Monday, September 9, 2024

သတိထားရမယ့် အုပ်ချုပ်ရေး =========================



              ၈၈ တုန်းက ဖြစ်ခဲ့ကြရတဲ့ အရေးအခင်း နဲ့ ၂၀၂၁ မှ ယနေ့ထိ ဖြစ်နေရတဲ့ အရေးအခင်း တွေရဲ့ တရားခံကို အသေအချာ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေး ဆန့်ကျင်ဖက် အဖွဲ့အစည်းတွေပဲ မြင်တွေ့ကြရရုံမက အခြားအဖွဲ့လည်း ရှိနေပါတယ် ။

             ဘယ်အဖွဲ့ကြောင့် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေ စုစည်းမိကြသလဲ ဆိုရင်တော့ အစိုးရအုပ်ချုပ်ရေး ယန္တရား နဲ့ ပတ်သပ်တဲ့ မတရားမှုပြုသူတွေ နဲ့ မတရားမှုပြုနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကြောင့် ဆိုတာ သိနိုင်ပါတယ် ။ ဝန်ထမ်းကောင်းများအား မဆိုလိုပါဘူး ဗျာ ။

            အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်နေတာ အဆိုပါ ဝန်ထမ်းဆိုးများသာ ဖြစ်နေပါတယ် ။ ဒါကြောင့် အစိုးရအနေနဲ့ အမိန့် ညွှန်ကြားချက်များအား ထုတ်ပြန်ရာမှာ တိကျတဲ့ အမိန့်ဖြစ်ဖို့ အရေးကြီးပါတယ် ။

           ယခုဆိုရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဆင့်ခေါ်ချက်တွေအပေါ် တပ်ချုပ်ကြီးက ဥပဒေနဲ့အညီ ဆောက်ရွက်ခိုင်းတယ် ။ အဖွဲ့ရဲ့ ထိပ်ဆုံးက ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလည်း ထပ်ဆင့် ညွှန်ကြားပါတယ် ။

         သို့သော် အောက်ခြေမှာက ရပ်ကျေး အုပ်ကြီးတွေ မြို့နယ် ထွေအုပ်တွေ နဲ့ ခရိုင် တိုင်း အဆင့်ထိ အသီးသီး ဝေစားမျှစား လုပ်နေကြသည့်နှယ် မတော်မတရား ပြုကျင့်နေကြတာ လူကြားမကောင်းပါဘူး ။

             
             ဒီလိုဖြစ်နေတာကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မသိဘူးလား.... ? သိအောင်ကော ပြန်မကြည့်ဘူးလား..... ? မေးကြရပါ့မယ် ။

         အကယ်၍ မသိဘူးဆိုရင်တော့ လူကြီးမင်း တာဝန်မကျေပါဘူး ၊ မလုပ်နိုင်လျှင် စောစီးစွာ အထက်သို့တင်ပြပြီး  အခြားသူတဦးဦးကိုသာ တာဝန်လွဲပေးစေလိုပါတယ် ။

            သိတယ်ကွ ဆိုရင်လည်း ပြဿနာကို နေ့ခြင်း ညခြင်း ဖြေရှင်းပေးဖို့ လိုနေပါပြီ ။ အောက်ခြေက မဟုတ်တာလုပ်နေတာကို သိပါလျှက်နဲ့ ပစ်ထားရင်လည်း တာဝန်မကျေတာပါပဲ ။

        အထက်က ပြောခဲ့တဲ့ အရေးအခင်းတွေ ဖြစ်လာစေဖို့ လောင်စာတွေက ရပ်ကျေးကနေ စပြီး အုပ်ချုပ်ရေးပိုင်းက ဥပဒေအကြောင်းပြုပြီး မတော်မတရား ပြုမူခဲ့ကြလို့ စတင်ခဲ့ရတာ သင်ခန်းစာ ယူနိုင်ကြပါစေ ။

          
           နောက်ထပ် အမည်ဆိုးကတော့ ယာဥ်ထိန်းတွေ ဖြစ်ပါတယ် ။ လမ်းစည်း ယာဥ်စည်းကမ်းတွေ အတွက် ဆောင်ရွက်ကြရပါတယ် ။ ယခုဆိုရင် တောကြို အုံကြားမှ မြို့ကြီးများဆီသို့ စစ်ဘေးရှောင်ရင်း ရောက်လာသူတွေ မနည်းလှပါဘူး ။

         
               မြို့ပြ စည်းကမ်းတွေနဲ့ မရင်းနှီးသူတွေအပေါ် ဥပဒေဗန်းပြ လုပ်စားနေကြတာ လူကြားမကောင်း များနေပါပြီ ။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ယနေ့ အချိန်အခါသည်ကား အစိုးရအနေနဲ့ မိမိတာဝန်ကို မိမိမကျေပွန်ခဲ့တဲ့အတွက် ပြည်သူတွေ ဒုက္ခပေါင်းစုံရောက်စေခဲ့ရတဲ့ ကာလဖြစ်နေတာကို ရဲရဲတင်းတင်း သိထားဖို့ လိုပါတယ် ။

           မိမိအားနည်းချက်ကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ စိတ်ဒုက္ခရောက်အောင် အကြပ်ကိုင် ငွေညှစ်နေတာ အစိုးရအတွက် ရှက်စရာကောင်းလှပါတယ် ။

          ငွေရတော့ ယာဥ်ထိမ်း နဲ့ သူ့အထက်က ဝေစားမျှစာ အရာရှိဆိုး အချို့ ပါ ။ ပြည်သူစောက်မြင်ကပ်တော့ နစက ဖြစ်နေတာလည်း အမှန်တရားပါပဲ ။

           ဒါကြောင့် ယခုကာလမှာ အန္တရာယ်နည်းပါးတဲ့ ယာဥ်စည်းကမ်းအချို့ကို ဖြေလျှော့ထားပြီး မသိဟန်ဆောင်နေကြတာ အဆင်ပြေမယ်ထင်ပါတယ် ။ နယ်တွေက သူခိုးဒမြ သူပုန်နဲ့ ပဒက်တွေရဲ့ သေနတ်ကြောက်လို့ နစက လက်အောက် ပြေးလာပါတယ် နစကတပည့် ဝန်ထမ်းတွေက စက္ကူ နဲ့ ဘောပင်ပြပြီး ဒါးပြထပ်တိုက်နေတာတော့ မကောင်းဘူးလို့ ယူဆပါတယ် ။

          အားလုံးကို ထိမ်းချုပ်ဖို့ကတော့ နစကရဲ့ တာဝန်ပဲဖြစ်ပါတယ် ။ သား သမီး မကောင်း မိဘခေါင်း လို့ ဆိုသကိုးဗျ ။ မြွေပူရာ ကင်းမှောင့် ဆိုသလို အပူသည်ကို ရေနွေးထပ်လောင်းနေတဲ့ ဝန်ထမ်းဆိုးများကိုလည်း ပေါင် ၅၀၀ ဗုံးကြဲသလို ရှင်းထုတ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ် ဗျာ ။

မှတ်ချက် ။        ။ ဝန်ထမ်းဆိုးတွေ နေရာကို ဖြူစင်တဲ့ အလုပ်လက်မဲ့ ဘွဲ့ရပညာတတ်တွေ အစားမထိုးတတ်အောင် ညံ့ဖျင်းနေပြီလားလည်း မေးခွန်းထုတ်လိုက်ချင်ပါရဲ့ ဗျာ ။

          ကိုရွှေမျိုးဝင်း

ဒီလို ခြောက်တိုင်းသာ ကြောက်နေရရင်တော့ ဒီတိုင်းပြည် လပြွတ်မှ ကောင်းမလာဘူး........

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...