Wednesday, May 26, 2021

ပညာရှာ တကယ်သူတောင်းစား ၅




       သူယောင်ဟူသည်ကား ဝိဇ္ဇာထိုလိုင်မှာ ဟိုမရောက် ဒီမရောက် ဖြစ်နေသော နမ်သက်သက်ကို ဆိုလိုပါတယ် ။ 

     သူယောင်တွေဟာ ရုပ်နမ် နှစ်ပါးပြည့်စုံစဥ်ကာလတုန်းက ဝိဇ္ဇာလိုင်းဘက် ကူးပြောင်းရန် မိမိသန်ရာသန်ရာ နည်းလမ်းများနဲ့ အားထုတ်ကြပါတယ် ။ စမဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ သွပ်ဝိဇ္ဖာ အစရှိသည်ဖြင့်ပေါ့လေ ။ 

     သူတို့ရဲ့ လုပ်ရပ်ကိစ္စများ မပြီးသေးမှီ သေဆုံးသွားကြတဲ့အခါ အာနိသင်ရှိနေတဲ့ နမ်ဓာတ်ဟာ မှီရာ တွယ်ရာ ရုပ်မရှိတော့ပဲ ဘယ်ကိုမှ ကူးပြောင်းမရဖြစ်နေပါတယ် ။ အဲဒီအချိန်မှာ သူတို့အတွက် အားဖြည့်ပေးရမှာတွေက ကုသိုလ်တရားဖြစ်ပါတယ် ။ 

       သူတို့ဟာ ရုပ်မရှိတဲ့အတွက် ကုသိုလ်ပြုခွင့် မရကြပါဘူး ။ ဒီတော့ သူတို့ ပူးကပ်လို့ အဆင်ပြေမယ့်သူကို ပူးကပ်ကြပါတော့တယ် ။ ပြီးတော့ အဲဒီလူကို ဗေဒင် ၊ အကြားအ​​မြင် အစရှိသ ည်ဟောခိုင်းတတ်သလို ဆေးကုခိုင်းတတ်ပါတယ် ။ 

      အဲလိုဟောပြော ကုသရာမှာ အခကြေးငွေ မယူပဲ သဒ္ဒါကြေးနဲ့ ကုသပေးရပါတယ် ။ ရတဲ့ငွေကို ကောင်းမှုပြုသင့်တာ ပြုရပါတယ် ။ ဒီလိုပြုလုပ်ဖို့လည်း သူယောင်က ညစဥ်လာရောက် သတိပေးခြိမ်းခြောက်နေလေ့ ရှိပါတယ် ။ 

       အံ့​သြစရာက အဲဒီအပူးခံရသူဟာ သီလ သမာဓိ ပညာ ပြည့်စုံဖို့ မလိုဖူး ။ အရက်သောက် ဖဲရိုက် မိန်းမပွေ ဘယ်လိုလူစားဖြစ်ဖြစ် သူယောင်က သူ့ကို ကုသိုလ် ဆက်ပေးမယ့်လူဆိုရင် ဝင်ပူးပြီး လူတွေကို ကူညီကြပါတယ် ။ အဓိကျတာက သူ့အတွက် ကုသိုလ်ပြုပေးဖို့ လုပ်ပေးရန်ဖြစ်ပါတယ် ။ 

       ဘာမှန်းမသိပဲ အကြားအမြင်တွေရလာတယ် ၊ ဆေးကုရင်လည်း ရေမန်းတမျိုးထဲနဲ့ ပျောက်တယ်ဆိုတာ နောက်ကွယ်က ဆေးဝိဇ္ဇာဖြစ်မယ့် သူယောင်က ကူညီနေတာပါ ။ 

      ကောင်းပြီ အပူးခံရသူဟာ တသက်လုံးစွမ်းရောလားလို့ မေးစရာရှိပါတယ် ။ ဟုတ်ကဲ့ မစွမ်းပါဘူး ဗျာ ။ သူ့ဖက်က သူယောင်ခိုင်းသလို မလုပ်ပဲ ဖောက်ပြန်ရင် ကယောင်ခြောက်ခြား စိတ်ဖောက်လာပါလိမ့်မယ် ။ ပရောဂဆရာတွေ ခေါ်ပြီးကုကြည့်လည်း တော်ရုံကုမရပါဘူး ။ 

     သာမန်ပညာရှင် မဟုတ်ပဲ သူယောင်က ဝင်ပူးနှောက်ယှက်နေရင် တော်ရုံပရောဂဆရာအဆင့် မျက်စေ့လည်ပြီး ကုသမရတော့ပါဘူး ။ 

      နောက်တချက်က သူယောင်အတွက် ခရီးဆက်ရန် လိုအပ်နေသော ကုသိုလ်စရိတ်ရပြီဆိုတာနဲ့ သူယောင်က မနေတော့ပါဘူး ။ ဒီတော့ အပူးခံရလို့ စွမ်းနေသူဟာ မူရင်းအရင်း ကျန်နေပြီး မစွမ်းတော့ပါဘူး ။ ခပ်တည်တည်နဲ့ အရှိန်အတိုင်း ဆက်လုပ်နေရင်း နာမည်ပြန်ပျက်လာကြရတာ သူယောင်ကြောင့်ပါ ပဲ ။ 

         ဒါတွေက ကိုရွှေတို့ အုပ်စုပြောနေတဲ့ အကြောင်းတွေပါ ၊ ကျနော်ကတော့ ဘာမှ မသိတဲ့ ဝေလေလေပါ ဗျာ 😁😁😁။

         အဲလို ပြောနေကြရင်း တကယ့်ဖြစ်ရပ် တကယ့်လူ အကြောင်း သက်သေတွေနဲ့ သိလာရပြန်ပါတယ် ။ အဲဒီပုဂ္ဂိုလ်ရဲ့ သားသမီးတွေ တပည့်တွေ အခုထိ ရှိနေကြပါသေးတယ် ။ 

       သူ့အကြောင်း ဂဃနဏ ပြောပြတာကတော့ သူ့ရဲ့ သားတပည့်အရင်း ဦးစိန်လှိုင်တဲ့ ။ ယခု အသက် ၇၇ နှစ် ရှိပြီဖြစ်ပါတယ် ။ မဆလခေတ်က မြို့နယ်ပါတီယူနစ် ကော်မတီဝင်ဖြစ်ပြီး ယခုထိ တစည ပါတီကိုပဲ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်ပါပဲ ။ ခေတ်ပညာတတ် ဆည်မြောင်း SAE ဦးစိန်လှိုင်ပြောပြတဲ့ သူ့ဆရာ ဦးသာပိုတဲ့ ။ 

           ဦးသာပိုဟာ ငယ်စဥ်က ရုတ်တရက် ပျောက်သွားရပါတယ် ။ သူ့ကို သေပြီလို့ ယူဆပြီး မိဘဆွေမျိုးတွေက ကောင်းမှုပြု အမျှဝေ ပေါ့ ထုံးစံအတိုင်း လုပ်ပေးကြပါတယ် ။ နောက် ၇ နှစ်အကြာမှာ ဦးသာပို တယောက် ဇာတိကို ပြန်ရောက်လာပါသတဲ့ ။

       သူ့ကို အင်းဝိဇ္ဇာတပါးက လာခေါ်သွားပြီး ပညာသင်ပေးကြောင်း နောက်ဆုံးအဆင့် မရောက်မှီ ဆရာများကို စော်ကားပြစ်မှားမိသော အတွေးဝင်လာမိလို့ အပြစ်ဒဏ်ချတဲ့ အနေနဲ့ ပြန်ခိုင်းလို့ ပြန်လာရကြောင်း ပြောပြပါတယ် ။ 

       ဦးသာပို အဖြစ်အပျက် အသေးစိတ်ကလည်း စိတ်ဝင်စားစရာပါပဲ ။ ၇ နှစ်ကြာ အင်းချပညာ သင်ကြားပြီးနောက် အင်းဝိဇ္ဇာအဆင့် တက်လှမ်းရန် နောက်ဆုံးအင်း ၃ ချပ် ပြာချ သောက်ရပါတယ် ။ ၃ ခွက်မြောက် သောက်ခါနီးမှာ လေထဲကို လူတထိုင်လောက် မြှောက်သွားတာ သိလိုက်တဲ့ ဦးသာပိုဟာ 
ငါ သိပ်စွမ်းနေပြီပဲ ငါ့ဆရာတောင် ငါ့လောက်စွမ်းရဲ့လား မသိဘူးလို့ တွေးမိသတဲ့ ။ 

      ချက်ခြင်းပဲ မြေပေါ် ပြန်ကျပြီး အင်းပြာခွက်လည်း မှောက်ကျသွားလို့ မသောက်လိုက်ရတော့ပါဘူး ။ ဆရာဖြစ်သူ ချက်ခြင်းရောက်လာပြီး

" အတော်မိုက်တဲ့ကောင်ပဲ မင်းအပြစ်နဲ့မင်း ခံပေတော့ ဒီဘဝမှာ မင်း ဝိဇ္ဇာ မဖြစ်တော့ဖူး ကဲ မင်းဇာတိပြန်ပြီး လူတွေကိုကယ် ကောင်းမှုတွေလုပ်ပေတော့ စည်းကမ်းတွေ မဖောက်နဲ့ ငါအကုန်သိနေတယ် ကြည့်နေမယ် ကဲ သွားတော့ ''

          ဦးသာပိုဟာ ဆရာကို ပြန်မပြောရဲပဲ ပျဥ်းမနား နောက်ကျောဖက်ရှိ ရွှေမြင်တင်တောင်ကြောပေါ်မှ တရွှေ့ရွှေ့ ဆင်းပြီး ပြန်လာပါတယ် ။ စိတ်ထဲမှာတော့ ဆရာက ငါ့ကို ခရီးစရိတ်လေးတောင် မပေးလိုက်ဖူးလို့ တွေးပြီး စိတ်အားငယ်စွာ ပြန်လာပါတယ် ။ 

       တောင်ပေါ် တောထဲက ရွာတရွာကို ရောက်တော့ သူ့ပညာအရ လေ့လာလိုက်တာ ရွာမှာ လူတက်လောက်က စုန်းတွေတဲ့ ၊ ကျန်တဲ့ သာမန်လူတဝက်လောက်ကလည်း နာမကျန်းဖြစ်နေကြသတဲ့ ။ 

     ကဲ ဆရာပြောသလို ငါကုသိုလ်ပြုမယ် ဆိုပြီး လူမမာရှိတဲ့ အိမ်ကိုဝင်ပြီး အခမဲ့ကုပေးမယ် ဆိုပြီး ပြောတော့ ဝမ်းသာအားရ လက်ခံပါတယ် ။ 

    လူနာရဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးပြီး တရွာလုံးဖိတ်တယ် ။ နေမကောင်းတဲ့သူတွေကို သီးသန့်ခွဲဧည့်ခံစေတယ် ။ ပြီးတာနဲ့ ဦးသာပိုက အိုးစည်တလုံးမှာ အင်းရေးဆွဲပြီး အိုးစည်ကို တီးပါသတဲ့ ။ စုန်းတွေမှန်သမျှ အိုးစည်တီးသံကြားတာ နဲ့ ကခုန်နေပါသတဲ့ ။ 

      မရပ်မနား တီးနေတော့ အမောဖောက်လာပြီး တောင်းပန်ကြပါတယ် ။ ဦးသာပိုကလည်း လူတွေကို ဒုက္ခပေးနေတဲ့ စုန်းပညာတွေကို နုတ်ယူချေဖျက်ပါတယ် ။ အသက် ၈၀ အရွယ် အဖွားကြီးတယောက်ကတော့ သူ့မှာ အဲဒီပညာ မရှိတော့ရင် အသတ်ခံရမှာဖြစ်လို့ သတ်ချင် သတ်သွား သူ့ပညာတော့ မပေးနိုင်ဖူး တင်းခံနေလို့ သစ္စာရေတိုက်ပြီး ထားခဲ့သတဲ့ ။ 

       ကျန်းမာရေးကောင်းလာတဲ့ သာမန်ရွာသူ ရွာသားတွေ ကျေးဇူးဆပ်ကြတာနဲ့ လုံလောက်တဲ့ ခရီးစရိတ်လည်း ရပြီဖြစ်ပါတယ် ။ 

         ဒီလိုနဲ့ တောင်ခြေတောထဲကနေ ထွက်လာတော့ ဦးသာပိုကို ရသေ့ကြီးတပါး လာစောင့်နေပါတယ် ။ 

"ခင်ဗျားက ဦးသာပိုလား ''

"ဟုတ်ပါတယ် ရသေ့ကြီးက ဘယ်သူလဲ ''

"ကျုပ်က မန္တလေးတောင်က ရသေ့ကြီး ဦးခန္တီပါပဲ ဦးသာပိုကို စောင့်နေတာပါ ''

"သြော် ဘာကိစ္စပါလိမ့် ''

"အကူညီတောင်းချင်လို့ပါ ပဲ ခင်ဗျားပဲ ကူညီနိုင်မှာ သိလို့ တမင်လာစောင့်နေတာပါ ''

"ပြောပါအုံး ရသေ့ကြီး ဘယ်လိုဖြစ်လာလို့လဲ ''

"ကျုပ်မန္တလေးတောင်မှာ သာသနာပြုနေတာကို နေရာလာလုတဲ့ ပညာသယ်က နှင်လွတ်လို့ ပြေးလာရတာ အဲဒါ ကူညီပါအုံး''

"နေပါအုံး ရသေ့ကြီးလည်း နည်းတဲ့ အစွမ်းအစရှိသူမှ မဟုတ်တာ ပြန်ခုခံပေါ့ ဗျာ ''

"မရဖူး ဗျ သူ့ပညာက အရမ်းကြီးနေတယ် ခင်ဗျားဆရာရဲ့ စထမုန်အင်း ပညာနဲ့ပဲ နိုင်အောင်ပြိုင်မှာ ဖြစ်တယ် ''

"အင်း ဘာသာ သာသနာ အတွက်ဆိုတော့ ကူညီရတာပေါ့ ဗျာ ကဲဒါဆိုလည်း သွားကြစို့ဗျာ ''

          ဦးသာပိုဟာ သျှောင်ထုံးခေါင်းပေါင်း နဲ့ မြန်မာပီသတဲ့ ဟန်ပန်နဲ့ တွေ့ရသလို ဒေါက်ချာကြီးနဲ့ ရသေ့ကြီးဦးခန္တီဟာလည်း ခန့်ညားလှပါတယ် ။ သူတို့ နှစ်ဦးသား မန္တလေးတောင်ဆီ အပြင်းသွားကြပါတယ် ။ 

         မန္တလေးတောင်ပေါ်မှာတော့ ဦးခန္တီကို နှင်ထုတ်နိုင်လိုက်တဲ့ ပညာသယ်ကြီးနဲ့ အဖွဲ့ဟာ အောင်ပွဲခံနေကြပါတယ် ။ အဆောက်အဦးဆောက်ဖို့ အတွက် ဧရာမကျွန်းတိုင်ကြီးတွေ တောင်ပေါ်ကို သယ်ယူပြီးပါပြီ ။ 

       တပည့်တပန်းတွေနဲ့ အောင်ပွဲခံနေတဲ့ ဦးခန္တီရဲ့ ရန်သူဆီက တပည့်ငယ်တဦးဟာ ကောင်းကင်ကြီးကို ကြည့်မိရင်း ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ ။ သူလက်ညှိုးထိုးပြလို့ လူတွေအားလုံး ကောင်းကင်ဆီကို ကြည့်လိုက်တော့ မဲမှောင်နေတဲ့ တိမ်ဆိုင်ခဲကြီးဟာ ဆင်နှာမောင်းသဏ္ဍန်နဲ့ တွန့်လိမ်ကွေးကောက်ပြီး ဝှေ့ကာဝှိက်ကာနဲ့ မန္တလေးတောင်ပေါ်ကို သက်ဆင်းလာပါပြီ ။ 

        ဦးခန္တီအားကိုးနေတဲ့ စထမုန်အင်းပညာ အစွမ်းပြပေပြီ ။ တောင်ထိပ်ပေါ်ရှိ အောင်ပွဲခံနေတဲ့ လူတွေအားလုံး ဆူညံပွက်လောရိုက်အောင် ကြောက်လန့်တကြီး အော်ဟစ်ပြေးလွှားနေကြရပါပြီ ။

       အစောဆုံး ကောင်းကင်ကြည့်မိတဲ့ လူငယ်လေးဟာ လေဆင်နှာမောင်းကြားကနေ ရသေ့ကြီး ဦခန္တီ နဲ့ အတူ သျှောင်ထုံးကြီးနဲ့ လူတဦးကို မြင်လိုက်ရတော့မှ ဒါဟာ ဦးခန္တီတို့ လက်ချက်ပဲလို့ သိလိုက်ရပါတယ် ။ 

      အဲဒီအချိန်မှာပဲ ဝှေ့ဝှိက်ဆင်းလာတဲ့ လေဆင်နှာမောင်းဟာ သူ့ပစ်မှတ်ဆီကို ကျရောက်သွားပါပြီ ။ သူ့ပစ်မှတ်ကတော့.........

( ဦးသာပိုဟာ ရန်ကုန်ရှိ မဂ္ဂီအရပ်မှာ နေထိုင်ခဲ့ပါတယ် ၊ သူသိုက်ထဲဝင်ပြီး လက်ဆောင်ယူခဲ့လို့ ပစ်ဒဏ်ခဲတဲ့ အနေနဲ့ ကိုးတောင်ပြည့် ဘုရားကို တယောက်တည်း တည်ခဲ့ရပါတယ် ၊ အဲဒီဘုရားကတော့ ယခု လှိုင်သာယာ တွံ့တေး ကားလမ်းမဘေးနားက မမျိုးစုရွာထိပ် မှာ တွေးနိုင်ပါတယ် ၊ သူ့သား ဦးသာဆိုင်ဆိုတာ ယခုထိ မမျိုးစုရွာမှာ သက်ရှိထင်ရှားနေထိုင်လျှက် ရှိပါတယ် ၊ အံ့သြဖွယ် ဖြစ်ရပ်မှန်တွေပါ များစွာကျန်ပါသေးတယ် ၊ဖြီးဖြန်းပြီး ကြားဖူးနားဝရေးတာ မဟုတ်ပါဘူး လေ့လာချင်သူများ အတွက် အချက်အလက် ပြောပြခြင်းဖြစ်ပါတယ်)

မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...