ကိုရွှေတို့ လင်မယားမြင်လိုက်ရတဲ့ လူမဲမဲကြီးက ဝင်းဝင်းတောက်နေတဲ့ မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေပြီး ပိုပြီးကြောက်စရာကောင်းတာက ကြီးမားလှတဲ့ ပါးစပ်နဲ့ ထူထဲလှတဲ့ နှုတ်ခမ်းနှစ်ခုကြားက ပြူးပြဲနေတဲ့ အစွယ် နှစ်ချောင်းကို တွေ့လိုက်ရလို့ပါပဲ ။
မိန်းမဖြစ်သူကတော့ တဆတ်ဆတ်တုန်နေပြီး ကိုရွှေ့ရဲ့ ခါးက ပုဆိုးစကို ကျစ်ကျစ်ပါအောင် ဆွဲဆုပ်ကိုင်ထားလေရဲ့ ။ အတွေ့အကြုံရှိတဲ့ ကိုရွှေကတော့ တခုကို စဥ်းစားပြီး သူ့မိန်းမကို အားပေးစကားပြောမလို ရှိသေးတယ် အသားမဲမဲ ပါးစပ်ပြဲပြဲ မျက်လုံးပြူးပြူး နှုတ်ခမ်းထော်ထော် နဲ့ အစွယ်ထွက်နေသူက ကိုရွှေ့ကို ဘာလဲဆိုတဲ့ သဘောနဲ့ မေးငေါ့ မေးလိုက်ပါတယ် ။
နဂိုကမှ ကြောက်နေတဲ့ ကိုရွှေ့မိန်းမ မပြောနဲ့ အားပေးစကားပြောမယ့် ကိုရွှေလည်း သူ့ကို မေးငေါ့ပြတာ မြင်ရော ဗြုန်းဆို ထခုန်ပြီး ခုတင်ပေါ်က ဆင်းပြေးတာပဲ ။
သူ့နောက်က ပုဆိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ကိုရွှေ့မိန်းမကတော့ အကြောက်လွန်ပြီး ကျန်ခဲ့လေရဲ့ ။ သူမ လက်ထဲမှာတော့ ကိုရွှေ့ပုဆိုးကြီး ကျန်နေလေရဲ့ ။
ကိုရွှေလည်း ကုတင်ပေါ်ကနေ ဖင်ပြောင်ကြီးနဲ့ ဆင်းပြေးရော ကြည့်နေတဲ့ မဲမဲသဲသဲကောင်ကြီးလည်း ကိုရွှေ့ဆီက ဘာမြင်ပြီး ပြန်လန့်သွားတယ် မသိဖူး ။ ပြူတင်းပေါက်ကနေ ခုန်ဆင်းပျောက်ကွယ်သွားလေ ရဲ့ 😁😁။
လင်မယားနှစ်ယောက် သံဗုဒ္ဒေ အပြိုင်ရွတ်လိုက်တာ မိုးစင်စင်လင်းပါရောလား ။
ကိုရွှေက သူမသက်ာတာ တွေးမိထားလေရဲ့ ။ ဒါပေမယ့် ဘာမှ မပြောသေးဖူး စောင့်ကြည့်နေတာပေါ့ ။ ကိုရွှေတွက်ထားသလိုပဲ ကြုံရပြန်ပါတယ် ။
သူ့မိန်းမရဲ့ ဒေါ်လေးတယောက် အိမ်လည်လာရင်း ညဖက်ကြီး ရေထသောက်တော့ ဒါးထမ်းပြီး လျှောက်သွားနေတဲ့ မဲမဲကြီးတွေ့တယ် ဆိုပြီး ကြောက်လန့် ပြန်သွားလေရဲ့ ။
ကိုရွှေ တရားခံကို သိပေပြီ ။ တရားခံက ဆရာပေါင်းစုံဆီက ယူလာတဲ့ ဆေးရုပ်တွေကြောင့်ပါပဲ ။ အစီအရင်တွေနဲ့ စီမံထားတဲ့ ဆေးရုပ်တွေထဲက စောင့်ရှောက်ဖို့ တာဝန်ကျတဲ့ အရုပ်က စောင့်နေတာလို့ သဘောပေါက်သွားပါတယ် ။
ကိုရွှေလည်း အရုပ်တွေ မထားရဲတော့ပါဖူး ။ မကောင်းကျောင်းပို့ ဆိုသလို ဘုန်းကြီးကျောင်းကို ပို့ထားပါရောလား ။ သူ့လက်ထဲမှာတော့ မျိုးဆက် ၃ / ၄ ဆက် ခဲရာခဲဆစ် စီရင်ထားရတာဆိုတဲ့ ရှားပါးတဲ့ အရုပ်အနည်းငယ်ပဲ ချန်ထားပါတယ် ။ ကျနော်ကို ပြတာ အဲဒီအရုပ်တွေပါပဲ ။
ကျနော်လည်း ကိုရွှေဆီက ဆေးရုပ်တွေရဲ့ ရာဇဝင်သိရတော့ထပ်မေးမိပါတယ် ။
"အကိုကလည်း မလိုချင်ရင် လွှင့်ပစ်ရတာပဲ ဗျာ လွယ်လွယ်လေးကို ခက်အောင်လုပ်နေသေးတယ် ''
"ဟကောင် လွှင့်ပစ်လို့ မရဖူးကွ စိတ်ဓာတ်ညံ့တဲ့ အောက်လမ်းဆရာတွေဆီ ရောက်သွားရင် ဒုက္ခရောက်ကုန်မှာ ကွ ''
"ဒါဆိုလည်း ဆေးမှုံ့နဲ့ လုပ်ထားတာပဲ အမှုံလုပ်ပြစ်ပေါ့ ဗျာ ''
"အေး နီးစပ်လာပြီ အဲလို အမှုံ့လုပ်ထားရုံနဲ့လည်း စိတ်မချရသေးဖူး ကွ တဆင့်ထပ်လုပ်ရမှာ ''
"ဘယ်လို လုပ်ရတာလည်း မီးရှို့ရမှာလား ''
"ရမ်းတုတ်ပြန်ပြီ ဒီလိုကွ အဲဒီဆေးမှုံ့တွေကို ရေစီးသန်တဲ့ မြစ် ချောင်းထဲမှာ တရက်ကို နဲနဲစီ သွားမျှောရတာကွ တခါတည်း မျှောမိရင် သူ့တို့ဘာသာ ပြန်စုစည်းနိုင်တဲ့ ပါဝါရနေရင် ဒုက္ခများနိုင်လို့ပဲ ''
"အေးဗျာ ယုံရခက်တဲ့ ရှေးပညာတွေပဲ ဗျ အကိုသင်ခဲ့တာ ဒါပဲလား ဗျ ''
"ရှိသေးတာပေါ့ ကွာ ပေါက်တီးပေါက်ရှာ ပညာတွေကို ပြောတာနော် ဗေဒင် နက္ခတ် ဆေး အဂ္ဂိရပ် မဟုတ်တဲ့ ပညာကို ပြောတာ ''
"ဘာပညာ ကျန်သေးလဲ ''
"မင်းရေးဖူးတဲ့ ခွက်ပေါက်ပညာလေ ကွာ ''
"သြော် ကိုသန်းဝင်းတို့ ဂျင်ထိုးဖို့ ဇွဲကြိုးချ သေတဲ့ ကြိုးနဲ့ လုပ်သလိုလား အကိုရ ''
"အေးကွ မတူဘူး ငါပြောပြအုံးမယ် ဒီလိုကွ ''
နယ်တနယ်ကို ကိုရွှေရောက်သွားတော့ သူတည်းတဲ့ အိမ်က ဂျင်ဒိုင်ခံတဲ့ အိမ် ဖြစ်နေပါတယ် ။ ဂျင်သမားတွေ ဝင်လိုက် ထွက်လိုက် ရှုံးလိုက် နိုင်လိုက် နဲ့ မြင်တွေ့နေရတဲ့ ကြားထဲက ထူးဆတ်တဲ့ လူတယောက်ကို ကိုရွှေ သတိထားမိပါတယ် ။
အဲဒီလူက ဂျင်လာထိုးရင် ခဏပဲ ထိုးတယ် ၊ တခါ နှစ်ခါ ထိုးပြီး ပြန်တာပဲ ။ ငွေအများကြီး ထိုးတာလည်း မဟုတ်ဖူး ဒီတော့ သူ့ကို ဘယ်သူမှ သတိမထားမိကြဖူး ။ ကိုရွှေကသာ အပြင်ကနေ ကြည့်နေလို့ သတိထားမိတာ ။
အဲဒီလူ လာပြီဆိုရင် ခဏနားပြီး ဂျင်ထိုးတယ် အလျှော်ယူပြီး တန်းပြန်တယ် ။ ကိုရွှေကြည့်နေတဲ့ ၅ ရက်အတွင်း ဒီလူထိုးသမျှ တခါမှ မမှားဖူး ။ အမြဲတမ်းအလျှော်ရနေတယ် ။ ငွေပမာဏ နည်းလို့သာ မသိကြတာ ။
ကိုရွှေက အရမ်းစိတ်ဝင်စားပြီး အဲဒီလူနောက်ကို လိုက်ကြည့်တယ် ။ နေတဲ့နေရာ သိတော့ နောက်တရက်မှာ မိတ်ဆွေဖွဲ့ပြီး စကားစမြီပြောတယ် ။ တဖြေးဖြေး ရင်းနှီးလာတော့မှ ကိုရွှေက ဂျင်ထိုးတိုင်းမှန်တဲ့ အကြောင်းပြောပြီး ဘာပညာလည်း မေးတယ် ။
အဲဒီလူက ပြုံးစိစိနဲ့ ကြည့်ပြီး ခင်ဗျား အတွက်မကောင်းပါဘူး ဗျာ မသိချင်ပါနဲ့ လို့ ပြောပါတယ် ။ သူတားလေ ကိုရွှေရဲ့ သိချင်စိတ်က ပိုဆိုးလာလေဖြစ်နေတယ် ။
ကိုရွှေက အားမလျှေယ်ဖူး နေ့တိုင်းသွားတယ် ၊ အဲဒီဆရာ ကျေနပ်အောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး လိုလေသေးမရှိ ပြုစုနေတော့ အားနာလာပုံရတဲ့ ဆရာက သူ့ကို လှို့ဝှက်ချက် ပြောပါတယ် ။
ဆေးမြစ်လေးတခု ပြပါတယ် ။ အဲဒါလေးကို မျက်စိမှာ ကွင်းပြီး သွေးလိမ်းရမယ်တဲ့ ၊ နောက်ဖြေဆေးပြန်လိမ်းရမယ်တဲ့ ။ မျက်စိမထိခိုက်အောင်တဲ့ ။
အဲလိုဆိုရင် ဂျင် အုပ်ဆောင်းကို ဖောက်ပြီး မြင်ရတယ်လို့ ပြောပါတယ် ။ ပြဿနာက ငွေပမာဏကို လောဘရှိသလောက် ထိုးယူလို့ မရဖူးတဲ့ စားရရုံ ပမာဏ ရတာနဲ့ ဆက်မကစားရဖူးတဲ့ ။ သေရေးရှင်ရေး ကျန်းမာရေး ကြုံရင်တော့ အနည်ငယ် ပိုထိုးလို့ ရသတဲ့ ။
အဲလို ချုပ်ထားတဲ့ အတွက် ဘယ်တော့မှ မချမ်းသာဖူးတဲ့ ။ လုပ်ရတာလည်း စွန့်စားမှုတွေ ပါလို့ မတန်ဖူး မလုပ်ပါနဲ့လို့ တားမြစ်ပါတယ် ။
ကိုရွှေကလည်း ငွေကြေးထက် ပညာပိုမက်တဲ့ကိုရွှေအတွက် ချမ်းသာရေးထက် ပညာတတ်ချင်လို့ သင်သာ သင်ပေးပါလို့ တောင်းဆိုပါတော့တယ် ။
ဒါနဲ့ ဘယ်လိုမှ တားမရလို့ ကိုရွှေ့ကို နည်းပညာပေးပါတော့တယ် ။ သည်းထိတ်ရင်ဖို ကိစ္စက ထိပ်ဆုံးက ပါလာတယ် ။ ဘာလဲဆိုတော့ လတ်လတ်ဆတ်ဆတ် အစိမ်းသေရဲ့ ဦးခေါင်းကို ရအောင်ယူရမယ် ။ ဦးခေါင်းခွံထဲကို ပဲပင်တွေရှင်အောင်စိုက်ရမယ် ။
ဦးဆုံးသီးလာတဲ့ ပဲပင်တွေထဲက ပဲသီးကို ရအောင်ယူရမယ် ။ ခွက်ပေါက်မြင်ရဖို့ ဦးခွံရဲ့ ညာဖက်မျက်လုံးက ထွက်လာတဲ့ ပဲပင်ရဲ့ ပဲသီးစေ့ ၊ ဖြေဆေးအတွက် ဘယ်ဖက်မျက်လုံးထဲက ထွက်လာတဲ့ ပဲသီးစေ့ ရအောင်ယူရမယ် ။
ပြီးရင် အမှုံ့လုပ်ကာ ဆေးတောင့်အဖြစ် သုံးရမယ်တဲ့ ။ နည်းလည်းသိကော ကိုရွှေတယောက် လက်တွေလုပ်ဖို့ အားထုတ်ပေပြီ ။
အဓိက လိုနေတာက အစိမ်းသေရဲ့ လတ်လတ်ဆတ်ဆတ် ဦးခေါင်းလိုနေပြီ ။ ဝယ်လို့မရ တော့ ပြဿနာ ဖြစ်တာပေါ့ ။ ဒါပေမယ့် ပညာပါရမီအထုံပါလာတဲ့ ကိုရွှေအတွက်တော့ မဂ်လာသတင်းလို့ ဆိုရမယ့် အကုသိုလ်သတင်းကြားရပါပြီ ။
သူတည်းအိမ်ရှိရာ ရွာနဲ့ ၆ မိုင်အကွာလောက်က ရွာမှာ ဒါးထိုးခံရလို့ သေသွားတဲ့ အစိမ်းသေ သတင်းကြားရပေပြီ ။ ကံဆိုးလို့ ဒါးထိုးခံပြီး သေရတဲ့ မသာ ကိုရွှေနဲ့ တွေ့တော့ ပိုပြီး ကံဆိုးရရှာလေပြီ ။
ကိုရွှေလည်း သူတည်းတဲ့ ရွာထဲက သူ့မိတ်ဆွေဂျင်ဒိုင်ရဲ့ တပည့် လူမိုက်တွေနဲ့ အစိမ်းသေ အသုဘကို နေ့တိုင်းသွားကြတယ် ။ ခေါင်းဖြတ်ခိုးမလို့တဲ့ ပေါက်တီးပေါက်ရှာ နော် ။
ဒါပေမယ့် ရွာက အသုဘတွေက လူပြတ်တယ်မှ မရှိတာလေ ။ တညလုံး ဖဲရိုက် အရက်သောက်နေသူတွေ ပြည့်နေတော့ ကိုရွှေ ခေါင်းဖြတ်ခိုးဖို့ မဖြစ်နိုင်တော့ဖူး ။
ပါလာတဲ့ အဖော်လူမိုက်တွေက အသုဘမြေချပြီးမှ သချ်ို်င်းမှာ တူးပြီး ယူကြရအောင်လို့ အကြံပေးလေရဲ့ ။ ကိုရွှေလည်း သူတို့ပေးတဲ့ အတိုင်း သချိ်ုင်းမှာ တူးယူဖို့ သဘောတူလိုက်ပါတယ် ။
အဲလိုနဲ့ အလောင်းမြေချပြီးတဲ့နေ့မှာပဲ လမိုက်ညကြီး ကိုရွှေတို့ အဖွဲ့တွေ သချိ်ုင်းထဲ ရောက်လာပါပြီ ။ အရက်မသောက်တတ်တဲ့ ကိုရွှေကလွဲရင် ကျန်တဲ့ လူမိုက်တွေက မူးနေကြပေပြီ ။
ကျင်းပြန်ဖော်တော့ တက်ညီလက်ညီပါပဲ ။ အခေါင်းပေါ်လာတော့ လန့်တဲ့သူ လန့်စပြုလာပေပြီ ။ အလောင်းကြီးကို ထုတ်ပြီး ခေါင်းဖြတ်ကွာ ဆိုတော့ လူမိုက်တွေ တယောက်မှ မဖြတ်ရဲကြတော့ဖူး ။
ကဲ မင်းတို့ မဖြတ်ရဲရင် ငါဖြတ်မယ်ဆိုပြီး ကိုရွှေက ပါလာတဲ့ ဒါးနဲ့ ဖြတ်ပါတယ် ။ နေရာကျပ်နေတဲ့ ကျင်းထဲမှာ လည်ပင်းက တော်တော်နဲ့ လှီးဖြတ်နေတာ မရလို့ ပေါက်ပြားပေးဆိုတော့ လူမိုက်တွေက ပေါက်ပြားလှမ်းပေးပြီး ဆရာ ကျနော်တို့ အဝက စောင့်နေမယ် အရက်သောက်ချင်လို့ ဆိုပြီး ပြောပြောထွက်ထွက် သွားကြလေရဲ့ ။
မှောင်မိုက်နေတဲ့ ခြောက်ခြားဖွယ် သချိ်ုင်းအတွင်းမှာ ညဥ့်ငှက်သံ တဂစ်ဂစ် နဲ့ အဝေးက ဆွဲဆွဲငင်ငင် အူနေတဲ့ ခွေးအူသံတွေက အရက်သမားတွေကို ခြောက်လှန့်နေပေမယ့် ပညာလောဘ ငယ်ထိပ်ရောက်နေတဲ့ ကိုရွှေကတော့ ကံဆိုးလို့ ဒါးထိုးခံရတဲ့ အစိမ်းသေကို ဇွတ်အဓ္ဓမ လည်ပင်းထပ်ဖြတ်နေလေရဲ့ ။
အလောင်းကို ပေါက်ပြားနဲ့ လည်ပင်းခုတ်ဖြတ်ရင်း ပြတ်ပါလာပါတယ် ။ ကိုရွှေ့ရဲ့ တကိုယ်လုံးမှာလည်း ချွေးတွေနဲ့ ကပ်နေတဲ့ ဖုန်သဲတွေကြောင့် ဖရိုဖရဲ ပေါ့လေ ။
ကျင်းနဲ့ မလှမ်းမကမ်းက စောင့်နေကြတဲ့ အရက်သမား လူမိုက်တွေကတော့ သရဲကြောက်နေကြဟန် နဲ့ အကဲခပ်ကြည့်နေတုန်းမှာ ကျင်းထဲကနေ ဆံပင်တွေ ဖိုရိုးဖားယား နဲ့ သဲဖုန်အလူးလူး ဖြစ်နေတဲ့ ကိုရွှေတယောက် ခေါင်းပြတ်ကြီးကိုင်ပြီး တက်လာတာလည်း မြင်ရော ကြောက်လန့်တကြား လက်ညှိုးထိုးအော်ဟစ် ပြေးသွားကြပါရော ။
သူတို့လည်း ထွက်ပြေးရော ကိုရွှေလည်း သူ့နောက်ကျောမှာ ကြောက်စရာတခုခု ကပ်ပါလာလို့ လူမိုက်တွေ လန့်ဖြန်ပြေးကြတာပဲ လို့ တွေးမိပြီး အလန့်တကြား နောက်လှည့်ကြည့်မိတော့.........
မျိုးဝင်း
No comments:
Post a Comment