Thursday, May 27, 2021

ပြုံယမ်း မှ နေပြည်တော်၏ အနာဂါတ်သို့ (၈)




        21-11-2008 မှ 2-1-2009 အထိ
 မြောက်ကိုးရီးယားမှာ နေခဲ့ရတဲ့ ဦးရွှေမန်းတို့ ရဲ့ ၁၇ ဦးပါ အဖွဲ့ဟာ အလွန်အရေးကြီးတဲ့ စာချုပ်တစောင်ကို ချုပ်ဆိုခဲ့ကြပါတယ် ။ 

     အဲဒါကတော့ မြန်မာ့တပ်မတော် နဲ့ မြောက်ကိုရီးယား တပ်မတော် အကြား အပြန်အလှန် စစ်ရေးအကူအညီပေးပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ မဟာမိတ်စာချုပ် ချုပ်ဆိုခြင်းပါပဲ ။ 

    အဲဒီစာချုပ်ဟာ 2009 ဧပြီလထဲမှာ တရားခံမသိရပဲ ကမ္ဘာ့သတင်းဌာနတွေဆီကို ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပေါက်ကြားသွားပြန်ပါတယ် ။ ဒီသတင်းဟာ အမေရိကန် နဲ့ အနောက်အုပ်စုအတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်ပြီး ပွက်လောညံသွားပါတော့တယ် ။ 

    သူတို့က မြန်မာနိုင်ငံသည် 
အချိန်ကာလ တခုရောက်တာနဲ့သူတို့
့ပြုသမျှနုရမယ့် နိုင်ငံလို့ အပိုင်တွက်ထားကြဟန် ပါပဲ ။ အဲဒီလို တွက်ဆကျေနပ်နေတုန်း သူတို့ အလွန်ခေါင်းခဲနေရတဲ့ ပြုံယမ်းမြွေဆိုးကြီးကို မြန်မာက လည်ပင်းပတ်ပြလိုက်တော့ အားလုံး တုန်လှုပ်သွားကြပါတယ် ။

       တကယ်တန်းကျတော့ ဦးသန်းရွှေရဲ့ အစီအမံ အကြံအစည်တွေ နဲ့ 2003 ကတည်းက စတင် တည်ဆောက်နေတဲ့ မဟာဗျူဟာ မြေအောက်လျှို့ဝှက် လှိုဏ်ခေါင်း ကွန်ယက်ကြီး နဲ့ မစ်ဇိုင်းလက်နက်တွေ ရယ် နျူကလီးယားနည်းပညာတွေ လိုအပ်တဲ့ စက်ပစ္စည်းတွေ က အစ ပြည့်စုံအောင် စုဆောင်းသိုလှောင်နေကြတာ 2009 မှာ အနုမြူဓာတ်ပေါင်းဖိုကလွဲရင် အားလုံးပြီးပြည့်စုံသွားပါပြီ ။ 

       အဲဒီအချိန်မှာ ဒီသတင်းပေါက်ကြားသွားခဲ့လို့ ဦးသန်းရွှေ လုပ်ကွက်တခု ပေါက်ကြားသွားပေမယ့် မြန်မာအတွက် ထူးခြားတဲ့ နစ်နာမှု မရှိလောက်တော့ပါဘူး ။ ဒါပေမယ့် သတင်းပေါက်ကြားမှု အတွက် အရေးယူမှုတွေ ပြုလုပ်ခဲ့ရပါပြီ ။ 

    ဒါမှသာ အနာဂါတ်အတွက် သတင်းလုံခြုံမှု ရှိစေမှာပါ ။ 

- စစ်ရုံးရှိ အရာရှိ ၆ ဥိး နေရာရွှေ့ ရပါတယ် ။ ၁ ဦးက ဗိုလ်မှူးကြီး ဝင်းသိန်း ပါ ။ သူက သူရရွှေမန်းရဲ့  စစ်ဦးစီးပထမတန်း G1 ဖြစ်ပါတယ် ။ သူ့ကို ယင်းသတင်းပေါက်ကြားမှု အတွက် တာဝန်ရှိတယ်လို့ သုံးသပ်ပြီး ရမခ သို့ ဒု တိုင်းမှူး အဖြစ် ပြောင်းရွှေ့လိုက်တာပါ ။ ဒါမျိုးကို ရာထူးတိုးပေးတယ်လို့ သတ်မှတ်ဖို့ခက်ခဲကြောင်း စစ်ရေးသုတေသီ ဦးဝင်းမင်းက သုံးသပ်ပါတယ် ။ 

    ကျန်တဲ့ ဒု ဗိုလ်မှူးကြီး တွေကိုတော့ ရှမ်းပြည် ၁ ဦးနဲ့ ရခိုင်ဒေသကွပ်ကဲမှု အဖွဲ့သို့ ရွှေ့ပြောင်းစေခဲ့ပါတယ် ။

     စစ်ရုံးအဖွဲ့ မရွှေ့မှီ တလခန့်က ဒုတိယ ဗိုလ်မှူးကြီး ၃၀ ခန့်ကို ရာထူး နေရာ များ ပြောင်းရွှေ့ထားတာကတော့ သာမန် လုပ်ရိုးလုပ်စဉ်ပါလို့  ဗကဗ ကေဒါဟောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ် ။ 

        ဆက်လက်ပြီး အရေးယူကြရာမှာ ကာကွယ်ရေးဝန်ကြီး ဌာန နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန တို့က ဝန်ထမ်းတဒါဇင်လောက်ကို တရားစွဲဆို အရေးယူခဲ့ကြပါတယ် ။ 

      နိုင်ငံခြားရေးဝန်ကြီးဌာန မှ ဗိုလ်မှူးဝင်းနိုင်ကျော် နှင့် ရုံးအဖွဲ့ အရာရှိတဦးအား သေဒဏ် နဲ့ နောက်တဦးကို ထောင်ဒဏ်တသက်ချမှတ်ခဲ့ပါတယ် ။ 

      နအဖ ကောင်စီရုံး (SPDC ) မှ ညွှန်ချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းအား ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ဖော်ပြထားပါတယ် ။ 

    ဦးသန်းရွှေသက်တမ်းမှာ 2005 တုန်းက ခရစ်စတီးကျွန်း ပြဿနာ အတွက် အောင်လင်းထွဋ် သစ္စာဖောက်လို့ ဝေဖန်ပြစ်တင်ခံရဖူးပါတယ် ။

    ယခု 2009 မှာ ဦးရွှေမန်း နဲ့ မြောက်ကိုးရီးယား ပြဿနာဟာ သစ္စာဖောက်တွေကြောင့်ပဲ  ပေါ်ပေါက်လာရပြီး ဝေဖန်ခံရပြန်ပါတယ် ။ 

    နောက်ဆုံး သစ္စာဖောက် စိုင်းသိန်းဝင်းရဲ့ စာရွက်စာတမ်းတွေ ဓာတ်ပုံတွေ နဲ့ ဝေဝေဆာဆာ ဖွင့်ချပြီး ထုတ်ဖော်ခဲ့တဲ့ ပြဿနာအတွက်လည်း ဝေဖန်ကြပြန်ပါတယ် ။ 

     ဦးသန်းရွှေဟာ ဒါတွေကို ဘာကြောင့် အတင်းလုပ်နေရသလဲဆိုရင် အမေရိကန်တို့ရဲ့ လက်နက်အားကိုး နဲ့ ဗိုလ်ကျမှုကြောင့် ကျဆုံးသွားရတဲ့ အာဏာရှင် ဆဒမ် နဲ့ ကဒါဖီ တို့ကို နမူနာယူပြီး သင်ခန်းစာရနေလို့ပါပဲ ။ သူလည်းအာဏာရှင်ကိုး ။ 

   သုကောက်ချက်ချတာက ဆဒမ်သည် မလုံခြုံသော မြေအောက်ဗုံးခိုကျင်းထဲ၌ တဦးတည်း ပုန်းအောင်းပြီး အဖမ်းခံရ၏ ။ ကဒါဖီသည်လည်း တဦးတည်း ပုန်းအောင်းစဉ်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ၏ ။ 

     အဲဒါကြောင့် မြေအောက်လှိုဏ်ဂူတွေများစွာ စနစ်တကျ လုံခြုံလျို့ဝှက်စွာ တည်ဆောက်ထားတယ် ။ နောက်ပြီး အမိန့်ပေးအဖွဲ့ကို စုစုစည်းစည်း နဲ့ စီမံကွပ်ကဲနိုင်အောင် လူ ၁၀၀၀ လောက် ချောင်ချောင်ချိချိ ခိုအောင်းနေထိုင်ဖို့ စားနပ်ရိက္ခာ အပြည့်အစုံနဲ့ လှိုဏ်ဂူတွေကို တနိုင်ငံလုံး သိုဝှက်ထားပြီး ကွန်ယက်တခုလုံး ချိတ်ဆက် ဖောက်လုပ်ထားတယ် ။ 

     လှိုဏ်ဂူတွေထဲမှာ လျို့ဝှက်လက်နက်စက်ရုံတွေ ၊ မစ်ဇိုင်းဒုံးတွေ ၊ ကွပ်ကဲမှုဌာနတွေ ဖြန့်ကျက်ထားရှိမယ်ဆိုပြီး ငွေပေါင်းများစွာ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ် ။ 

     ဒီလိုနဲ့ ဦးသန်းရွှေဟာ တိုင်းပြည်အတွက် စီးပွါးရေး လုပ်ငန်းများနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဖိအားများအတွက် တရုတ်ကို ကျောထောက်နောက်ခံပြုထားပြီး စစ်ဘက်ဆိုင်ရာ အဆင့်မြင့်လက်နက်များ နဲ့ ကာကွယ်ရေးအတွက်တော့ ပြုံယမ်းကို ကျောထောက်နောက်ခံ ပြုထားနိုင်ခဲ့ပါတယ် ။ 

    အစစ အရာရာ တရုတ်ကို အားကိုးနေရတဲ့ အနေအထားကနေ ရှောင်လွဲနိုင်စပြုလာပါပြီ ။ အဲဒီလိုဖြစ်အောင် စစ်ဘက်ဆိုင်ရာ အင်အားစုများအတွက် တောင့်တင်းခိုင်မာဖို့ အားထုတ်ခဲ့ခြင်း ဖြစ်ပါတယ် ။

      ဒါဟာ မှန်ကန်ကြောင်း အောင်လင်းထွဋ်က ပြောပြပါတယ် ။   

  "ငါတို့က တရုတ်ကို ချစ်လွန်းလို့များထင်နေသလား ၊ မြောက်ကိုရီးယားနဲ့ပေါင်းလို့ ငါတို့မှာ အင်အားရှိလာရင် တရုတ်ကိုလည်း ဂရုစိုက်စရာ မလိုတော့ဘူးပေါ့ကွာ"

    လို့ ဦးသန်းရွှေက ပြောခဲ့ဖူးပါသတဲ့ ။ 

      ဦးရွှေမန်းတို့ အဖွဲ့ဟာ ကြည်းတပ်သုံး ဒုံးလက်နက်များ ၊ လေကြောင်းရန်ကာကွယ်ရေး မစ်ဇိုင်းဒုံးများ ၊ ရေဒါများကိုလေ့လာရန်သာမကပါဘူး လေတပ် နဲ့ ရေတပ်ကိုလည်း အဆင့်မြှင့်ပေးဖို့ လေ့လာခဲ့ရပါသေးတယ် ။ 

      ရေတပ်ဆိုလျှင် 23-7-2003 ကတည်းက ပြုံယမ်းကကူညီခဲ့ပါတယ် ။ သံလျှင်ရေတပ်ဧည့်ရိပ်သာမှာ တည်းနေတဲ့ မြောက်ကိုရီးယား ၁၈ ဦးခန့်ဟာ ၁၉၉၀ က တရုတ်ထံမှ ဝယ်ယူခဲ့တဲ့ ပဲ့ထိမ်းဒုံးတပ် ကင်းလှည့်ရေယာဉ် ၆ စီးကို  အဆင့်မြှင့်ပေးခဲ့ကြောင်း Far Eastern Economic Weely သတင်းမှာ ဖော်ပြဖူးပါတယ် ။ 

     ဦးရွှေမန်း မြောက်ကိုရီးယား ခရီး မသွားမှီ 2008 အောက်တိုဘာလထဲ မှာ မြောက်ကိုရီးယား ကုန်သင်္ဘော Kang Nam 1 ဟာ ရန်ကုန်ကို ရောက်လာပါတယ် ။ ညဖက်မှာ အနက်ရောင်အဝတ်စတွေ အုပ်ထားတဲ့ နျူထိပ်ဖူးတပ် Scud ဒုံးတွေ နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကားတွေနဲ့ တင်သွားပြီး နေ့လည်မှာ အရပ်သားကားတွေနဲ့တင်လာတဲ့ ဆန်တွေကို သင်္ဘောပေါ် တင်ကြပါတယ် ။

    ဒါကိုဘယ်လိုသိကြသလဲ ဆိုတော့ သင်္ဘောစပြီး နိုင်ငံတကာရေပိုင်နက်ရောက်ကတည်းက အမေရိကန် ကင်းထောက်သင်္ဘောက နောက်ကတောက်လျောက်လိုက်စုံစမ်းနေပါတယ် ။ မြန်မာ့ရေပိုင်နက်ထဲ ဝင်သွားတော့ တောင်ကိုရီးယား ဂြိုလ်တု ကို စောင့်ကြည့်စေလို့ ခုလို သိသွားကြတာပါ ။ 

   သေချာတာက အမေရိကန်ဟာ မြောက်ကိုရီးယား နဲ့ မြန်မာကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်နေပြီ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ် ။

     အဲဒီအချိန်မှာ အမေရိကန်၌ အိုဘားမား တက်လာပါပြီ ။ အမေရိကန်အစိုးရဟာ မြန်မာပြည်အရေးကို ပြန်လည်သုံးသပ်ကြရာမှာ စီးပွါးရေးပိတ်ဆို့လာတာ နှစ်ပေါင်း၂၀ နီးပါးရှိလာသည့်တိုင် မြန်မာစစ်အစိုးရဟာ အင်အားပျော့မသွားပဲ ပိုမိုတောင့်တင်းလာနေတာ တွေ့ရလို့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပေါ်လစီပြောင်းဖို့ ဆုံးဖြတ်ကြပါတယ် ။  

      အဲဒီအချိန် 2009 မှာ ဦးသန်းရွှေ အနေနဲ့ နိုင်ငံရေးကဏ္ဍ မှာ ခွါစစ်ဆင်ဖို့ အတွက် 2008 ခြေ / ဥ ကိုလည်း အတည်ပြုပြီးပြီ ။ နောက်ချန် 25 % အင်အားနဲ့ လွှတ်တော်ကို မိမိတို့အား ရန်မပြုနိုင်အောင် ထိမ်းချုပ်ထားနိုင်ဖို့ စီမံပြီးပါပြီ ။ 

    နောက်စစ်ရေး ကဏ္ဍမှာ မိမိနိုင်ငံအတွက် ကာကွယ်ရေးမဟာဗျူဟာမြောက် ခံစစ်အခင်းအကျင်းတွေကို ပြည်စုံအောင် တည်ဆောက်ပြီးသွားပြီ ဖြစ်တယ် ။ ဒါကြောင့် အမေရိကန်ရဲ့ အပြုသဘော ချည်းကပ်လာမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ဖို့ ဘရွှေ စဉ်းစားအကွက်ချရပြန်ပါပြီ  ။ 

       နိုင်ငံတကာမှာ လူ့အခွင့်အရေးနဲ့ ပါတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ နအဖ အစိုးရ ကိုယ်စား စစ်တပိုင်းအစိုးရ အသစ်ဖွဲ့ရမယ် ။ နိုင်ငံတကာနဲ့ အစိုးရသစ်တို့ တန်းတူညီတူ ဆွေးနွေးနိုင်မယ့် အစိုးရဖြစ်ဖို့ လိုပြီလို့ သတ်မှတ်ပါတယ် ။  

    ဦးသန်းရွှေဟာ 2008 ခြေ / ဥ အရ အာဏာကို ညင်သာစွာ လွှဲပြောင်းမပေးမှီ အမေရိကန်နဲ့ ထိပ်တိုက် မတွေ့ဖို့စီစဉ်ပါတယ်။

    နောက်တခါ သူအနားယူပြီး ကာလမှာ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် နျူလက်နက်တွေ ပိုင်ဆိုင်ထားကြောင်း တစွန်းတစ သိအောင် သက်သေပြထားနိုင်မှ လူလေးစားတဲ့ နိုင်ငံဖြစ်မယ်လို့ လဲ တွက်ချက်ပြီး 2008 ခြေ / ဥ အား အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ 

     ဒီနေရာမှာ မြန်မာပြည်ရဲ့ အနာဂါတ်ခေါင်းဆောင်းတွေအဖြစ် အာဏာခွဲဝေရာမှာ အံ့သြစရာတွေ တွေ့လာရပြန်ပါတယ် 

- နံပါတ် ၃ ဦးရွှေမန်း တပ်ချုပ်မဖြစ် သမ္မတ မဖြစ်တာ ဘာကြောင့်လည်း

- ဦးသိန်းစိန် သမ္မတ ဘာကြောင့်ဖြစ်သလဲ

- ဂျူနီယာ တတိယမျိုးဆက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှေ့က စီနီယာတွေကို ကျော်ပြီး ဘယ်လို တပ်ချုပ်ကြီး ဖြစ်လာသလဲ ဆိုရင် ,,,,,,,,,,,,,,,,,,,?

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...