Wednesday, May 26, 2021

ကုန်းဘောင် ဥပဒေ ပြန်လာစေချင်တယ်




       ကိုကြီးစိုးနဲ့ စကားပြောဖို့ လက်ဖက်ရည်ဆိုင်လိုက်သွားရပြန်ပါပြီ ။ 

"ငမျိုးရေ မီးရှို့မှုတွေ ဗုံးဖောက်မှုတွေ အတွက် တာဝန်ရှိသူတွေ ဘယ်လိုဆောင်ရွက်နေကြသလဲ မသိဖူးကွာ အခုထိ အရှိန်မသေဖူး ''

"အမှန်က ကျနော်တို့ ​​မြင်း​ခြံမြို့ဖြစ်လာတဲ့ ရာဇဝင်မှန်ထဲက ဥပဒေလို ပြဌာန်းပေးရမှာ ဗျ ''

"နေပါအုံး ကွ မြင်းခြံဆိုတာ ဟိုတုန်းက မြင်းတွေအများကြီးမွေးထားတဲ့ ခြံကြီးတွေရှိတဲ့ မြို့ မို့လို့ မြင်းခြံလို့ ခေါ်တာမဟုတ်ဖူးလား ဟ ''

"လုပ်ပြီး ရမ်းတုတ်နေတယ် ကိုယ့်မြို့အကြောင်း မသိဖူးလား ဗျ ''

"အေးဟ မသိဖူးလေ ခပ်ပေါ့ပေါ့ နေခဲ့တာ အသက်ပဲ ၆၀ နားကပ်နေပေါ့ ''

"ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်ကလား ဘကြီးတော်ဘုရားလက်ကလား သေချာ မမှတ်မိတော့ဖူး ဖြစ်ခဲ့တာ ဗျ ''

"အေးလုပ်စမ်းပါအုံး ''

"အရင်တုန်းက စွန်းလွန်းရွာ (ယခု အမှတ် ၁၉ ရပ်ကွက်) နဲ့ မန်ကျည်းပင်စုရွာ (ယခု အမှတ် ၁ ရပ်ကွက်) တွေပဲ ရှိပြီး ကြားထဲမှာ ဘာမှ မရှိတဲ့ ကွင်းပြင်ကြီး ပဲ ရှိခဲ့တာလေ ''

"အင်း အခု တို့မြို့လယ်ဖြစ်နေတဲ့ နေရာပေါ့ ဆက်ပါအုံး ''

"တနေ့ အဲဒီကွင်းထဲမှာ (ပြောင်းပြာချောင်း နဲ့ စွန်းလွန်းချောင်း အကြား) လူသတ်မှု ဖြစ်တယ် တရားခံက ဖော်မရဘူး''

"ဒီတော့''

"ကုန်ဘောင်ခေတ် ဥပဒေအရ လူသတ်ခံရရင် ဆိုင်ရာ သူကြီးက တရားခံ ဖော်ပေးရတယ် တရားခံမိအောင် မဖမ်းနိုင်ရင် သေသူရဲ့ မိသားစုကို သူကြီးက ငွေ ခြောက်ပိဿာ အလျှော်ပေး အမှုပိတ်ရတယ် ''

"ဟိုက် ဒီတော့ ကြားထဲက လူသတ်မှုကို.....''

"တရားခံ မပေါ်တော့ အပိုင်သူကြီး ငွေ ခြောက်ပိဿာလျှော်ရမယ် လေ ဒီတော့ စွန်းလွန်းသူကြီးရော မန်ကျည်းပင်စု သူကြီး ပါ သူ့နယ်မဟုတ်ဖူး ကိုယ့်နယ်မဟုတ်ဖူး အပြိုင်ငြင်းကြတာပေါ့ အူကြောင်ကြောင်နဲ့ ငွေခြောက်ပိဿာ ဘယ်လျှော်ချင်ပါ့မလဲ ''

"အင်း အဲလို ငြင်းကြတော့.''

"ထုံးစံအတိုင်း မြေတိုင်းစာရေး လွှတ်တာပေါ့ အဲဒီမှာ စတာပဲ ''

"ဘာစတာလဲ ကွ ''

"လာဘ်ပေး လာဘ်ယူ စတာပဲ သူကြီး နှစ်ယောက်လုံးက မြေတိုင်းစာရေးကို ငွေ နှစ်ပိဿာစီ ပေးပြီး သူတို့နယ်ထဲ မပါအောင် မြေတိုင်းခိုင်းပါရော ''

"အင်း ဒီတော့ ''

"လာဘ်စားပြီး တိုင်းမှတော့ ပလပ်မြေစာရင်းထဲ ထည့်ပါရောလား ဘုရင်လည်း ကိုယ့်ရှူးကိုယ်ပတ် သူလျှော်ရတော့မယ် ''

"အံမယ် တယ်ပြီး တရားမျှတတဲ့ ကုန်းဘောင်ဥပဒေပဲ ဟ ဘုရင်လည်း လျှော်ရတယ်လား ''

"အင်း လျှော်ရတယ်လေ အဲဒါပြောတာ မင်းမှုထမ်းစောက်ဖိုးမတန်ရင် ဘုရင့်ခေါင်းပေါ် ပြန်ရောက်တာပဲ 😁😁''

"အေး ဟုတ်ပြီ ဘုရင်ကလျှော်ရောလား ''

"ဘုရင်လည်း မလျှော်လိုက်ရဖူး ကြားလူပေါ်လာတယ် ''

"ဘယ်လို ကြားလူလဲ ကွ ''

"ဒီလိုဗျ ဧရာဝတီမြစ်ဘေးက ရေပုလဲဆိုတဲ့ ရွာလေးက မြစ်ရေတိုက်စားလို့ ခဏခဏ ရွှေ့နေရတယ် ''

"အင်း ထုံးစံပဲလေ အဲဒါနဲ့.. ''

" ရေပုလဲသူကြီးက သူ့ကို ဒီပလပ်မြေမှာ ရွာတည်ခွင့်ပေးပါ သူ ခြောက်ပိဿာ လျော်ပါ့မယ် ဆိုတော့ အားလုံးအဆင်ပြေသွားရော ''

"နာမည်က..... ''

"မျဥ်းတားတာ ကျန်သွားလို့ မျဥ်းကျန်ရွာ ဆိုပြီး နာမည်ပေးကြတယ် ကာလကြာလာတော့ မြင်းခြံ ဆိုပြီး ဖြစ်လာတာပဲ ''

"ဟုတ်ကော ဟုတ်ရဲ့လား ကွာ မင်းက လျှောက်ပြောနေတာလည်း ဖြစ်နိုင်တာပဲ ''

"မဆလခေတ်တုန်းက ဖူးစကပ်ဆိုဒ် လျှောက်လွှာစာရွက်ကြီးနဲ့ ထုတ်ဝေထားတဲ့ မြို့သမိုင်း အမှန်ဗျ ''

" ဒါဆို ဘာအထောက်အထား ကျန်သေးလည်း ''

"အခု နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေမှာ ဇတ်ပွဲရုံသွင်းတဲ့ ဇေယျသုခရုံဆိိုတဲ့ သွပ်မိုးသွပ်ကာ ဇတ်ရုံကြီး မှတ်မိလား ဗျ ''

"အမ် မြင်းခြံသားမှန်ရင် သိတာပေါ့ ကွ ''

"အဲဒါ ရေပုလဲသူကြီး နေသွားတဲ့ သူ့အိမ်နေရာပဲ နောက်ပြီး ပုညသဟာရ ဆွမ်းလောင်း အသင်းနဲ့ ဦးချန်ထွန်း ဝပ်ရှော့ကြားက ရေ​မြောင်းကြီး တွေ့သလား ''

"အေး ရှိတယ်လေ ''

"အဲဒါ အဲဒီခေတ်က လှေဆိပ်ကြီးဗျာ ဝါဆို ဝါခေါင် မြစ်ရေကြီးရင် ပုညသဟာရ နေရာက လှေတွေဆိုက်တဲ့ ဆိပ်ကမ်းနေရာပဲ ''

"ဟုတ်ပါပြီ ကွာ မြို့သမိုင်းသိရတာကတော့ ထားပါ မင်းပြောခဲ့တဲ့ မီးရှို့ ဗုံးပေါက်တာတွေ နဲ့ ပတ်သက်ပြီး ကုန်းဘောင်ခေတ် ဥပဒေနဲ့ ဘာဆိုင်လို့လဲ ကွ ''

" ကုန်းဘောင်ခေတ်မှာ တရားခံ မမိရင် ဆိုင်ရာ သူကြီး ငွေခြောက်ပိဿာလျှော် ၊ ပလပ်မြေဆို ဘုရင်လျှော် အဲလိုပဲ အိမ် ၊ စျေး ၊ကျောင်း မီးရှို့ခံရရင် ၊ ဗုံးပေါက်ရင် တရားခံဖော် မဖော်နိုင်ရင် ဆိုင်ရာ ထွေအုပ် ၊ ရဲ ၊ စရဖ လျှော်  ပလပ်​မြေဆို နစက လျှော်ဆိုပြီး ကုန်းဘောင်ခေတ် ဥပဒေများ ပြန်ထုတ်လိုက်ရင်ဖြင့်..ဖြင့်.. ''

"လခွမ်း လုပ်ပြန်ပြီ ကုန်းဘောင်ခေတ် ဘုရင်တွေက သိက္ခာရှိတဲ့ တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိတဲ့ လူကြီးလူကောင်းဘုရင်တွေ ဟ အခုအုပ်ချုပ်နေတာက.  လခွမ်း ပြောလိုက်ရ ငပိကြော် စားရကိန်း မြင်တယ်   ပြန်ကြစို့ ''

          မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...