Thursday, September 2, 2021

သင်ဇာ ဒန်ပေါက်



        ဒီနေ့ နေ့လည်စာ စားခါနီး ဟင်းတချက် ရှိုးလိုက်တော့ ကြက်ဥ တဲ့ ။ အင်း မဟန်ဖူး စားချင်တာက သူ့အမေကို စားချင်တာလေ ။ မိန်းမ မျက်နှာကြည့်ပြီး အကဲခတ်နေတုန်း ကိုကြီးစိုးတယောက် ပျာပျာ ပျာပျာ နဲ့ ရောက်လာပြီး......

 "ဟေ့ ကောင် စားပြီးပြီလား အရေးကြီး ပြောစရာရှိလို့ လဖက်ရည်ဆိုင် သွားကြစို့ ''

"မစားရသေးဖူး ကြက်ဥဆိုတော့ စိတ်မပါလို့ သူ့အမေဆို တော်သေး ''

"လခွမ်း လာစမ်းပါကွာ နောက်မှစား အရေးကြီးတယ်... ''

      အတင်းခေါ်တာ နဲ့ လက်ဖက်ရည်ဆိုင် ပါသွားရပါတယ် ။ ဆိုင်ထဲရောက်တာ နဲ့....

"ဟေ့ကောင် ငါ ကွာ ပုတီးသမား ဘိုးတော်ကြီး နဲ့ စကားပြိုင်ငြင်းလာတာ ပြန်မပြောတတ်လို့ မင်းဆီ လာမေးတာကွ ''

"ဟာဗျာ ဘုရားကြောင်း တရားကြောင်း ဆို ကျုပ်က ဘာမှ သိတာမဟုတ်ဖူး နော်.. ''

"ဘုရားကြောင်း တရားကြောင်း မဟုတ်ဖူး ဟေ့ ပြောရရင်တော့ ရှက်စရာ မိန်းမအကြောင်း နဲ့ ပတ်သက်ပြီး ငြင်းလာရတာ ''

"ခင်ဗျား ဗျာ ဒီအရွယ်ကြီးကြမှ ဘာတွေ ငြင်းနေတာလဲ ''

"မနေ့က သင်ဇာတင်တဲ့ ပို့စ် မှာ တရားစွဲမယ်ဆိုတဲ့ အကြောင်း ပြောကြရင်းကနေ ငါက သူ့အနုပညာ သူလုပ်နေတာ မသေချာပဲ အပုပ်မချသင့်ကြောင်း ပြောလို့ တဲ့ကွာ အဲဒီက စပြီး ငြင်းကြရတာပဲ ''

"သြော် ဘာတွေငြင်းကြတာလဲ ''

"တိုတိုပြောရရင်တော့ ဘုရားတရားလုပ်နေတဲ့ သူလိုပုတီးသမားက ငါတို့လို လူတွေထက် တဏှာရာဂ နည်းတယ်ပေါ့ ကွာ''

"ဟာ...ဒါလေးများ လွယ်လွယ်လေးပါ ဗျာ ''

"အေး  လုပ်စမ်းပါအုံး ဘယ်လိုပြန်ပြောရမလဲ ''

"နေအုံးဗျာ ဗိုက်ဆာလာပြီ ထမင်းပြန်စားအုံးမယ် ''

"ဟာ ဒီကောင် ညစ်ပတ်ပြန်ပြီ ကြက်ဥနဲ့မို့ မစားချင်ဘူး ဆိုပြီး ထွက်လာကာမှ...... ''

"အေးလေ အခု မစားချင်လည်း စားရမှာပဲ အစာအိမ်ရှိတယ် ဗျ ''

"တော်  တော်  ငမျိုး လူတိုင်းအစာအိမ်ရှိတယ် မင်း အကြောင်း သိပြီးသား ဟေ့ကောင် ရှေ့ဆိုင်က ကြက်သားဒန်ပေါက် တပွဲ လှမ်းမှာ စားကွာ အတော်ဥာဏ်များတဲ့ ကောင် ''

"ဟဲ ဟဲ ဒါဆိုမဆိုးပါဘူး လေ စားပြီးပြောမယ် ''

        ကိုင်း ဒီတခါတော့ ပုံပြင်တပုဒ် ဒန်ပေါက်တပွဲ တန်ပါ့ဗျာ ။ ကုန်အောင်စားပြီးတာ နဲ့ ရေတောင် လည်ချောင်းထဲ အစအဆုံး မကျသေးဘူး.....

"ဟေ့ ကောင် လုပ်ကွာ ငါစိတ်မရှည်တော့ဖူး ''

"အေးပါ ဗျာ.... ဒီလိုဗျ တခါတုန်းက ညီအမ နှစ်ယောက်ရှိသတဲ့ အရွယ်မတိမ်းမယိမ်းတွေ ဆိုတော့ အိမ်ထောင်ကျတော့လည်း ရှေ့ဆင့် နောက်ဆင့် အိမ်ထောင်ကျ ကြတာပေါ့ ''

"အင်း ဟုတ်ပြီ ''

"ညီမက အရက်သမား နဲ့ ရသွားပြီး အမကတော့ ပုတီးသမား နဲ့ ညားသတဲ့ ''

"အေး ပုတီးဆရာ ပါလာပြီဟေ့ ''

"ဒီလိုနဲ့ ညီအမ နှစ်ယောက် ကွဲသွားပြီး ၅ နှစ်လောက် ကြာမှ ပြန်ဆုံကြသတဲ့ ''

"အေး ဒီတော့ ''

"ညီမကတော့ ပုံမှန်အနေအထားပါပဲ အမကတော့ ငါးနှစ် အတွင်း ချုံးချုံးကျသွားတာ တွေ့ရတယ်''

"သြော် ပုတီးသမား မိန်းမက ဘယ်နှယ့်ချုံးချုံးကျ...... ''

"သူတို့ ညီအမ စကားစမြီ ပြောကြရင်း လင်တွေ အကြောင်း ရောက်သွားပါရော... ''

"အေးပေါ့ ပြောကြမှာပေါ့... ''

"ညီမဖြစ်သူက အမရယ် အရက်သမားနဲ့ ညားတာ မဟန်ပါဖူး တော် မူးရူးလာရင် အင်မတန် ဆိုးတာပဲ ဟိုကိစ္စဆို ပိုဆိုးတယ် အတော် သည်းခံရတယ် အမရယ် အမကတော့ ပုတီးသမားဆိုတော့ အဲဒီကိစ္စ သက်သာမှာ ပဲနော် တဲ့''

"ဘယ် ကိစ္စလည်း ဟ.... ''

"လုပ်ပြီ ဖတ်တဲ့သူသိတယ်..... ဒါနဲ့ အမကလည်း သူ့ညီမပြောတဲ့ ကိစ္စကို သဘောပေါက်တော့ ပြန်ပြောတယ် ဗျ ''

"ဘာကိစ္စလည်း ဟ......''

"နားထောင်အုံး ပြီးရင် သိလိမ့်မယ်....... ညီမလေးရယ် ညည်းပြောတဲ့ ကိစ္စကတော့ ညည်းလင်ကမှ အမူးလွန်လာရင် သူ့ဖာသာမှောက်သွားပြီး တညတလေ ညည်းသက်သာလိမ့်အုံးမယ် ငါ့လင် ပုတီးသမားကြီးကတော့ ညတိုင်း ဘုရားရှိခိုးပြီး အမျှဝေ ကြေးစည်ထုပြီးတာ နဲ့ ကြေးစည် လည်တာ ဆယ်ပတ်မပြည့်သေးဖူး မိန်းမရေ ဆိုပြီး ပုဆိုးလေးမ ပြီး ခြင်ထောင်ထဲ တန်းဝင်လာတာပါပဲအေ တညမှ မလွတ်ဖူးဟဲ့ ငါ ငါးနှစ်နဲ့ ချုံးချုံးကျသွားတာ ပုတီးသမား ဒင်းလက်ချက် ဟဲ့ တဲ့ ''

"သြော်  ပေါက်ပြီဟေ့ ဘာကိစ္စဆိုတာ အေးဟ ဟုတ်ပြီ ဒီတခါ ပုတီးသမားနဲ့ တွေ့ရင် သင်ဇာအကြောင်း ပြန်စပြီး ဒင်းကို ဒီပုံပြင် နဲ့ နှိပ်ကွပ်ရမယ် ဟေ့ ''

"ချ  ချ  ဒီတခါတော့ ခင်ဗျာ ဝယ်ကျွေးတဲ့ သင်ဇာဒန်ပေါက်က အလွန်ကောင်းပဲ ''

"ဟကောင် ကြက်သားဒန်ပေါက် လုပ်ပါဟ ''

"ဟုတ်ဖူး သင်ဇာကြောင့် စားရတဲ့ ဒန်ပေါက်မို့ သင်ဇာဒန်ပေါက် ''

"အမယ် ပုတီးသမားက လူပျိုကြီး အပျိုကြီးတွေ မကောင်းပြောသေးတယ် ဗျာ အဲဒါ လုပ်အုံး ဟ ''

"နေအုံး ကျနော် လူပျိုကြီး အပျိုကြီးတွေ အကြောင်း ဂုဏ်ပြုထားတဲ့ ကာတွန်း ရှိတယ် ခင်ဗျား Messenger ထဲ ပြန်ရောက်မှ ပို့ပေးမယ် ''

"OK. ပြန်ကြစို့ကွာ ''

 (စိတ်ညစ်စရာများနေသလားလို့ အပျင်းပြေ ပုတီးဆရာကြီးတွေကို စနောက်မိတာ ခွင့်လွှတ်ကြပါဗျာ 😁😁😁😁)

            ကိုရွှေမျိုးဝင်း

(ကိုကြီးစိုးထံ ပေးပို့လိုက်သော အပျိုကြီး နဲ့ လူပျိုကြီးတို့ ဘဝ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...