Friday, September 13, 2024

ရာဇဂုဏ် တဲ့ ဗျာ. ==============

..... နှစ်ကူးလက်ဆောင် အဖြစ် ရေးခဲ့ဖူးတာလေး ပြန်တွေ့လို့ အမှတ်တရ ပြန်တင်ပါရစေ ဗျာ......


        ပြည်တွင်းပြဿနာ ( စစ်ရေး နိုင်ငံရေး ) များအတွက် ဝေဖန်နေကြတဲ့ အပေါ် ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုပြီး ဆွေးနွေးဖြစ်ကြပါတယ် ။  အဲဒီ ပြဿနာကတော့ ရာဇဂုဏ် ၈ ပါး နဲ့ အညီ ဖြေရှင်းမယ်ဆိုရင် အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်လို့ ဆွေးနွေးမိပါတယ်  ။

     သဘာဝ ကျမကျ ၊ မှန်လောက်၏ မမှန်လောက်၏ ဆိုတာနဲ့ လူငယ်လူရွယ်တို့ အတွက် ဗဟုသုတဖြစ်စေဖို့ ရာဇဂုဏ် ၈ ပါးကို ဖော်ပြပါရစေ သိနားလည်ပြီးသူ ပညာရှိများ သည်းခံပေးပါခင်ဗျား.....

ရာဇဂုဏ် ၈ ပါး
--------------

၁ ။ နှိပ်နင်း ချီးမြှောက်ခြင်း၌ သိကြားကဲ့သို့ ကျင့်ရာ၏ ။

(နှိပ်စက်ဖို့ လိုလာရင် ဝရဇိန်လက်နက်နဲ့ ရဲရဲတင်းတင်း နှိပ်ကွပ်သလို ချီးမြင့်ဖို့ဆိုရင်လည်း လက်မနှေးပါနဲ့တဲ့ )

၂ ။ အခွန်အတုတ် ဖြေးဖြေးဆောင်ယူခြင်း၌ နေကဲ့သို့ ကျင့်ရာ၏ ။

(အခွန်ကောက်ယူတဲ့နေရာမှာ သတ္တဝါတို့ အသက်ရှင်ရေးအတွက် အပူဓာတ်ပေးနေတဲ့ နေမင်းကဲ့သို့ မျှတတဲ့ အပူဓာတ်ပေးပြီး ကောက်ယူဖို့ ၊ လောဘတကြီး အခွန်နဲ့ မနှိပ်စက်ဖို့)

၃ ။ သူလျှိုဖြင့် အမှုမျိုးသိအောင်ပြုရာ၌ လေကဲ့သို့ ကျင့်ရာ၏ ။

(သူလျှိုကိစ္စ ဖော်ထုတ်ရာမှာ လေကဲ့သို့ လျှင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်တဲ့ ၊ အခုအနေအထားကတော့ ဘယ်သူ့ကို ယုံယုံကြည်ကြည်နဲ့ သတင်းပေးရမှန်းတောင် မသိအောင် ဖြစ်နေမှတော့......)

၄ ။ ချစ်သည် မုန်းသည်မရှိ ထုံးစံနှင့်အညီ အပြစ်ပေးခြင်း၌ ယမမင်းကဲ့သို့ ကျင့်ရာ၏ ။

(ကဲ ရေးထားတာ အလွန်ရှင်းပါတယ် အဲသလို လိုအပ်ပါက ရက်ရက်စက်စက် ယမမင်းကဲ့သို့  မကျင့်ရင် ရာဇဂုဏ်ပျက်တဲ့ မင်း ဖြစ်ပါတယ်တဲ့)

၅ ။ စည်းစိမ်ဥစ္စာ မတောင့်တခြင်း၌ မဟာသမုဒ္ဒရာကဲ့သို့ ကျင့်ရာ၏ ။

(လောဘ နည်းဖို့ကလည်း ရာဇဂုဏ်မှာ အရေးကြီးသတဲ့)

၆ ။ လူတကာမြင်လျှင် ရွှင်စေခြင်း၌ လပြည့်ဝန်းကဲ့သို့ ကျင့်ရာ၏ ။

(မင်းဧရာဇ်သည် ကိုယ့်မြင်တာနဲ့ ပြည်သူတွေ ဝမ်းသာကြရပါမယ်တဲ့ မြင်တာနဲ့ ဆန့်ကျင်သူရော ထောက်ခံသူရော ဆဲချင်နေရင် ရာဇဂုဏ် ပျက်သတဲ့)

၇ ။ ပြည်တိုင်းကား အမှုကို ကောင်းစွာဆောင်ခြင်း၌ မြေကြီးကဲ့သို့ ကျင့်ရာ၏ ။

(မင်း ဧကရာဇ်တို့သည် မိမိ တိုင်းပြည်အတွက် ကောင်းကျိုးဆောင်ရွက်ရာမှာ မည်သူဝေဖန်ရှုံ့ချမည်ကိုမျှ ထည့်သွင်းမစဥ်းစားပဲ တုန်လှုပ်ခြင်းကင်းသော မြေကြီးကဲ့သို့ ကျင့်ကြံမှာသာ ရာဇဂုဏ်နှင့် ပြည့်စုံပါမည်)

၈ ။ သူရဲသူခက်တို့အား မျိုးရိက္ခာဝေဖန်တော်မူခြင်း၌ ပဇ္ဇန်နတ်ကဲ့သို့ ကျင့်ရာ၏ ။

(ရာဇဂုဏ် ရှိတဲ့မင်းဆိုတာ မိမိရဲ့ သူရဲကောင်းစစ်သည်တွေကို လုံလောက်အောင် ထောက်ပံ့မှာသာ မင်းကောင်းမင်းမြတ်ဂုဏ်နဲ့ ထိုက်တန်ပါသတဲ့)

       ကဲ ဒီ ရာဇဂုဏ် ၈ ပါး နဲ့ အညီ အုပ်ချုပ်နိုင်မယ့် မင်းဧရာဇ် စစ်စစ်သာ အုပ်ချုပ်မယ်ဆိုရင် ကျုပ်တို့မြန်မာပြည် နေ့ခြင်းညခြင်း အေးချမ်းမယ်လို့ ရာနှုံးပြည့် ယုံကြည်ပါတယ် ဗျာ ။

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...