Thursday, September 5, 2024

စိတ်ကူး နဲ့ လက်တွေ့. ====================


                 တပ်မတော်ရဲ့ တန်ပြန်တိုက်စစ် နဲ့ ပတ်သက်ပြီး မယုံကြည်တဲ့သူတွေ ၊ တမြို့လောက် ပြန်သိမ်းပြပါဆိုတဲ့သူတွေ ၊ သံချပ်ကာတွေ တင့်တွေ အလှထားတာလား ဆိုတဲ့သူတွေ ၊ လေယာဥ်နဲ့ အပေါ်ကနေ ပစ်ချပါလား ဆိုသူတွေ အများအပြား တွေ့နေရလို့ ရေးပြချင်လာပြန်ပါတယ် ။

            ဟုတ်ကဲ့ ပထမဆုံး မြို့တမြို့ကို ပြန်သိမ်းပြပါ ဆိုတဲ့ အချက်ကို ပြောချင်တာက မြို့သိမ်းပြီးရင် ပြီးသွားတာ မဟုတ်ပါဘူး ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေပါ ထည့်သွင်းစဥ်းစားရပါတယ် ။

         နောက်ပြီး တမြို့ထဲ သိမ်းဖို့ ဆိုတဲ့ စစ်ရေးရည်မှန်းချက် မဟုတ်ပဲ တနယ်လုံး ပြန်သိမ်းရမယ့် ရည်ရွယ်ချက်မို့ မိမိဖက်က ပြည့်ဝတဲ့ အင်အား လုံလောက်တဲ့ ရိက္ခာ ခဲယမ်း လမ်းကြောင်းတွေကို အများကြီး တွက်ချက် ဖြည့်ဆီးရတဲ့အတွက် ရွာတရွာ ဒါးပြတိုက်ဖို့ သွားသလို ခုပြင် ခုတိုက်လို့ မရပါဘူးလို့ ပြောချင်ပါတယ် ။

            နောက်ပြီး သံချပ်ကာတွေ တင့်တွေ နဲ့ ဘာကြောင့် ဝင်မတိုက်တာလည်း ဆိုတာပါပဲ ။ ဟုတ်ကဲ့ သံချပ်ကာတို့ တင့်တို့ ဆိုတာ ကန့်သတ်ချက်နဲ့ တိုက်ရတာမျိုးပါ ။ အဲဒီ ယာဥ်တွေအတွက် အလွယ်တကူ ကွေ့ဖို့ တပတ်လည်ဖို့ အတွက် လမ်းအကျယ် ကန့်သတ်ချက် ရှိပါတယ် ။

           ကျဥ်းမြောင်းတဲ့ တောင်ပေါ်လမ်းတွေမှာ စစ်ကစားဖို့ မလွယ်ကူတဲ့ ယာဥ်အမျိုးအစားတွေ ဖြစ်ပါတယ် ။ မပြင်ဆင်ပဲ သွားတိုက်ရင် ရန်သူက ဒရော့ဗုံး နဲ့ ချေမှုံးခံရနိုင်တာကို ထည့်သွင်းစဥ်းစားရပါတယ် ။ ကိုယ့်ဖက်က ဂိုးသွင်းဖို့ချည်း ကြည့်မနေပါနဲ့ ခံစစ်အတွက်လည်း ပြင်ဆင်ကြရပါတယ် ။

            နောက် လေတပ်ကနေ ဗုံးကြဲ ဒုံးနဲ့ ပစ်ဖို့ ကိစ္စ ပြောချင်ပါတယ် ။ လေယာဥ်ပေါ်ကနေ အောက်က ပစ်မှတ်ကို အကဲကြည့်ရာမှာ မြေပြင်အခက်အခဲ နဲ့ ရာသီဥတု အခက်အခဲတွေ ရှိတတ်ပါတယ် ။ မြို့ပြတွေကို တိုက်ခိုက်ရာမှာ မရွေ့ပြောင်းနိုင်ခြင်း ၊ မြေပြင်အတားအဆီး မရှိခြင်းတို့ကြောင့် လွယ်ကူပါတယ် ။ ရာသီဥတု ကောင်းရင် နေ့ ည မရွေး တိုက်လို့ရပါတယ် ။

           သို့သော် တောတောင်အတွင်းရှိ ရန်သူများကို တိုက်ခိုက်ရာမှာတော့ မြေပြင်က သစ်ပင်တောအုပ်များက ကာကွယ်ပေးထားလို့ မျက်ကွယ် ဖြစ်နေရပါတယ် ။ ကျည်မကွယ်ပေမယ့် မျက်ကွယ်ဖြစ်နေလို့ မြေပြင် အကဲကြည့်မပါရင် မထိရောက်ပဲ ကျည်ဖြုန်း ဗုံးဖြုန်း ဖြစ်ရပါမယ် ။

           
              ဒါတွေကြောင့် ဗမာ့တပ်မတော် အနေနဲ့ အမြစ်ဖြတ်ရမယ့် ထိုးစစ်ကြီးမှန်သမျှကို မိုးရာသီကုန်ဆုံးချိန်မှာ စတင်ဆင်နွဲပြီး သစ်ပင် သစ်တောတို့ အရွက်ကြွေချိန် တပေါင်းတန်ခူးမှာ အပြတ်ရှင်း လက်စတုံးလေ့ရှိတာပါပဲ ။ ဒါတွေက လက်ရှိ ဗမာ့တပ်မတော်ရဲ့ နည်းပညာပိုင်ဆိုင်မှုအရ အခက်အခဲတွေ့ရနိုင်မယ့် ထိုးစစ်ဆင်ရမယ့်  ကာလ သတ်မှတ်ချက်ကို တွေးနိုင်အောင် တင်ပြရခြင်း ဖြစ်ပါတယ် ။

  
            ဒီထက်အဆင့်မြင့်တဲ့ တိုက်ခိုက်ရေးစစ်ပစ္စည်း လက်နက်များနဲ့ နည်းပညာများ ဖြည့်စွက်နိုင်ရင်တော့ ရာသီမရွေး ချေမှုံးရေးထိုးစစ်ကြီးများ ဆင်နွဲလာနိုင်မှာ ဖြစ်ပါတယ် ။    

               
              ကျနော်တို့ မြင်တွေ့ကြည့်ရှုနေကြရတဲ့ စစ်ကားရုပ်ရှင်တွေထဲကလို လေယာဥ်ပျံတွေ နဲ့ တဝုန်းဝုန်းဗုံးကြဲ ၊ တင့်တွေနဲ့ တဗြုံးဗြုံး တက်ဆော် ဆိုတာအားရစရာပေါ့လေ ။

          အဲလို တိုက်နိုင်ကြဖို့ အချိန်ရာသီ နဲ့ မြေအနေအထား တွေ လိုအပ်နေသေးတာကို ကျနော်တို့ နားလည်ထားကြမယ် ဆိုရင်တော့ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ သံသယတွေ လျှော့ပါးသွားပြီး စိတ်ချမ်းသာမှု တစုံတရာ ရရှိနိုင်မယ်လို့ ယူဆမိပါတယ် ။

          တိုင်းပြည်အရေးအတွက် ပူပန်နေကြရပါသော  ဖတ်ရှုသူ တပ်မတော်ချစ်သူအပေါင်းတို့ ရွှင်လန်းချမ်းမြေ့ အပမ်းပြေကြပါစေဗျာ ။

   
         ကိုရွှေမျိုးဝင်း

              

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...