြောင်း ပြောနေစဥ်မှာ လူတယောက်ရောက်လာပြီး ဦးသာပိုကို လိမ္မော်သီးတွေ ပေးပါတယ် ။ ဦးသာပိုက လိမ္မော်သီးကို ချက်ခြင်း ခွာစားမည်ပြုရာ လိမ္မော်သီး အတွင်းမှ ထူးဆန်းစွာ စာလိပ်လေးတခု ထွက်လာပါတယ် ။
တပည့်တွေအားလုံး ထူးဆန်းလို့ စာလိပ်လေးကို ဝိုင်းကြည့်နေချိန်မှာပဲ ဦးသာပိုက စာလိပ်ကို ဖတ်ကြည့်ပြီး မျက်စိမျက်နှာ ပျက်သွားရပါတော့တယ် ။
အင်မတန် အစွမ်းကြီးတဲ့ ဦးသာပိုကို ထိတ်လန့်သွားစေတဲ့ စာလိပ်လေးထဲက စာကတော့.........😁
မျိုးဝင်း
(ကျနော်တို့ အညာမြို့အဝင်က ထနောင်းပင်တန်းတွေကို လွမ်းတယ်ဗျာ)
No comments:
Post a Comment