Sunday, September 5, 2021

သတင်းပေး နဲ့ ကျနော့်ညစ်ကွက်



          1990 မှာ ဆယ်တန်းအောင်တော့ စာအုပ်အငှားဆိုင်လေး ဖွင့်ခဲ့တယ် ။ ထောက်လှမ်းရေးခေတ်မှာ ထောက်လှမ်းရေး ရဲဘော်တွေ နဲ့ ရင်းနှီးခဲ့ရတာ ဆရာကြီးဦးအောင်သင်းရဲ့ စာအုပ်ကို ရှိသမျှ လိုက်ဝယ်ပေးရင်း ပေါ့ ။ 

         အဲဒီနောက် ကျောင်းပြီးတော့ တည်းခိုခန်းက မန်နေဂျာသူငယ်ချင်းဆီ သွားလည်ရင်း ပိုင်ရှင်နဲ့လည်းရင်းနှီးလာပါတယ် ၊ သူငယ်ချင်းက အလုပ်ပြောင်းသွားတော့ မန်နေဂျာမရှိသေးလို့ ခဏ လုပ်ပေးပါအုံး ဆိုပြီး ပိုင်ရှင်က တောင်းဆိုလို့ ယာယီ လုပ်ဖြစ်ပါတယ် ။ 

     လခ က ၂၁၀၀ ရပါတယ် ။ အမှန်က တည်းခိုခန်း ပိုင်ရှင်က သူဌေးပါ နာမည်ကြီး မုန့်တိုက်ပိုင်ရှင် ၊ မုန့်တိုက်နဲ့ တည်းခိုခန်း ကလည်း တိုက်တလုံးပဲ ခြားပါတယ် ။ 

      ပိုင်ရှင်ဖြစ်သူက အရက်အလွန်သောက်တယ် ၊ သူ့မိန်းမက အရက်ဖိုးနဲ့ သူသုံးဖို့ တည်ခိုခန်း ဖွင့်ပေးထားတာ ။ ပြောချင်တာက စီးပွားရေး မဆန်ဖူး ၊ ဥပဒေနဲ့အညီပဲ လက်ခံတယ် ၊ ဖာမထားဘူး ၊ လောင်းကစား မလုပ်ဘူး အလွန်သန့်တဲ့ တည်းခိုခန်းပါ ။

       တနေ့ နေကာမျက်မှန် နဲ့ ဆိုက်ဂိုက်အပြည့် လူတယောက်ရောက်လာပါတယ် ။ သူလာတည်းမယ် ရမလားတဲ့ ။ ကျနော်ကြည့်လိုက်တော့ ထောက်လှမ်းရေး သတင်းပေး တယောက် ။ ကျနော်လည်း မြို့ဂျပိုးပဲ သူ့ကို သိတယ် ။ ဒါပေမယ့် မသိဟန်ဆောင်ပြီး မှတ်ပုံတင်ပါရင် ရမယ် မပါရင် မရဘူး ဆိုတော့ ပါတယ် တဲ့ ပြန်လာမယ်ဆိုပြီး ထွက်သွားတယ် ။ 

       ခဏနေတော့ မိန်းမတယောက်နဲ့ ပြန်လာတယ် ။ သူ့မှတ်ပုံတင်ပေးတယ် အမျိုးသမီး မှတ်ပုံတင် မပါဘူး ။ မရဘူး ဆိုတော့

" မင်း ငါ့ သိလား ''

"မသိဘူး လေ ''

"ဟ ငါက ထောက်လှမ်းရေးကကွ ငါ့တောင်မသိဘူးလား အတော်ညံ့တာပဲ ''

"သြော် ခင်ဗျားက ဗိုလ်ချုပ်ခင်ညွှန့် မို့ သိရမှာလား ဗျ မသိဘူး ထောက်လှမ်းရေး မကလို့ ထောက်လှမ်းရေးဘိုးတော်လည်း မှတ်ပုံတင် မပါရင် လက်မခံနိုင်ဘူး တခြားသွားဗျာ ''

"မင်း မန်နေဂျာဆိုရင် ပိုင်ရှင်ကို ဖုန်းဆက်လိုက် ကွာ ''

"ရ တယ် ခဏစောင့် ''

          ကျနော်လည်း ပိုင်ရှင်နေတဲ့ မုန့်တိုက်ပြေးပြီး အမကြီး ထောက်လှမ်းရေးယောင်ဆောင်ပြီး ဖာသည်ခေါ်လာတဲ့ လူတယောက်က လက်မခံလို့ ပြဿနာရှာတယ် လိုက်ရှင်းအုံး လို့ ပြောလိုက်တယ် ။ 

     ဟိုက သမီးနှစ်ယောက် မွေးထားတဲ့ သူဌေးမ ဒါမျိုး အလွန်ရွံတာလေ ။ ထမီခါးတောင်းကျိုက် လိုက်လာပြီး ဘယ်ကောင်လည်း ငါ့တည်းခိုခန်း ဖာသည်ခေါ်လာတာ မအေပေး မင်းကို ဖမ်းပြီး စစ်တပ်ပို့မယ် ဘာညာ နဲ့ အော်ကြီး ဟစ်ကျယ် ဖိုက်လိုက်တာ ပြေးပါရောလား ။ 

        ဒီသတင်းပေးက မှတ်ထားတာဗျ ။ တည်းခိုခန်းကို ဒုက္ခပေးဖို့ ချောင်းနေတာ ။ တနေ့ ဆိုကရေးတီး ပြိုင်ပွဲ အတွက် မြို့ကိုယ်စားပြု ပြိုင်ရမယ့်ပွဲမှာ မြို့ခံစောင်းသမား မရှိလို့ ကျောက်ပတောင်းက စောင်းသမားတွေ ခေါ်လာရပါတယ် ။ 

        အဲဒီအချိန်က တည်းခိုခန်း ကလည်း သန့်သန့်ပြန့်ပြန့် ဆိုလို့ ကျနော်တို့ တည်းခိုခန်းပဲ ရှိပါတယ် ။ လောင်းကစားမရှိ ၊ ဖာမရှိတာကို ပြောတာပါ ။ ရင်းနှီးနေတဲ့  ခဝတ စာရေးကြီးက အဲဒီ စောင်းဆရာ နှစ်ယောက် လာထားပါတယ် ၊ မှတ်ပုံတင် မပါဘူးတဲ့ ။ 

       ဖမ်းစရာရှိ ခင်ဗျားတို့က ဖမ်းမှာလေ ကိုယ့်ဘာသာ တာဝန်ယူနိုင်ရင် ထားခဲ့ပါ ဆိုတော့ ရပါတယ် အရေးကြောင်းရှိရင် ဖုန်းဆက်လိုက် တဲ့ ။ 

         တည်းခိုခန်းရှေ့က ထမင်းဆိုင်လေးမှာ ထောက်လှမ်းရေး သတင်းပေး နဲ့ ကျနော့်တည့်ခိုခန်း ပိုင်ရှင်တို့ အတူ ရှိနေတုန်း ကျနော်က ပိုင်ရှင်ကို မှတ်ပုံတင်မပါတဲ့ နှစ်ယောက် အခုရောက်နေတယ် လာမေးအုံး ဆိုပြီး ခေါ်လာတယ် ။ 

        ထင်တဲ့အတိုင်းပဲ ည ရောက်တော့ သတင်းပေး နဲ့ အတူ ရဲ သုံးယောက် ဧည့်စာရင်းစစ်မယ်ဆိုပြီး ရောက်လာပါတယ် ။ အခန်း ၁၀၈ မှာ မှတ်ပုံတင်မပါတဲ့ နှစ်ယောက် ရှိတယ် ကိုယ့်ဘာသာ သွားမေး ဆိုပြီး အပေါ်ထပ် လွှတ်လိုက်ပါတယ် ။ 

     သူတို့ အပေါ်တက်သွားမှ ခဝတ ရုံးကို သတင်းပို့လိုက်ပါတယ် ။ ချက်ခြင်းပဲ ခရိုင်ရဲမင်းကြီး နဲ့ ခဝတ စာရေးကြီး ရောက်လာတယ် ။ အပေါ်မှာ ခင်ဗျားတို့ ဧည့်သည်တွေကို မူးပြီး ရစ်နေကြတယ် သွားရှင်းအုံး ဆိုတော့ အပေါ်ထပ် လိုက်သွားပါတယ် ။ 

      ခဏနေတော့ ဆဲ ဆိုပြီး အောက်ဆင်းလာပါတယ် ။ ရဲ တွေကတော့ ကုပ်ကုပ်လေး ပါလာပြီး သတင်းပေးကို တော့ ထောက်လှမ်းရေးရုံး လှမ်းခေါ်ပြီး တိုင်သွားပါတယ် ။ 

      နောက်တော့ အဲဒီ သတင်းပေးကို ထောက်လှမ်းရေးက မသုံးတော့ပါဘူး ။ တချိန်တုန်းက ကျနော်ကြုံခဲ့ဖူးတဲ့ သတင်းပေး နဲ့ တွေ့ခဲ့ရပုံလေးပါ ပဲ ။ 

       တည်းခိုခန်းပိုင်ရှင်ရဲ့ သားကြီးက အခုဆို ကျနော်တို့မြို့ရဲ့ နာမည်ကျော် ဝရမ်းပြေး အမတ်ကြီး ဖြစ်နေလေရဲ့ ၊ သူနဲ့ ရင်းနှီးခဲ့ရတဲ့ အကြောင်းတွေ ရေးချင်ပေမယ့် ကိုယ့်လို ပမွှားကိုတော့ သူသိတော့မယ် မထင်ပါဘူး ဗျာ ။

         ကိုရွှေမျိုးဝင်း

(တချို့ ဒုက္ခတွေက ပညာ ပါတော့ ခံရမှန်း မသိ ခံကြရတာ ဗျ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...